လောက်ကိုင်ဒေသ၌ စစ်အုပ်ချုပ်ရေးပြဋ္ဌာန်းပြီး စစ်ခုံရုံးဖြင့် တရားစီရင်မည့် ပြစ်မှုများတွင် သတင်းမီဒီယာဥပဒေအရ ပြစ်မှုများနှင့် ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်းလုပ်ငန်းဥပဒေအရ ပြစ်မှုများ ထည့်သွင်းထားခြင်းကြောင့် ဂျာနယ်လစ်များအနေဖြင့် အနည်းဆုံး ထောင်ဒဏ်သုံးနှစ်

လောက်ကိုင်ဒေသ၌ စစ်အုပ်ချုပ်ရေးပြဋ္ဌာန်းပြီး စစ်ခုံရုံးဖြင့် တရားစီရင်မည့် ပြစ်မှုများတွင် သတင်းမီဒီယာဥပဒေအရ ပြစ်မှုများနှင့် ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်းလုပ်ငန်းဥပဒေအရ ပြစ်မှုများ ထည့်သွင်းထားခြင်းကြောင့် ဂျာနယ်လစ်များအနေဖြင့် အနည်းဆုံး ထောင်ဒဏ်သုံးနှစ်
Published 19 February 2015
သတင်းအယ်ဒီတာအဖွဲ့

လောက်ကိုင်ဒေသ၌ စစ်အုပ်ချုပ်ရေးပြဋ္ဌာန်းပြီး စစ်ခုံရုံးဖြင့် တရားစီရင်မည့် ပြစ်မှုများတွင် သတင်းမီဒီယာဥပဒေအရ ပြစ်မှုများနှင့် ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်းလုပ်ငန်းဥပဒေအရ ပြစ်မှုများ ထည့်သွင်းထားခြင်းကြောင့် ဂျာနယ်လစ်များအနေဖြင့် အနည်းဆုံး ထောင်ဒဏ်သုံးနှစ်မှ သေဒဏ်အထိ ကျခံရနိုင်
 
 
ရှမ်းပြည်နယ် ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင် စစ်အုပ်ချုပ်ရေးဒေသအဖြစ် ကြေညာပြီးနောက် ဖေဖော်ဝါရီ ၁၈ ရက်က စစ်အုပ်ချုပ်ရေး အမိန့်အမှတ် (၁/၂ဝ၁၅) ဖြင့် ထုတ်ပြန်ခဲ့သော အမိန့်တွင် စစ်ခုံရုံးဖြင့် စစ်ဆေးမည့်ပြစ်မှုများ၌ သတင်းမီဒီယာဥပဒေအရ ပြစ်မှုများနှင့် ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်းလုပ်ငန်းဥပဒေအရ ပြစ်မှုများကို ထည့်သွင်းထားခြင်းကြောင့် ဂျာနယ်လစ်များအနေဖြင့် အနည်းဆုံး ထောင်ဒဏ်သုံးနှစ်မှ သေဒဏ်အထိ ကျခံရနိုင်ကြောင်း ထုတ်ပြန်ခဲ့သော အမိန့်ပါဖော်ပြချက်များအရ သိရသည်။
 
 
အဆိုပါ စစ်အုပ်ချုပ်ရေးအမိန့်အမှတ် ၁/၂ဝ၁၅ ၏ အပိုဒ်၄(ခ) (၃) တွင် ပြစ်ဒဏ်ချမှတ်ခြင်းနှင့် ပတ်သက်၍ ဖော်ပြထားရာ တည်ဆဲဥပဒေများတွင် မည့်သို့ပင်ပါရှိစေကာမှု နောက်ဆက်တွဲဇယား (က) ပါ ပြစ်မှုတစ်ခုခုကို ကျူးလွန်သူတစ်ဦးအား စစ်ခုံရုံးက ပြစ်မှုထင်ရှား စီရင်ပါက သေဒဏ်၊ နှစ်အကန့်အသတ် မရှိသော အလုပ်နှင့်ထောင်ဒဏ်၊ သုံးနှစ်အောက် မလျော့သော အလုပ်နှင့်ထောင်ဒဏ် (သို့တည်းမဟုတ်) သုံးနှစ်အောက် မလျော့သော အလုပ် နှင့်ထောင်ဒဏ်အပြင် ငွေဒဏ် စသည့် ပြစ်ဒဏ် တစ်မျိုးမျိုးကို ချမှတ်ရမည်ဟု ပြဋ္ဌာန်းထားသည်။
 
