ကွဲလွဲချက်များပြေလည်မှုမရဘဲ ခုနစ်ကြိမ်မြောက်ဆွေးနွေးပွဲပြုလုပ်ပါက တစ်နိုင်ငံလုံးအပစ်ရပ်စဲရေး ရှေ့တိုးနိုင်မည်မဟုတ်ဟု NCCT ခေါင်းဆောင်ပြောကြား

ကွဲလွဲချက်များပြေလည်မှုမရဘဲ ခုနစ်ကြိမ်မြောက်ဆွေးနွေးပွဲပြုလုပ်ပါက တစ်နိုင်ငံလုံးအပစ်ရပ်စဲရေး ရှေ့တိုးနိုင်မည်မဟုတ်ဟု NCCT ခေါင်းဆောင်ပြောကြား
Published 20 February 2015
အောင်ဇော်ထွန်း

တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ်မူကြမ်းပါကွဲလွဲချက်များ ပြေလည်မှုမရဘဲ ခုနစ်ကြိမ်မြောက်ဆွေးနွေးပွဲပြုလုပ်ပါက အပစ်ရပ်စဲရေးညှိနှိုင်းမှု ရှေ့တိုးနိုင်မည်မဟုတ်၍ အလွတ်သဘောညှိနှိုင်းမှုများပြုလုပ်ရန် ကြိုးစားနေကြောင်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၏ တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးဆိုင်ရာညှိနှိုင်းရေးအဖွဲ့ (NCCT) အဖွဲ့ခေါင်းဆောင် နိုင်ဟံသာကပြောကြားသည်။အစိုးရ၏ ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းကော်မတီ (UPWC) နှင့် NCCT တို့သည် ၂၀၁၄ ခုနှစ် စက်တင်ဘာကပြုလုပ်သည့် ခြောက်ကြိမ်မြောက်တရားဝင်ဆွေးနွေးပွဲအပြီးတွင် ခုနစ်ကြိမ်မြောက်ဆွေးနွေးပွဲကို ထပ်မံပြုလုပ်နိုင်ခြင်းမရှိဘဲ ဒီဇင်ဘာလတွင် လုပ်ငန်းညှိနှိုင်းဆွေးနွေးမှုနှင့် အလုပ်အဖွဲ့များ တွေ့ဆုံညှိနှိုင်းမှုများသာပြုလုပ်နိုင်ခဲ့သည်။ခုနစ်ကြိမ်မြောက်ဆွေးနွေးပွဲပြုလုပ်ရန် ဖေဖော်ဝါရီလဆန်းပိုင်းက UPWC ဒုတိယဥက္ကဋ္ဌ ဝန်ကြီးဦးအောင်မင်းဦးဆောင်သည့်  အစိုးရဝန်ကြီးများနှင့် NCCT ကိုယ်စားလှယ်များသည် ထိုင်းနိုင်ငံချင်းမိုင်၌ တွေ့ဆုံဆွေးနွေးခဲ့သော်လည်း ဆွေးနွေးပွဲရက်မသတ်မှတ်နိုင်ခဲ့ကြောင်း၊ ဖေဖော်ဝါရီ ၁၈ ရက်မှ ၂၀ ရက်အကြား အလုပ်အဖွဲ့များတွေ့ဆုံရန် စီစဉ်ခဲ့သော်လည်း NCCT ကိုယ်စားလှယ်အချို့ မအားလပ်၍ ရွှေ့ဆိုင်းခဲ့ရကြောင်းသိရသည်။တစ်နိုင်ငံလုံး အပစ်ရပ်စဲရေးဆွေးနွေးပွဲပြုလုပ်နိုင်ရန် အခြေအနေများနှင့်ပတ်သက်၍ နိုင်ဟံသာက "ခုနစ်ကြိမ်မြောက်တွေ့ဆုံပွဲအတွက်ကတော့ အလွတ်သဘောအနေနဲ့ တွေ့ဆုံညှိနှိုင်းဖို့ရှိတယ်။ ဒီလထဲမှာတော့ အလွတ်သဘောတွေ့ဆုံဖို့တော့ရှိတယ်။ သေချာတယ်။ အဓိကကတော့ တစ်ဆို့နေတဲ့အချက်အလက်တွေကို ဖြေရှင်းနိုင်ဖို့ပေါ့။ အဲဒါကတော့ ဖြစ်နိုင်တဲ့နည်းလမ်းတွေရှာဖို့ပဲဗျ။ ဒါကို