မြန်မာအနုပညာရှင်လေးဦး ပါဝင်သည့် ဖျော်ဖြေပွဲ သြစတြေးလျနိုင်ငံ ဆစ်ဒနီမြို့တွင် ပြုလုပ်

မြန်မာအနုပညာရှင်လေးဦး ပါဝင်သည့် ဖျော်ဖြေပွဲ သြစတြေးလျနိုင်ငံ ဆစ်ဒနီမြို့တွင် ပြုလုပ်
Published 9 March 2015

့မြန်မာအနုပညာရှင်လေးဦး ပါဝင်သည့် ဖျော်ဖြေပွဲကို ဩစတြေးလျနိုင်ငံ ဆစ်ဒနီမြို့တွင် မတ် ၇ ရက်က ပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။ အဆိုပါဖျော်ဖြေပွဲတွင် မြန်မာအဆိုတော်လေးဦး ဖြစ်ကြသည့် စိုင်းစိုင်းခမ်းလှိုင်၊ ဘန်နီဖြိုး၊ ဟန်ထွန်းနှင့် နန္ဒစိုင်းတို့ ပါဝင်သီဆိုခဲ့ကြခြင်း ဖြစ်ကြောင်း သိရသည်။ 
 
“တတိယမြောက်ဖျော်ဖြေပွဲက ဆစ်ဒနီမြို့မှာပါ။ မတ် ၇ ရက်မှာ လုပ်တာပါ။ ဒီပွဲကလည်း ဟိုမှာ ရောက်နေတဲ့ မြန်မာတွေစုပြီး Gathering  လုပ်ကြတဲ့ပွဲလို့ ပြောလို့ရပါတယ်။ ကျွန်တော်တို့ အနုပညာရှင်တွေလည်း ပါဝင်ဖျော်ဖြေကြတာပါ။ နောက်တစ်ပတ်မှာ ဘရစ်စဘိန်းမြို့တွေမှာ ဖျော်ဖြေပွဲ ထပ်လုပ်မှာပါ။ ပြီးရင်တော့ မြန်မာနိုင်ငံကို ပြန်လာပါမယ်” ဟု ယင်းဖျော်ဖြေပွဲတွင် ပါဝင်သီဆိုခဲ့သည့် အဆိုတော် စိုင်းစိုင်းခမ်းလှိုင်က ရှင်းပြသည်။
 
မြန်မာအနုပညာရှင်လေးဦး ပါဝင်သည့်အဖွဲ့သည် ဖေဖော်ဝါရီလ လယ်ပိုင်းတွင် ဩစတြေးလျနိုင်ငံသို့ ထွက်ခွာသွားခြင်းဖြစ်ပြီး ပထမဆုံး ဖျော်ဖြေပွဲအဖြစ် ပါ့သ်မြို့တွင်ပြုလုပ်ခဲ့ကာ ဒုတိယမြောက်ဖျော်ဖြေပွဲကို မဲလ်ဘုန်းနှင့် မတ် ၇ ရက်တွင် ဆစ်ဒနီမြို့၌ ဖျော်ဖြေပွဲများ ပြုလုပ်ခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။ မြန်မာအနုပညာရှင်များသည် အားလပ်ချိန်များတွင် ဩစတြေးလျနိုင်ငံ၏ ထင်ရှားသည့် နေရာများသို့လည်း လှည့်လည်လည်ပတ်မှုများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။ ယင်းဖျော်ဖြေရေးခရီးစဉ်တွင် ပါဝင်သွားသော အဆိုတော်ဘန်နီဖြိုးသည် ဧပြီလဆန်းပိုင်းတွင် ဂျပန်နိုင်ငံ၌ ဖျော်ဖြေရန် စီစဉ်ထားသည်။

Most Read

Most Recent