 
အလားတူ နောက်ဆက်တွဲဇယား (က) ပါ စစ်ခုံရုံးဖြင့် စစ်ဆေးမည့်ပြစ်မှုများထဲတွင် သတင်းမီဒီယာဥပဒေအရ ပြစ်မှုများနှင့်ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်းလုပ်ငန်းဥပဒေအရ ပြစ်မှုများကို ထည့်သွင်းထားသောကြောင့် ဂျာနယ်လစ်များအနေဖြင့် ပြစ်မှုထင်ရှားသည်ဟုဆိုကာ စီရင်ခြင်းခံရပါက နိုင်ငံတော်သစ္စာဖောက်ဖျက် ပုန်ကန်မှု၊ လူသတ်မှု၊ လုယက်မှု၊ ဓားပြမှုကျူးလွန်သူများနည်းတူ အနည်းဆုံး ထောင်ဒဏ်သုံးနှစ်မှ သေဒဏ်အထိ ကျခံရနိုင်စေရန် ပြဋ္ဌာန်းထားသည်ကို တွေ့ရသည်။
 
 
နောက်ဆက်တွဲဇယား (က) ပါ စစ်ခုံရုံးဖြင့် စစ်ဆေးမည့်ပြစ်မှုများထဲတွင် ပါဝင်သည့် ပြစ်မှုအမျိုးအစား အပြည့်အစုံမှာ (၁) နိုင်ငံတော်သစ္စာဖောက်ဖျက် ပုန်ကန်မှု (ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ (၁၂၂)၊ (၂) အစိုးရကို အကြည်ညိုပျက်အောင်ပြုလုပ်မှု (ပြစ်မှုဆိုင်ရာ ဥပဒေ ပုဒ်မ ၁၂၄-က) ၊ (၃) မတရားအသင်း အက်ဥပဒေအရပြစ်မှုများ၊ (၄) လက်နက်အက်ဥပဒေအရပြစ်မှုများ၊ (၅)လူသတ်မှု ၊ (၆)လူသေမှု၊ (၇)မုဒိမ်းမှု၊ (၈)လုယက်မှု၊ (၉) ဓားပြမှု၊ (၁ဝ) အဂတိလိုက်စားမှု (၁၁) ၁၉၉၃ ခုနှစ် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရပြစ်မှုများ၊ (၁၂) ပြည်သူပိုင်ပစ္စည်း ကာကွယ်ရေးအက်ဥပဒေအရပြစ်မှုများ၊ (၁၃) ၁၉၆၃ခုနှစ်အများနှင့် သက်ဆိုင်သောပစ္စည်းများ ကာကွယ်စောင့်ရှောက်ရေး ဥပဒေအရ ပြစ်မှုများ၊ (၁၄) ၁၉၅ဝ ပြည့်နှစ် အရေးပေါ်စီမံမှု အက်ဥပဒေအရ ပြစ်မှုများ၊ (၁၅) သတင်းမီဒီယာဥပဒေအရပြစ်မှုများ၊ (၁၆) ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်းလုပ်ငန်းဥပဒေအရ ပြစ်မှုများ စသည်တို့ဖြစ်ကြောင်း သိရသည်။
 
