လောက်ကိုင်ဒေသတွင်း တိုက်ပွဲများတွင် တပ်မတော်ဘက်မှ ကျဆုံးမှုများခဲ့ပြီး ကိုးကန့်ဟုဆိုသော အဖွဲ့များမှာ တရုတ်နယ်စပ်မှ ကြိုတင် စိမ့်ဝင်ရောက်ရှိကာ စနစ်တကျ ပြင်ဆင်လေ့ကျင့်ထားသော တိုက်ခိုက်ရေးသမားများဖြင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း၊ တိုက်ပွဲဖြစ်စဉ်များနှင့်

လောက်ကိုင်ဒေသတွင်း တိုက်ပွဲများတွင် တပ်မတော်ဘက်မှ ကျဆုံးမှုများခဲ့ပြီး ကိုးကန့်ဟုဆိုသော အဖွဲ့များမှာ တရုတ်နယ်စပ်မှ ကြိုတင် စိမ့်ဝင်ရောက်ရှိကာ စနစ်တကျ ပြင်ဆင်လေ့ကျင့်ထားသော တိုက်ခိုက်ရေးသမားများဖြင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း၊ တိုက်ပွဲဖြစ်စဉ်များနှင့်
Published 13 February 2015
နေထွန်းနိုင်၊ ကျော်ထင်

လောက်ကိုင်ဒေသတွင်း တိုက်ပွဲများတွင် တပ်မတော်ဘက်မှ ကျဆုံးမှုများခဲ့ပြီး ကိုးကန့်ဟုဆိုသော အဖွဲ့များမှာ တရုတ်နယ်စပ်မှ ကြိုတင် စိမ့်ဝင်ရောက်ရှိကာ စနစ်တကျ ပြင်ဆင်လေ့ကျင့်ထားသော တိုက်ခိုက်ရေးသမားများဖြင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း၊ တိုက်ပွဲဖြစ်စဉ်များနှင့် ပတ်သက်၍ မြန်မာနိုင်ငံဆိုင်ရာ တရုတ်စစ်သံမှူးအား အသိပေးထားကြောင်း အစိုးရ သတင်းထုတ်ပြန် 
 
လောက်ကိုင်ဒေသတွင်း ဖြစ်ပွားခဲ့သော တိုက်ပွဲများတွင် တပ်မတော်ဘက်မှ ကျဆုံးမှု များပြားခဲ့ပြီး ကိုးကန့်အဖွဲ့ဟု ဆိုသူများမှာ တရုတ်နယ်စပ်မှ ကြိုတင်စိမ့်ဝင် ရောက်ရှိကာ ဒုံးပစ်လောင်ချာ၊ လေယာဉ်ပစ် စက်သေနတ်များ အပါအဝင် စနစ်တကျ ပြင်ဆင်လေ့ကျင့်ထားသူများဖြင့် တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း၊ တိုက်ပွဲဖြစ်စဉ်များနှင့် ပတ်သက်၍ မြန်မာနိုင်ငံဆိုင်ရာ တရုတ်စစ်သံမှူးအား အသိပေးထားကြောင်း ဖေဖော်ဝါရီ ၁၂ ရက် ညပိုင်းတွင် အစိုးရသတင်းဌာနများမှ တစ်ဆင့် သတင်းထုတ်ပြန်ခဲ့သည်။ 
 
ဖေဖော်ဝါရီ ၉ ရက်တွင် စတင်ခဲ့သော တိုက်ပွဲများနှင့် ပတ်သက်၍ သတင်းထုတ်ပြန်မှုများသည် သာမန်အဆင့် တိုက်ပွဲငယ်ပုံစံအဖြစ်သာ သတင်းထုတ်ပြန်ခဲ့ခြင်း၊ ကိုးကန့်အဖွဲ့ဟု ဆိုသူများ၏ အင်အားစာရင်းကို ဖော်ပြရာ၌ အင်အား ၁ဝဝဝ ခန့် ရှိသော်လည်း  ၁ဝဝ ခန့်သာ ရှိသည်ဟူ၍ ပြောဆိုခဲ့ခြင်း၊ တိုက်ပွဲများသည် တိုင်းရင်းသားလက်နက်ကိုင်များနှင့် ဖြစ်ပွားသည့် ပုံစံမျိုး မဟုတ်ကြောင်း ဒေသခံများက ပြောဆိုချက်များနှင့် ကွဲလွဲနေခြင်း အစရှိသဖြင့်  အစိုးရ၏ ယခင်ထုတ်ပြန်မှုများအပေါ် ဝေဖန်မှုများ ထွက်ပေါ်ခဲ့ပြီးနောက် အပြည့်စုံဆုံးအနေဖြင့် ဖေဖော်ဝါရီ ၁၂ ရက်တွင် အစိုးရက သတင်းထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။ 
 
