ပြည်ထောင်စုအဆင့်ဌာနများ၊ အဖွဲ့အစည်းများမှ ကတိဖြစ်ခဲ့သည့် မေးခွန်း ၃၀၁၄ ခုအနက် လုပ်ငန်းပြီးစီးမှု ၁၇၅၉ ခုသာရှိကြောင်း လွှတ်တော်သို့ အစီရင်ခံစာ တင်သွင်း

ပြည်ထောင်စုအဆင့်ဌာနများ၊ အဖွဲ့အစည်းများမှ ကတိဖြစ်ခဲ့သည့် မေးခွန်း ၃၀၁၄ ခုအနက် လုပ်ငန်းပြီးစီးမှု ၁၇၅၉ ခုသာရှိကြောင်း လွှတ်တော်သို့ အစီရင်ခံစာ တင်သွင်း
Published 23 February 2015
ဝေယံဖြိုးဦး၊ မျိုးမင်းထက်

ပြည်ထောင်စုအဆင့် ဌာနများ၊ အဖွဲ့အစည်းများမှ ကတိဖြစ်ခဲ့သည့်မေးခွန်း ကြယ်ပွင့်ပြနှင့် ကြယ်ပွင့်မပြ မေးခွန်း ၃ဝ၁၄ ခု အနက် လုပ်ငန်းပြီးစီးမှုမှာ ၁၇၅၉ ခုသာရှိကြောင်း  ပြည်သူ့လွှတ်တော် အစိုးရ၏ အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များ စိစစ်ရေးကော်မတီက အစီရင်ခံစာ တင်သွင်းခဲ့သည်။
နေပြည်တော်တွင် ဖေဖော်ဝါရီ ၂၃ ရက် က ပြုလုပ်သည့် ပထမအကြိမ် ပြည်သူ့လွှတ် တော် (၁၂) ကြိမ်မြောက် ပုံမှန်အစည်းအဝေး၌ ပြည်သူ့လွှတ်တော် အစိုးရ၏ အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များ စိစစ်ရေးကော်မတီက အစီရင်ခံစာ တင်သွင်းခဲ့ခြင်း ဖြစ်သည်။
ပြည်ထောင်စုအဆင့်ဌာနများ၊ အဖွဲ့ အစည်းများမှ ကတိဖြစ်ခဲ့သည့် ကြယ်ပွင့်ပြ နှင့် ကြယ်ပွင့်မပြ မေးခွန်း ၃ဝ၁၄ ခုအနက် လုပ်ငန်းပြီးစီးမှု ၁၇၅၉ ခုဖြစ်သဖြင့် လုပ်ငန်း ပြီးစီးမှု ရာခိုင်နှုန်းမှာ ၅၈ ဒသမ ၃၃ ရာခိုင်နှုန်းဖြစ်ပြီး ဆောင်ရွက်ဆဲလုပ်ငန်း ၇၂၉ ခု ရှိကြောင်း အဆိုပါကော်မတီက အစီရင်ခံစာ တင်သွင်းခဲ့သည်။
ကတိဖြစ်ခဲ့သည့် အဆိုများနှင့် ပတ် သက်၍ ပထမအကြိမ်ပုံမှန်မှ ဒသမအကြိမ် ပုံမှန်အစည်းအဝေးအထိ အဆို ၇၉ ခုအနက် ၆၉ ခုပြီးစီးခဲ့ရာ ဆောင်ရွက်ဆဲအဆိုမှာ ၁၁ ခု ရှိကြောင်း ပြည်သူ့လွှတ်တော် အစိုးရ၏ အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက် များ စိစစ်ရေးကော်မတီက လွှတ်တော်သို့ တင်ပြသည်။