 
ထို့ပြင် အဆိုပါအမိန့်တွင် စစ်ခုံးရုံးများက ချမှတ်သော ဆုံးဖြတ်ချက်များနှင့် စီရင်ချက်များသည် အပြီးအပြတ် ဖြစ်စေရမည်ဖြစ်ကြောင်း သို့ရာတွင် သေဒဏ်စီရင်ပါက ထို့သို့ စီရင်ခြင်းသည် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ အတည်ပြုချက်ရရှိမှသာ အတည်ဖြစ်ကြောင်း၊ နှစ်အကန့်အသတ်မရှိသော ထောင်ဒဏ်စီရင်ပါက ထိုသို့ စီရင်ခြင်းသည် ပြန်တမ်းဝင်အမှတ် ကြည်း ၂ဝ၈၃ဝ ဗိုလ်မှူးကြီး စောမြင့်ဦး၊ ဒေသကွပ်ကဲရေးမှူး၊ ဒေသကွပ်ကဲမှုစစ်ဌာနချုပ် (လောက်ကိုင်) ၏ အတည်ပြုချက် ရရှိမှသာ အတည်ဖြစ်ကြောင်းလည်း ဖော်ပြထားသည်။
 
 
ထို့အတူ အတည်ပြုခြင်းနှင့်ပတ်သက်သည့် လုပ်ပိုင်ခွင့်ကို ကျင့်သုံးဆောင်ရွက်ရာတွင် ပြစ်မှုထင်ရှားစီရင်ခြင်းကို ပယ်ဖျက်ခြင်း၊ ပြစ်ဒဏ်ကို လျော့ပေါ့စေခြင်း၊ ပြစ်ဒဏ်ကို ပိုနိမ့်သော ပြစ်ဒဏ်အမျိုးအစားသို့ လျော့ပေါ့ပြောင်းလဲခြင်း၊ ပြစ်မှုထင်ရှားစီရင်ခြင်းကို အတည်ပြုခြင်းစသည့် လုပ်ပိုင်ခွင့်များရှိကြောင်းလည်း စစ်အုပ်ချုပ်ရေး အမိန့်အပိုဒ် ၄(ခ) (၄)တွင် ဖော်ပြထားသည်ကို တွေ့ရှိရသည်။ အလားတူ ယခုထုတ်ပြန်သည့် အမိန့်အရ စစ်ခုံရုံးများက ချမှတ်သောဆုံးဖြတ်ချက် ပြစ်ဒဏ်ချမှတ်ချက်များနှင့် စပ်လျဉ်းပြီး အယူခံပိုင်ခွင့် မရှိစေရကြောင်းလည်း သိရသည်။
 
 
မန္တလေးမြို့မှ တရားလွှတ်တော်ရှေ့နေ ဦးသိန်းသန်းဦးက “စစ်အုပ်ချုပ်ရေးထုတ်တာက ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့အညီ ထုတ်တာဖြစ်တယ်။ ကျွန်တော်တို့က ကြိုက်သည်ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေက အတည်ဖြစ်နေတယ်။ ဖွဲ့စည်းပုံ အခြေခံဥပဒေအရဆိုရင် စစ်အုပ်ချုပ်ရေး ထုတ်ထားတဲ့ဒေသမှာ စစ်ဦးစီးချုပ်က ဘုရင့်အာဏာပဲ။ သက်ဦးစံပိုင်စနစ်ပဲ။ ဥပဒေပြုရေးအာဏာ၊ အုပ်ချုပ်ရေးအာဏာ၊ တရားစီးရင်ရေးအာဏာ  သုံးရပ်စလုံး ကျင့်သုံးနိုင်တယ်။ လူလည်း လွှဲလို့ရတယ်။ စစ်ခုံရုံးတင် စစ်ဆေးမယ့် ပြစ်မှုတွေမှာ ချပေးတဲ့ပြစ်ဒဏ် အမျိုးအစားတွေရော အကုန်ပေးထားတာပေါ့။ ထုတ်ပြန်ထားတဲ့ ပြစ်မှုတွေမှာတော့ ပြောစရာမရှိဘူး။ သူတို့ကလုပ်မှာပဲ။ သတင်းမီဒီယာဥပဒေအရ ပြစ်မှုများနဲ့ ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်းလုပ်ငန်းဥပဒေအရ ပြစ်မှုများဆိုတဲ့ ထုတ်ပြန်ချက်တွေကတော့ စဉ်းစားရအတော်ကျပ်တယ်။ အဲဒီ စစ်အုပ်ချုပ်ရေးဒေသမှာ အကုန်မလုပ်ရအောင် ထိန်းချုပ်ထားတာပဲ။ ရှင်းရှင်းပြောရရင် အဲဒီမှာ နိုင်ငံရေးလှုပ်ရှားမှုများနဲ့ သတင်းမီဒီယာလွတ်လပ်ခွင့်ကို ထိန်းချုပ်တဲ့ သဘောပါ။ ဒီဟာတွေလုပ်တာက တစ်ဖက်ကလည်း ဖွဲ့စည်းပုံအခြေခံဥပဒေအရ ပေးထားတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း ၈ ပါ နိုင်ငံသားတွေရဲ့အခွင့်အရေးအားလုံးကို စစ်အုပ်ချုပ်ရေးကြေညာလိုက်တဲ့အချိန်မှာ ကျင့်သုံးခွင့်မရှိဘူးဆိုပြီး ပါတယ်။ ပြောချင်တာက နိုင်ငံရေးနဲ့ မီဒီယာသတင်းလွတ်လပ်ခွင့်အပြင် နိုင်ငံသားအခွင့်အရေးတွေကို ထိန်းချုပ်ချင်လို့ ရည်ရွယ်တာပဲ”ဟု ပြောကြားသည်။
 
