‘ဝ’ နှင့် မိုင်းလားတို့၏ ရပ်တည်မှု အပါအဝင် အဖွဲ့ဝင်များစွာနှင့် ကွဲပြားမှုများ ရှိနေခြင်းက တစ်နိုင်ငံလုံး အပစ်ရပ်စဲရေး လုပ်ဆောင်ရန် ကြီးမားသည့် စိန်ခေါ်မှု ဖြစ်နေ

‘ဝ’ နှင့် မိုင်းလားတို့၏ ရပ်တည်မှု အပါအဝင် အဖွဲ့ဝင်များစွာနှင့် ကွဲပြားမှုများ ရှိနေခြင်းက တစ်နိုင်ငံလုံး အပစ်ရပ်စဲရေး လုပ်ဆောင်ရန် ကြီးမားသည့် စိန်ခေါ်မှု ဖြစ်နေ
Published 18 February 2015
အောင်ဇော်ထွန်း

“ဝ” ပြည် သွေးစည်းညီညွတ်ရေးတပ်ဖွဲ့ (UWSA) နှင့် ရှမ်းပြည်နယ်အရှေ့ပိုင်း အထူးဒေသ (၄) မိုင်းလားအဖွဲ့ (NDAA)တို့၏ ရပ်တည်မှု အပါအဝင် အဖွဲ့ဝင်များစွာနှင့် တစ်ဖွဲ့ချင်းစီ၏ ကွဲပြားမှုများ ရှိနေခြင်းက တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး လုပ်ဆောင်ရန်အတွက် ကြီးမားသည့်စိန်ခေါ်မှု ဖြစ်သည်ဟု ငြိမ်းချမ်းရေး ဆွေးနွေးနေသည့် အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ကိုယ်စားလှယ်များ၏ ပြောကြားချက်အရ သိရသည်။၂ဝ၁၄ ခုနှစ် စက်တင်ဘာက ပြုလုပ်ခဲ့သည့် တစ်နိုင်ငံလုံး အပစ်ရပ်စဲရေး ဆွေးနွေးပွဲတွင် မပြေလည်မှုများ ရှိခဲ့ပြီးနောက် လက်ရှိအချိန်အထိ ထပ်မံညှိနှိုင်းရန် ဆွေးနွေးပွဲရက် မသတ်မှတ်နိုင်ခြင်းသည် တစ်နိုင်ငံလုံး အပစ်ရပ်စဲရေးအတွက် စိုးရိမ်စရာ အခြေအနေ ဖြစ်သည်ဟု KNU ဥက္ကဋ္ဌရုံးမှ ပဒိုစောတာမူလာက ဖေဖော်ဝါရီ ၁၆ ရက်က ရန်ကုန်မြို့ရှိ ကရင်တိုင်းရင်းသားများနှင့် တွေ့ဆုံပွဲတွင် ပြောကြားသည်။ပဒိုစောတာမူလာက “NCA (တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ်) ဖြစ်လို့ရှိရင် NCCT မှာပါဝင်တဲ့ အဖွဲ့ဝင်အားလုံးကတော့ တစ်ပြိုင်နက်တည်း လက်မှတ်ထိုးကြမှာလို့ နားလည်ပါတယ်။ ဒီနေရာမှာ တစ်ခု သတိထားမိတာက ‘ဝ’ နဲ့ မိုင်းလားက NCA ဆိုတာ သူတို့နဲ့တော့ မဆိုင်ဘူးဆိုတဲ့ ပုံစံမျိုးနဲ့တော့ ကျွန်တော်တို့ကို ဖလှယ်ထားပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ ၂၆ နှစ်တာ ရထားတဲ့ အခွင့်အရေးတွေဟာ ကျွန်တော်တို့ NCA မှာထက်တောင်မကသွားပါဘူး။ သူတို့ ဘာစကားသုံးလဲဆိုတော့ နိုင်ငံရေးဟာသ ဖြစ်တော့မှာပေါ့တဲ့။ ဒီလိုမျိုး အဖွဲ့ဝင် အဖွဲ့များစွာနဲ့ ကွဲပြားမှုတွေ ဖြစ်နေတဲ့ဟာမှာ ဒီ NCA ကိုရဖို့ ထိုးရတဲ့ စိန်ခေါ်မှုကြီးက အကြီးကြီးပါပဲ။ ဒါပေမဲ့ အဖွဲ့ပါတဲ့ သူတွေက ဒါကို ဝမ်းသာစွာနဲ့ ထိုးမှာပါ” ဟု ပြောကြားသည်။အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များအကြား တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး လုပ်ဆောင်ပြီးပါက နိုင်ငံရေးဆွေးနွေးပွဲမူဘောင် ရေးဆွဲချမှတ်ခြင်း၊ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲများ လုပ်ဆောင်ခြင်း၊ နိုင်ငံရေး ဆွေးနွေးပွဲအပေါ် အခြေခံပြီး ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ ကျင်းပခြင်းနှင့် ပြည်ထောင်စုငြိမ်းချမ်းရေး စာချုပ်ချုပ်ဆိုခြင်း၊ ပြည်ထောင်စု ငြိမ်းချမ်းရေးစာချုပ်ကို လွှတ်တော်တွင် အတည်ပြုခြင်း စသည်တို့ကို လုပ်ဆောင်သွားမည်ဖြစ်ပြီး  တိုင်းရင်းသားများအတွက် ခိုင်မာသည့် နိုင်ငံရေးအာမခံချက်များ ရှိပါက လုံခြုံရေးဆိုင်ရာ ပြန်လည်ပေါင်းစည်းခြင်း ကိစ္စများကိုလည်း လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။လက်နက်ကိုင် အဖွဲ့အစည်း များပြားစွာ ရှိနေခြင်းနှင့် အစိုးရလွှတ်တော်နှင့် တပ်မတော်တွင် ပါဝင်သည့် ယန္တရားအားလုံး ဆက်စပ်လုပ်ဆောင်ရခြင်းများကလည်း ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အား နှောင့်နှေးစေသည့် အကြောင်းအရင်းတစ်ခုဖြစ်ပြီး စိန်ခေါ်မှုဖြစ်နေဟု ဇန်နဝါရီ ၁၇ ရက်က ရန်ကုန်မြို့ရှိ Myanmar Peace Center ၌ ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း ဦးဆောင်သည့်အဖွဲ့နှင့် လူငယ်အဖွဲ့အစည်းများ တွေ့ဆုံစဉ် Myanmar Peace Center တာဝန်ရှိသူများက ပြောကြားထားသည်။အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များအကြား တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး လုပ်ဆောင်ရန် ညှိနှိုင်းနေမှုများတွင် ပါဝင်ပတ်သက်မှု အားနည်းသည့် ‘ဝ’ ပြည် သွေးစည်းညီညွတ်ရေးတပ်ဖွဲ့ (UWSA) နှင့် ရှမ်းပြည်နယ်အရှေ့ပိုင်း အထူးဒေသ (၄) မိုင်းလားအဖွဲ့ (NDAA) တို့သည် ဖေဖော်ဝါရီ ၁၂ ရက် ပြည်ထောင်စုနေ့က ပြုလုပ်ခဲ့သည့် “ငြိမ်းချမ်းရေးနှင့် အမျိုးသားပြန်လည် သင့်မြတ်ရေးဆိုင်ရာ” ကတိပြုချက်တွင်လည်း ပါဝင်လက်မှတ်ရေးထိုးခြင်း မပြုခဲ့ပေ။ကေအိုင်အို ဗဟိုကော်မတီ အနေဖြင့် နှစ်ပေါင်းများစွာ ကြုံတွေ့ခဲ့ကြသော နိုင်ငံရေးပဋိပက္ခများ အဆုံးသတ်ကာ တည်တံ့ခိုင်မြဲသော ငြိမ်းချမ်းရေး တည်ဆောက်ရန်အတွက် NCCT က ဆွေးနွေးညှိနှိုင်းလျက်ရှိသော တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး အောင်မြင်သည်အထိ ပူးပေါင်းဆောင်ရွက်မည်ဖြစ်ကြောင်း ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO/KIA) က ဖေဖော်ဝါရီ ၁၂ ရက် (ပြည်ထောင်စုနေ့) တွင် သဘောထား ထုတ်ပြန်ခဲ့သည်။သို့ရာတွင် KIA နယ်မြေအတွင်း၌ အခြေပြု လှုပ်ရှားနေသည့် ရက္ခိုင့်တပ်ဖွဲ့ (AA) အပါအဝင် KIA ၏ မဟာမိတ်များဖြစ်ပြီး NCCT အဖွဲ့ဝင်များလည်းဖြစ်သည့် MNDAA (ကိုးကန့်အဖွဲ့)၊ တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်ဖွဲ့(TNLA) တို့၏ ပူးပေါင်းတပ်ဖွဲ့နှင့် အစိုးရတပ်မတော်တို့အကြား လောက်ကိုင်ဒေသတွင် တိုက်ပွဲများ ဖြစ်နေခြင်းက တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ် မူကြမ်းအား ဆက်လက်ညှိနှိုင်းရန်အတွက် အတားအဆီး ဖြစ်နေကြောင်း သိရသည်။ထို့ပြင် MNDAA (ကိုးကန့်အဖွဲ့)၊ ရက္ခိုင့်တပ်ဖွဲ့(AA) တို့အား အစိုးရက ဆွေးနွေးဘက်အဖြစ် အသိအမှတ် မပြုထားပေ။အစိုးရသစ် လက်ထက်တွင် အဖွဲ့အစည်း ၁၆ ဖွဲ့ကို ဆွေးနွေးဘက်အဖြစ် အသိအမှတ်ပြု ဆွေးနွေးနေပြီး အသိအမှတ် မပြုထားသော လက်နက်ကိုင်အဖွဲ့ ငါးဖွဲ့မှာလည်း တစ်နိုင်ငံလုံး အပစ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့(NCCT)တွင် ပါဝင်ဆွေးနွေးလျက် ရှိသည်။“ငြိမ်းချမ်းရေးနှင့် အမျိုးသားပြန်လည် သင့်မြတ်ရေးဆိုင်ရာ” ကတိပြုချက်ကို ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁၂ ရက်က ကျရောက်သည့် ၆၈ နှစ်မြောက် ပြည်ထောင်စုနေ့တွင် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များဖြစ်သည့် KNU၊ RCSS/SSA၊ KNU/KNLA (PC)၊ DKBA တို့မှ ကိုယ်စားလှယ်များ လက်မှတ်ရေးထိုးခဲ့ကြရာ ယင်းကတိပြုချက်ကို လက်မှတ်ရေးထိုးရန် ကျန်နေသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များနှင့် ပါတီများ ပါဝင်လက်မှတ်ထိုးနိုင်ရေး အစိုးရက ဆောင်ရွက်လျက် ရှိသည်။