အလွတ်သဘောနည်းနဲ့တွေ့ဆုံပြီး ညှိနှိုင်းဖို့ကြိုးပမ်းနေတာဖြစ်တယ်။ အရင်ကတစ်ဆို့နေတဲ့ အရေးကြီးတဲ့လေးငါးချက်လေ။ အဲဒါကို ဘယ်လိုများပြင်ဆင်ပြောင်းလဲမလဲ။ အဓိက,ကတော့ အစိုးရဘက်က တပ်မတော်ဘက်က ဘယ်လိုသဘောထားတွေပေးလာမလဲ အဲဒါတွေကိုစောင့်ပြီးတော့ နားထောင်နေတာပါ" ဟုပြောကြားသည်။ဆက်လက်၍ ၎င်းက "ဦးအောင်မင်းတို့ အစိုးရလိုင်းနဲ့ကတော့ ညှိနှိုင်းမှုတော့ရတာပေါ့ဗျာ။ ဒါပေမဲ့ သူတို့ပေးလာတဲ့အမြင်သဘောထားတွေက သူတို့ UPWC တစ်စုလုံးရဲ့သဘောထားမဟုတ်သေးဘူးဗျ။ သဘောကတော့ တပ်မတော်ရဲ့သဘောထား၊ လွှတ်တော်ရဲ့သဘောထားတွေမပါသေးဘူးဖြစ်နေတယ်။ အဲဒါကို အပြည့်အ၀ ဒါကတော့ လက်ခံလို့မရသေးဘူးဖြစ်တယ်လေ။ ဝိုင်းထဲမှာသွားဆွေးနွေးရင် အမြင်သဘောထားကပြောင်းလဲမှုမရှိဘူးဆိုရင် ရှေ့တိုးလို့ရမှာမဟုတ်ဘူးလေ။ အဲဒီတော့ ကျွန်တော်တို့က အလွတ်သဘောအနေနဲ့ညှိနှိုင်းတာက ပိုပြီးတော့ကောင်းတယ်လို့မြင်တယ်" ဟုပြောကြားသည်။ငြိမ်းချမ်းရေးရှေ့ဆက်နိုင်ရန်အတွက် ရိုးသားပွင့်လင်းမှုရှိရန်လိုကြောင်း၊ တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးသဘောတူညီချက်ရရန်အတွက် ဆွေးနွေးလာသည့် တစ်နှစ်ကျော်ကာလတွင် နားလည်မှုများစွာရရှိထားကြောင်း၊ လက်ရှိပြေလည်မှုမရှိသေးသည့်အချက်များကို ဖြေရှင်းဆောင်ရွက်သွားရန်လိုအပ်ကြောင်း၊ တစ်ဆို့နေသည်ဆိုပြီး မဖြေရှင်းဘဲ အခြားနည်းလမ်းရှာခြင်း မပြုစေချင်ကြောင်း ၎င်းကဆိုသည်။"ဒီတစ်ဆို့မှုရှိနေတဲ့အချက်တွေကို အမှန်ကတော့ ဖြေရှင်းပြီး ဆက်လက်လုပ်ဆောင်သွားဖို့တော့လိုတယ်။ အဲဒီကာလမှာ အဲဒီမှာတစ်ဆို့တယ်ဆိုပြီးတော့ တခြားနည်းလမ်းနဲ့ပြန်ရှာတယ်ဆိုတာကတော့ တစ်မျိုးတွက်စရာဖြစ်တယ်လေ" ဟု နိုင်ဟံသာကပြောကြားသည်။UPWC နှင့် NCCT တို့သည် အပစ်ရပ်စဲရေးစာချုပ်မူကြမ်းကိုဆွေးနွေးရန် အချက် ၁၀၃ ချက်ဖြင့်စတင်ညှိနှိုင်းခဲ့ရာ လက်ရှိတွင် တပ်ပိုင်းဆိုင်ရာကိစ္စအပါအဝင် အချက် ၁၅ ချက်ပြေလည်မှုရရန် ကျန်နေသေးကြောင်း၊ ကျန်ရှိနေသေးသောအချက်များမှာ စကားလုံးသုံးစွဲမှုနှင့်ပတ်သက်၍ ပြေလည်မှုရရန် ငါးချက်၊ လက်မှတ်ရေးထိုးခြင်းနှင့်ဆိုင်သည့် နှစ်ချက်၊ ကော်မတီဖွဲ့စည်းပုံနှင့်ပတ်သက်၍ လေးချက်၊ လူမှုစီးပွားရေးကိစ္စများနှင့်ပတ်သက်သည့်တစ်ချက်၊ တပ်ပိုင်းဆိုင်ရာအချက်သုံးချက်တို့ဖြစ်ကြောင်း သိရသည်။         

Most Read

Most Recent