 
“အဓိကထားပြောချင်တာက တရားစီရင်ရေးအပိုင်း ဖြစ်ပါတယ်။ တရားစီရင်အပိုင်းမှာက ဥပဒေတွေ ရှိပြီးသားဖြစ်ပါတယ်။ ရှိနေလျက်နဲ့ တည်ဆဲဥပဒေတွေ ဘယ်လိုရှိရှိ စစ်အုပ်ချုပ်ရေးမှာ ဖွဲ့စည်းတဲ့ စစ်ခုံရုံးတွေကနေ ပြီးတော့ သေဒဏ်အထိ သူချချင်သလို ချဖို့ အခွင့်အရေးပေးတာကတော့ တရားဥပဒေစိုးမိုးရေးနဲ့ လုံးလုံးလျားလျားကြီးကို ဆန့်ကျင်နေတယ်လို့မြင်တယ်။ ဒါကတော့ မဖြစ်သင့်ဘူးလို့မြင်တယ်။ တစ်နည်းအားဖြင့် ဥပဒေရဲ့အထက်မှာ သွားထားလိုက်တဲ့သဘော ဖြစ်တဲ့အတွက် ကျွန်တော်တို့ နောင်မှာလည်း စိုးရိမ်စရာ နောက်ဆက်တွဲ ပေါ်ပေါက်လာနိုင်တယ်လို့ ကျွန်တော်တို့ တွက်တယ်။ အခုက ဒီလိုအကန့်အသတ်မရှိ စစ်အုပ်ချုပ်ရေးအခွင့်အာဏာရသူက တည်ဆဲဥပဒေတွေကို လွန်ဆန်ပြီးတော့ သေဒဏ်ထိချမှတ်နိုင်တဲ့ပြစ်မှု အမျိုးအစားတွေကို ကြည့်ရှုတဲ့အခါမှာ ကျတော့လည်း ကျွန်တော်စိုးရိမ်စရာကောင်းတာတွေ ရှိတယ်။ ဒါကဘာလဲဆိုတော့ သတင်းမီဒီယာဥပဒေဆိုတာကလည်း ပါလာတယ်။ ပုံနှိပ်ထုတ်ဝေရေးဥပဒေဆိုတာလည်း ပါလာတယ်။ ဒါက ကျွန်တော်တို့ သတင်းလွတ်လပ်ခွင့် ဖြစ်ရပ်မှန်ဖော်ထုတ်ရေးကိစ္စတွေကို မလုပ်ဝံ့ မလုပ်ရဲအောင် တစ်ခါတည်းပိတ်ပင်ထားတဲ့ သဘောမျိုးဖြစ်တယ်လို့ မြင်တယ်။ ဒါကြောင့်မို့လို့ တရားစီရင်ရေးပိုင်းနဲ့ ပတ်သက်လို့ ဒီလို စစ်အုပ်ချုပ်ရေးမှာ ဒီလိုအချက်အလက်တွေ ထည့်သွင်းထားတာတော့ ကျွန်တော်တို့ မနှစ်မြို့ဘူး”ဟု ကယန်းပြည်သစ်ပါတီ တွဲဖက်အတွင်းရေးမှူး (၁) ဗိုလ်မှူးကြီးစောလွင်က ပြောကြားသည်။
 