တတိယအကြိမ်မှ ဒသမအကြိမ် ပုံမှန် အစည်းအဝေးအထိ ကတိဖြစ်ခဲ့သည့် ကြယ်ပွင့်မပြ မေးခွန်း ၂၂၂၄ ခုမှ ၁၁၉၅ ခု ပြီးစီးခဲ့ သဖြင့် ပြီးစီးမှုရာခိုင်နှုန်းမှာ ၅၃ ဒသမ ၆၉ ရာခိုင်နှုန်းဖြစ်ပြီး ၂ဝ၁၄-၂ဝ၁၅ ဘဏ္ဍာရေး နှစ်၏ ဆောင်ရွက်ဆဲလုပ်ငန်း ၅၈၃ ခု ဖြစ် သဖြင့် ဆောင်ရွက်ဆဲလုပ်ငန်း ရာခိုင်နှုန်းမှာ ၂၆ ဒသမ ၂၆ ရာခိုင်နှုန်းဖြစ်သဖြင့် ယင်းလုပ်ငန်းများကို သတ်မှတ်ဘဏ္ဍာရေး နှစ်အတွင်း အပြီးဆောင်ရွက်နိုင်ရန် သက်ဆိုင်ရာ အကောင်အထည်ဖော်သည့် အဖွဲ့အစည်းများမှ ကြီးကြပ်ဆောင်ရွက်နိုင်ပါက လုပ်ငန်းပြီးစီးမှု ၇၉ ဒသမ ၉၅ ရာခိုင်နှုန်း ဖြစ်နိုင်မည်ဖြစ်ကြောင်း ကော်မတီက သုံးသပ်ထားသည်။
၂ဝ၁၅-၂ဝ၁၆ ဘဏ္ဍာရေးနှစ်နှင့် နောင် လာမည့် ဘဏ္ဍာရေးနှစ်များအတွင်း ဆောင်ရွက်ပေးရန် ကတိပြုထားသော ကြယ်ပွင့်ပြ မေးခွန်း ၈ဝ ၊ ကြယ်ပွင့်မပြမေးခွန်း ၄၄၆ ခုရှိပြီး အတည်ပြုသော အဆိုများအနက် ဆောင်ရွက်ဆဲ ၁၁ ခု ကျန်ရှိကာ ၂ဝ၁၅-၂ဝ၁၆ ဘဏ္ဍာရေးနှစ်အတွင်း ဆောင်ရွက်ပေးမည်ဟု ကတိပြုထားသော လုပ်ငန်းများအတွက် လိုအပ်သော ဘဏ္ဍာငွေအား ၂ဝ၁၅ -၂ဝ၁၆ ဘဏ္ဍာရေးအသုံးစာရင်းတွင် ထည့်သွင်းတောင်းခံရေး စိစစ်ဆောင်ရွက်ရန် လိုအပ်ကြောင်း ပြည်သူ့လွှတ်တော် အစိုးရ၏ အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များ စိစစ်ရေးကော်မတီက သုံးသပ်ထားသည်။
ကော်မတီသည် ကတိဖြစ်သော မေးခွန်းများ၊ အဆိုများအပေါ် လိုက်နာဆောင်ရွက်ပြီးစီးခြင်း ရှိ၊မရှိ စစ်ဆေးရာတွင် သက်ဆိုင်ရာ ပြည်ထောင်စုအဆင့် အဖွဲ့အစည်းများ၏ ပြန်ကြားချက်များကို စိစစ်ခြင်း၊ အခါအားလျော်စွာ မြေပြင်စစ်ဆေးခြင်းများ ဆောင်ရွက်လျက်ရှိရာ သက်ဆိုင်ရာ ပြည်ထောင်စုအဆင့် အဖွဲ့အစည်းများအနေဖြင့် လုပ်ငန်းများ သတ်မှတ်ကာလအတွင်း ပြီးစီးရန်၊ အရည်အသွေး စံချိန်စံညွှန်းပြည့်မီရေး ကြပ်မတ်ဆောင်ရွက်ရန် အထူးလိုအပ်ကြောင်း သုံးသပ်ထားသည်။
 
 

Most Read

Most Recent