အစိုးရ၏ သတင်းထုတ်ပြန်ချက်အရ ဖေဖော်ဝါရီ ၉ ရက်မှ ၁၂ ရက်အတွင်း တိုက်ပွဲ ၁၃ ကြိမ် ဖြစ်ပွားခဲ့ပြီး တပ်မတော်ဘက်မှ အရာရှိ ငါးဦးနှင့် စစ်သည် ၄၂ ဦး ကျဆုံးခဲ့ပြီး အရာရှိ ၁၁ ဦးနှင့် စစ်သည် ၆၂ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ ကိုးကန့်အဖွဲ့ဟု ဆိုသူများ၏ ကျဆုံးဒဏ်ရာရ စာရင်းကို ပြောဆိုရာတွင်မူ  “ကိုးကန့်တိမ်းရှောင်အဖွဲ့ထံမှ လက်နက်အချို့ သိမ်းဆည်းရမိခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိမှု အချို့ရှိခဲ့ကြောင်း”ကိုသာ ဖော်ပြခဲ့ပါသည်။ 
 
တိုက်ပွဲများတွင် ၎င်းတို့ ပါဝင်သည်ဟု ပြောဆိုထားသော ကိုးကန့်အဖွဲ့ (MNDAA) ၏ ထုတ်ပြန်ချက်တွင် ၎င်းတို့ဘက်မှ သုံးဦးကျဆုံးပြီး ငါးဦးဒဏ်ရာရရှိကာ အစိုးရဘက် မှ ဒဏ်ရာရသူနှင့် ကျဆုံးသူ ၇ဝ ဦးရှိကြောင်း သတင်းထုတ်ပြန်ခဲ့သည်။ 
 
အစိုးရ၏ သတင်းထုတ်ပြန်ချက်တွင် ထူးခြားချက်အနေဖြင့် လောက်ကိုင်ဒေသခံများ ပြောကြားသည့် အချက်အလက်များနှင့် တူညီမှုရှိသည်များကို ထည့်သွင်းဖော်ပြခဲ့ခြင်း ဖြစ်သည်။ 
 
လောက်ကိုင်ဒေသခံများက ယခုဖြစ်ပွားခဲ့သော တိုက်ပွဲများသည် တပ်မတော်နှင့် တိုင်းရင်းသားလက်နက်ကိုင်များအကြား ဖြစ်ပွားလေ့ရှိသော တိုက်ပွဲပုံစံများနှင့် တူညီမှုမရှိကြောင်း ဆိုကြသည်။ 
 
အစိုးရ၏ သတင်းထုတ်ပြန်ချက်တွင်လည်း ဒေသခံရွာများ၏ ပြောကြားချက်အရ ကိုးကန့် တိမ်းရှောင်အဖွဲ့သည် တာရွှေထန် နှင့် ၁၈ မိုင်လမ်းဆုံအနီး ကြိုတင်စိမ့်ဝင် ရောက်ရှိနေခြင်း ဖြစ်ကြောင်း၊ ထိုသူများသည် သစ်လွင်သော ယူနီဖောင်းများ ဝတ်ဆင်ထားပြီး အသွင်သဏ္ဌာန်အရ ခရီးဝေးမှ လာရောက်ဟန်မရှိဘဲ  လန်းဆန်းသည့် အနေအထားရှိကြောင်း၊ ၎င်းတို့လှုပ်ရှားရာတွင် လျင်မြန်လွယ်ကူစွာ ရွှေ့ပြောင်းနိုင်ရေး နယ်စပ်ဒေသ ကုန်သွယ်ရေးနှင့် ကုန်ထုတ်လုပ်မှု ပြုလုပ်ရန် ဖောက်လုပ်ထားသော လမ်းများကို အသုံးပြု၍ အမျိုးအစားကောင်းမွန်သော ယာဉ်ငယ်များဖြင့် ရွှေ့ပြောင်းမှုများ ဆောင်ရွက်ကြကြောင်း၊ တိုက်ပွဲဖြစ်ပွားရာတွင် ဒုံးပစ်လောင်ချာနှင့် လက်ပစ်ဗုံးအရေအတွက် များပြားစွာ သုံးစွဲနိုင်ပြီး လေယာဉ်ပစ် စက်သေနတ်ကြီးများကိုလည်း အဖွဲ့အားလုံးတွင် ဖြန့်ခွဲ အသုံးပြုနိုင်ကြောင်းနှင့် ၎င်းတို့၏ လှုပ်ရှားမှုနှင့် တိုက်ပွဲဝင်သည့် အနေအထားမှာ စနစ်တကျ ပြင်ဆင်လေ့ကျင့်ထားသူများဖြစ်ကြောင်း သိရသည်။ 
 