 
စစ်အုပ်ချုပ်ရေးစနစ် စတင်ပြီဆိုသည်နှင့် တရားစီရင်ရေးနှင့်အုပ်ချုပ်ရေးသည် တပ်မတော်၏ လက်အောက်ရောက်ရှိသွားပြီး ဒီမိုကရေစီအခွင့်အရေးနှင့် နိုင်ငံသားအခွင့်အရေး ဆုံးရှုံးသွားမည်ဖြစ်ကြောင်း ပြည်သူ့လွှတ်တော် တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေးကော်မတီ အတွင်းရေးမှူး ဦးဝင်းမြင့်ကလည်း ပြောကြားသည်။
 
 
ပြည်သူ့လွှတ်တော် အားကစား၊ ယဉ်ကျေးမှုနှင့် ပြည်သူ့ဆက်ဆံရေးဖွံ့ဖြိုးတိုးတက်ရေးကော်မတီမှအဖွဲ့ဝင် ဦးခိုင်မောင်ရည်ကလည်း “ဒီလိုမျိုး ရခိုင်ဒေသမှာ တစ်ခေါက်ဖြစ်ခဲ့ဖူးတယ်။ ဒါပေမဲ့ အခုလို ဥပဒေတွေကို သတ်မှတ်ထားတာဟာ ဒီတစ်ခါမှာ ထူးခြားမှုတစ်ခု ဖြစ်တယ်။ ဒါနိုင်ငံသားတွေရဲ့ အခွင့်အရေးတွေကို ကန့်သတ်လိုက်တယ်။ ဒီကန့်သတ်ပိုင်ခွင့်က တပ်မတော်မှာ ရှိတယ်။ ကာကွယ်ရေးဦးစီးချုပ်မှာ ရှိနေတယ်ဆိုတာ ပြည်သူတွေကို မီးမောင်းထိုပြလိုက်တာ ဖြစ်တယ်။ 
စစ်အုပ်ချုပ်ရေး ဖြစ်သွားပြီဆိုရင် ပြည်သူတွေ ရဲ့ အခွင့်အရေးကို ကန့်သတ်ခံရလိမ့်မယ်ဆိုတဲ့ နမူနာပြကွက်တစ်ခု ဖြစ်နေတယ်။ အခုလို မီဒီယာဥပဒေအထိပါ ကန့်သတ်လာတာ ထူးခြားမှုတစ်ခုဖြစ်နေတယ်။ စစ်အုပ်ချုပ်ရေးဖြစ်ပြီဆိုရင် စစ်တပ်က အားလုံးအပေါ် လွှမ်းမိုးပြီး လုပ်ကိုင်ခွင့်ရှိတယ်ဆိုတာ ပြည်သူတွေ သဘောပေါက်ဖို့လိုတယ်လို့ မြင်တယ်။ နောက်တစ်ခုက ဒီလိုအရေးပေါ်ဖြစ်တဲ့အချိန်မှာ နိုင်ငံသားတွေက အခွင့်အရေးအားလုံး ဆုံးရှုံးရမှာ အခုမြင်တွေ့ရတဲ့အတိုင်း ဖြစ်မယ်လို့ ပြောရမှာပဲဖြစ်တယ်”ဟု  The Daily Eleven သတင်းစာသို့ ပြောကြားသည်။
 
