မဲစာရင်းအား ပြည်သူများကြည့်ရှုနိုင်ရန် ရန်ကုန်တိုင်းဒေသကြီး မြို့နယ် ၁၀ ခုရှိ ရပ်ကွက်ကော်မရှင် အဖွဲ့ခွဲရုံးများတွင် ယနေ့မှစ၍ ၁၄ ရက်တိတိ ကြေညာထားမည်

မဲစာရင်းအား ပြည်သူများကြည့်ရှုနိုင်ရန် ရန်ကုန်တိုင်းဒေသကြီး မြို့နယ် ၁၀ ခုရှိ ရပ်ကွက်ကော်မရှင် အဖွဲ့ခွဲရုံးများတွင် ယနေ့မှစ၍ ၁၄ ရက်တိတိ ကြေညာထားမည်
Published 29 March 2015
ကျော်ဇင်ဝင်း

အခြေခံမဲဆန္ဒရှင် စာရင်းများအား ပြည်သူများ ကြည့်ရှုနိုင်ရန် ရန်ကုန်တိုင်းဒေသကြီး မြို့နယ် ၁ဝ ခုရှိ ရပ်ကွက်ကော်မရှင် အဖွဲ့ခွဲရုံးများတွင် မတ် ၃ဝ ရက် (ယနေ့) မှ ဧပြီ ၁၂ ရက်အထိ ၁၄ ရက်တိတိ ကြေညာထားမည်ဖြစ်သည်။အဆိုပါ ကြေညာထားမည့် မြို့နယ်များမှာ ဆိပ်ကမ်းမြို့နယ်၊ ဒဂုံမြို့နယ်၊ လသာမြို့နယ်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်၊ ကျောက်တံတားမြို့နယ်၊ လမ်းမတော်မြို့နယ်၊ ဗိုလ်တထောင်မြို့နယ်၊ ပုဇွန်တောင်မြို့နယ်၊ ဒေါပုံမြို့နယ်နှင့် ကမာရွတ်မြို့နယ်တို့ ဖြစ်သည်။မဲစာရင်း ကြေညာထားချိန်၌ ပြည်သူများအနေဖြင့် သွားရောက်ကြည့်ရှုရာတွင် မိမိအမည် မပါဝင်ပါက ပုံစံ (၃) ဖြင့် လျှောက်ထားရမည်ဖြစ်ပြီး အချက်အလက်များ မှားနေလျှင် ပုံစံ(၄) ဖြင့် လျှောက်ထားရမည်ဖြစ်ကာ မဲစာရင်းတွင် မပါဝင်သင့်သူများ ဥပမာအားဖြင့် ကွယ်လွန်ပြီးသူများ၊ ထောင်ကျနေသူများ ပါဝင်နေပါက ပုံစံ(၄)ဖြင့် ကန့်ကွက်နိုင်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က ထုတ်ပြန်ထားသည်။သို့ရာတွင် ခေတ္တလာရောက် နေထိုင်သူများ(ဥပမာ အခြားမြို့နယ်တွင် သန်းခေါင်စာရင်းရှိပြီး လက်ရှိမြို့နယ်တွင် ဧည့်စာရင်းဖြင့် နေထိုင်သူများ)၏ အမည်များသည် မိမိတို့ အမြဲတမ်းနေထိုင်သည့် မြို့နယ်မှ မဲစာရင်းတွင်သာ ပါဝင်မည် ဖြစ်သည်။သို့ဖြစ်၍ ပြည်သူများအနေဖြင့် မိမိမူလ သန်းခေါင်စာရင်း ရှိနေသည့် မြို့နယ်တွင် မဲစာရင်းကပ်ထားပါက မိမိအမည်စာရင်း ပါ၊ မပါ သွားရောက်ကြည့်ရှုရန် လိုအပ်မည်ဖြစ်သည်။ရွေးကောက်ပွဲ ကာလတွင် မဲစာရင်းအမည်ပေါက်ရှိသည့် နေရာတွင် မဲပေးရမည် ဖြစ်သော်လည်း အခြားဒေသတွင် ရောက်ရှိနေ၍ (ဥပမာ အိမ်ငှားနေထိုင်နေခြင်း၊ လုပ်ငန်းဖြင့် သွားရောက်နေထိုင်ခြင်း) မဲပေးလိုပါက အဆိုပါဒေသတွင် ရွေးကောက်ပွဲကျင်းပမည့်ရက် မတိုင်မီ ရက်ပေါင်း ၁၈ဝ အခြေချနေထိုင်၍ လျှောက်ထားမှသာ မဲပေးခွင့်ရှိမည်ဖြစ်သည်။“လူတိုင်းလူတိုင်း မဲစာရင်းထဲမှာ ပါ၊ မပါကို ကြည့်ရှုစေချင်ပါတယ်။ ပြည်သူတိုင်းသည် ကိုယ့်ရဲ့ အခွင့်အရေးဖြစ်တဲ့ မဲပေးပိုင်ခွင့် မဆုံးရှုံးရအောင် အားလုံးမဲပေးစေချင်ပါတယ်။ မဲဆန္ဒပေးတဲ့ ရွေးကောက်ပွဲရဲ့ ဖြစ်စဉ်ကြီးကိုလည်း အားလုံး ပြည်သူတိုင်းသည် လေ့လာစောင့်ကြည့်တဲ့သူတွေ ဖြစ်စေချင်ပါတယ်။ အဲဒါဆိုရင် အင်မတန်ကောင်းမွန်တဲ့ ရွေးကောက်ပွဲကြီး ဖြစ်သွားပါလိမ့်မယ်” ဟု ရွေးကောက်ပွဲ အသိပညာပေး အဖွဲ့တစ်ခုဖြစ်သည့် New Myanmar Foundation အဖွဲ့စီမံကိန်းမန်နေဂျာ ဦးသန့်ဇင်က ပြောကြားသည်။ထို့ပြင် အဆိုပါမြို့နယ် ၁ဝ ခု၌ မတ် ၁၆ ရက်မှ ၂၆ ရက်အထိ အရပ်ဘက်အဖွဲ့အစည်း စုစုပေါင်းကိုးဖွဲ့မှ မဲစာရင်းသွားရောက်ကြည့်ရှုရန် အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ပြီး မဲစာရင်းကြေညာထားမည့် ရက်များတွင်လည်း ရပ်ကွက်ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲရုံးများတွင် အရပ်ဘက်အဖွဲ့အစည်းများမှ လုပ်အားပေးအဖွဲ့ဝင်များက မဲစာရင်းကြည့်ရှုသည့် ပြည်သူများကို အသိပညာပေးခြင်း၊ အချက်အလက်များ မှားယွင်း၍ ပြင်ဆင်မှုများ ဆောင်ရွက်ရာတွင် ကူညီပေးခြင်း လုပ်ငန်းစဉ်များ ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။တစ်နိုင်ငံလုံးအဆင့် အခြေခံမဲဆန္ဒရှင်စာရင်း ပြုစုခြင်းလုပ်ငန်းကို ပထမအဆင့် အနေဖြင့် ၂ဝ၁၄ ခုနှစ် နိုဝင်ဘာမှ ၂ဝ၁၅ ခုနှစ် ဇန်နဝါရီအထိ လည်းကောင်း၊ ဒုတိယအဆင့် အနေဖြင့် ၂ဝ၁၄ ခုနှစ် ဒီဇင်ဘာမှ ၂ဝ၁၅ ခုနှစ် မတ်အထိ လည်းကောင်း၊ တတိယအဆင့် အနေဖြင့် ၂ဝ၁၅ ခုနှစ် ဖေဖော်ဝါရီမှ မေအထိ လည်းကောင်း ဆောင်ရွက်လျက်ရှိသည်။တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် မဲဆန္ဒရှင်စာရင်း ပြုစုပြီးပါက အဆိုပါ မဲဆန္ဒရှင် စာရင်းများကို ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ရှိ ကွန်ပျူတာ အချက်အလက်ဘဏ်တွင် စုစည်းထားရှိ၍ အများပြည်သူ ကြည့်ရှုစစ်ဆေးနိုင်ရန် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်၏ ဝက်ဆိုက်စာမျက်နှာတွင် ကြေညာပေးမည်ဖြစ်ကြောင်း သိရသည်။

Most Read

Most Recent