 
နိုင်ငံတကာတွင်လည်း သတင်းမီဒီယာများကို အကာအကွယ်ပေးလေ့ရှိပြီး မြန်မာနိုင်ငံတွင် ပြဋ္ဌာန်းထားသော သတင်းမီဒီယာဥပဒေတွင်လည်း ဂျာနယ်လစ်များ လွတ်လပ်စွာ သတင်းယူခွင့်ကို အာမခံကာကွယ်ပေးထားကြောင်း၊ မူရင်းဥပဒေတွင် မပါဝင်သည့် ပြစ်ဒဏ်များဖြင့် အရေးယူမည်ဆိုပါက တရားမျှတမှု မရှိနိုင်ကြောင်း ဝေဖန်မှုများလည်း ရှိနေသည်။
 
 
“စစ်အုပ်ချုပ်ရေးဆိုတဲ့ ခေါင်းစဉ်အောက်မှာ ပြစ်ဒဏ်ကို စစ်တပ်က ချမှတ်နိုင်တဲ့ဆိုတဲ့ သဘောပေါ့။ ကျွန်တော်တို့ မီဒီယာသမားတွေ ဂျာနယ်လစ်တွေဆိုတာကတော့ စစ်မြေပြင်မှာ သတင်းယူခွင့်ရှိတာပဲ။ တစ်ကမ္ဘာလုံးမှာ ရှိတယ်။ အရှေ့အလယ်ပိုင်းမှာလည်း သတင်းယူနေကြတာပဲ။ မီဒီယာသမားမှာ Media Right ခေါ်တဲ့ သတင်းရယူပိုင်ခွင့် ပတ်သက်ပြီး သတင်းမီဒီယာဥပဒေမှာလည်း အကာအကွယ်ပေးထားတာ ရှိပါတယ်။ နိုင်ငံတကာမှာလည်း ဂျာနယ်လစ်တွေကို အကာအကွယ်ပေးရမယ့် သဘောရှိတဲ့အတွက် အရေးယူလို့ မရဘူးလို့ ကျွန်တော်ထင်တယ်။ သူတို့က အဲဒီလိုမဟုတ်ဘဲနဲ့ ဂျာနယ်လစ်တွေကို စစ်အုပ်ချုပ်ရေးနဲ့ အရေးယူမယ်ဆိုရင်တော့ မတရားဘူးလို့ ထင်ပါတယ်။ နိုင်ငံတကာစံနှုန်းတွေကို လေ့လာဖို့လိုပါတယ်။ နိုင်ငံတကာမှာလည်း စစ်မက်ဖြစ်ပွားတဲ့နေရာတွေမှာ သတင်းယူနေကြတာပဲ။ အရေးယူလို့မရပါဘူး”ဟု ဂျာနယ်လစ်တစ်ဦးဖြစ်သည့် ဦးချစ်ဝင်းမောင်ကလည်း ပြောကြားသည်။
 
 
“ဥပဒေထဲမှာက ဒါက သေဒဏ်၊ ဒါက ဘယ်လောက်ဆိုတာ ပြဋ္ဌာန်းထားပြီး ဖြစ်ပါတယ်။ အဲဒီဟာကို ကျော်လွန်ပြီးတော့ ဥပမာ ပုံမှန်ဥပဒေထဲမှာ ထောင်ဒဏ်နှစ်နှစ်ပဲ ရှိတဲ့ဟာမျိုးကို အခုဟာက အကန့်အသတ်မရှိ ထောင်ဒဏ်တို့ သေဒဏ်တို့ ပေးလိုက်မယ်ဆိုရင် ဒါဟာ ဖြစ်သင့်ဖြစ်ထိုက်တာ မဟုတ်ဘူး။ ဥပဒေသဘောအရဆိုရင် ဥပဒေပြဋ္ဌာန်းချက် အများကြီးကျော်လွန်တယ်လို့ သုံးသပ်တယ်” ဟု ချင်းဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးငိုင်ဆာခ့် က ပြောကြားသည်။
 
 
“ ပြစ်ဒဏ်ချမှတ်တဲ့နေရာမှာ တည်ဆဲဥပဒေများတွင် မည်သို့ပင်ပါရှိစေကာမူဆိုပြီးတော့ ပြောထားတာ။ အဲဒီလိုပါရှိထားတဲ့အတွက် မီဒီယာတွေကိုလည်း ထုတ်ပြန်ထားတဲ့အတိုင်း ထောင်ဒဏ်ချမှတ်နိုင်တယ်။ ငွေဒဏ်ချမှတ်ရမယ့် မီဒီယာကိုလည်း ပြစ်မှုကျူးလွန် မယ်ဆိုရင် သေဒဏ်လည်း ချမှတ်နိုင်တယ်။ နှစ်အကန့်အသတ်မရှိ ထောင်ဒဏ်နဲ့သုံးနှစ်အောက် မလျှော့သော ထောင်ဒဏ်လည်း ချမှတ်နိုင်တယ်။ ကျွန်တော်လည်း ကိုယ်တွေ့ ကြုံဖူးတယ်။ ၁၉၉ဝ ပြည့်နှစ်တုန်းက မန္တလေးတိုင်း စစ်ခုံရုံးအမှတ် ၄ ကနေပြီးတော့ ၁၉၅ဝ ပြည့် အရေးပေါ်စီမံမှု အက်ဥပဒေအရ ၅(ည)နဲ့ ထောင်ဒဏ်ချမှတ်ခဲ့တယ်။ ၅(ည)ရဲ့ ပြစ်ဒဏ်က ခုနစ်နှစ်ပဲရှိတယ်။ ကျွန်တော့်ကို ၁၄ နှစ်ထိချတယ်။ သူတို့က လုပ်မှာပဲ။ အုပ်ချုပ်ရေးအာဏာ၊ တရားစီရင်ရေးအာဏာ၊ ဥပဒေပြုရေးအာဏာ သုံးရပ်စလုံးက ဦးစီးချုပ်လက်ထဲကို အပ်လိုက်တာပဲ။ အဲတော့ သူကြိုက်တာချလို့ရတယ်။ ပြောရရင် တည်ဆဲဥပဒေများတွင် မည်သို့ပင် ပါရှိစေကာမူဆိုတော့ ဇာတ်လမ်းက ပြတ်သွားပြီ။ ပြစ်မှုနဲ့ပြစ်ဒဏ် မျှတမှုရှိရဲ့လားဆိုတာ ကျွန်တော်တို့ ကိုယ်တွေ့ပဲလေ။ စစ်ခုံရုံးကို ကျွန်တော် နှစ်ကြိမ်ကြုံခဲ့ဘူးတယ်။ အဲဒီကြုံခဲ့တဲ့ထဲက ဖြစ်စဉ်တစ်ခုဆိုရင် မာလာကာသီးတစ်လုံး ခိုးတာကို ထောင်လေးနှစ် ချခဲ့တယ်။ စစ်ခုံရုံးရဲ့အနိမ့်ဆုံးပြစ်ဒဏ်က လေးနှစ်ဖြစ်တဲ့အတွက် အဲဒီလိုချခဲ့တယ်။ အဲဒီ မာလာကာသီးတစ်လုံး ခိုးတဲ့သူက ကလေးပဲရှိသေးတာ။ 
အခု စစ်အုပ်ချုပ်ရေးထုတ်ပြန်တာမှာ တရားမျှတမှု ရှိ၊ မရှိ ဥပဒေနဲ့ ညီ၊ မညီဆိုတာ နှစ်ပိုင်းရှိတယ်။ ပထမအချက်က ဥပဒေနဲ့တော့ ညီတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေက ပြဋ္ဌာန်းထားတာကိုး။ တရားမျှတမှု ရှိ၊ မရှိဆိုတာကတော့ မာလကာသီးတစ်လုံး ခိုးတာ ထောင်လေးနှစ်ချတယ်ဆိုတော့ ဘယ်တရားမျှတမှုရှိမလဲ။ ပြောရမယ်ဆိုရင် ခုထုတ်ပြန်မှုက ဥပဒေနဲ့တော့ ညီတယ်။ ဒါပေမဲ့ တရားမျှတမှုမရှိဘူး”ဟု တရားလွှတ်တော်ရှေ့နေ ဦးသိန်းသန်းဦးက သုံးသပ်သည်။
 
 

Most Read

Most Recent