ဒေသခံများ၏ ပြောကြားချက်များနှင့် ကွဲလွဲမှုမရှိသော အဆိုပါအချက်များအရ  ကိုးကန့်အဖွဲ့ဟု ဆိုသူများသည် ပြည်တွင်းရှိ တိုင်းရင်းသားလက်နက်ကိုင်များ၏ အခြေအနေနှင့် ကွဲပြားလျက်ရှိနေပြီး ပူးပေါင်းအဖွဲ့ဟု ဆိုသော်လည်း ၎င်းတို့သည် တရုတ်နိုင်ငံဘက်မှ ဝင်ရောက်လာသော တရုတ်ကြေးစား စစ်သားများ၊ တရုတ်ဘာသာစကားပြောပြီး တရုတ်ဘာသာဖြင့် ရေးသားထားသော အလံ ကိုင်ဆောင်ထားသူများဖြစ်ကြောင်း သိရသည်။ 
 
MNDAA အဖွဲ့ကမူ ယခုတိုက်ပွဲများတွင် ၎င်းတို့ဘက်မှ အင်အား ၁ဝဝဝ ခန့် ပါဝင်သည်အချက် မှန်ကန်ကြောင်း ပြောဆိုထားပြီး ထိုအင်အားများကို မည်သို့ စုဆောင်းခဲ့သည်ဆိုခြင်းကို ပြောဆိုခဲ့ခြင်း မရှိပေ။ 
 
ကိုးကန့်အဖွဲ့သည် ၂ဝဝ၉ ခုနှစ်က နယ်ခြားစောင့်တပ်ကိစ္စ အပါအဝင် မူးယစ်ဆေးဝါး ထုတ်လုပ်မှုများကြောင့် တပ်မတော်နှင့် တိုက်ပွဲဖြစ်ပွားခဲ့ပြီး လေးရက်အတွင်းမှာပင် ၎င်းတို့လှုပ်ရှားနယ်မြေကို စွန့်ခွာကာ တရုတ်နိုင်ငံဘက်သို့ ထွက်ပြေး တိမ်းရှောင်သွားခဲ့သည်။ 
အဖွဲ့ခေါင်းဆောင် ဖုန်ကြားရှင်မှာလည်း “ဝ” ဒေသသို့ လည်းကောင်း၊ တရုတ်နိုင်ငံဘက်သို့ လည်းကောင်း ထွက်ပြေးသွားခဲ့သည်ဟု သတင်းထွက်ခဲ့သည်။ 
 
ပြီးခဲ့သည့် ငါးနှစ်တာကာလအတွင်း ကိုးကန့်အဖွဲ့၏ အင်အားမှာ ပြိုကွဲ လျော့ပါးသွားခဲ့သော်လည်း ၂ဝ၁၄ ခုနှစ် ဒီဇင်ဘာလတွင် ဖုန်ကြားရှင် ပြန်ပေါ်လာကာ တစ်လကျော်အကြာတွင် တိုက်ပွဲစတင်ခဲ့ခြင်း ဖြစ်သည်။ 
 
အသက် ၈၄ နှစ်အရွယ်ရှိ  ဖုန်ကြားရှင်ကို တရုတ်နိုင်ငံ Globle Times သတင်းစာက အင်တာဗျူးပြုလုပ်ကာ အဆိုပါအင်တာဗျူးတွင် အစိုးရအား ပြန်တိုက်မည်ဟု ဖုန်ကြားရှင်က ပြောကြားခဲ့သည်။ 
 
ဖုန်ကြားရှင် အင်တာဗျူး ထွက်ရှိခဲ့ပြီး တစ်လကျော်အကြာတွင် တရုတ်-မြန်မာနယ်စပ်နှင့် အနီးစပ်ဆုံး လောက်ကိုင်ဒေသတွင် တိုက်ပွဲဖြစ်ပွားခဲ့ကာ တိုက်ပွဲစတင်ပြီး တစ်ရက်အကြာ ဖေဖော်ဝါရီ ၁ဝ ရက်၌ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ထူးခြားသော ထုတ်ဖော်ပြောဆိုမှုကို ပြုလုပ်လာခဲ့သည်။ 
 
အဆိုပါ ထုတ်ဖော်ပြောဆိုမှုတွင် တိုက်ပွဲများနှင့် ပတ်သက်ပြီး တရုတ်အစိုးရအနေဖြင့် စိုးရိမ်ပူပန်ကြောင်း၊ မြန်မာနိုင်ငံမြောက်ပိုင်း ပဋိပက္ခများ၊ တင်းမာမှုများကို သက်ဆိုင်ရာအဖွဲ့အစည်းများဖြင့် ငြိမ်းချမ်းစွာ ညှိနှိုင်းဖြေရှင်းရန်နှင့် တရုတ်နိုင်ငံဘက်ခြမ်း လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးကို ထိခိုက်ခံမည် မဟုတ်ကြောင်း ပါရှိခဲ့သည်။ 
 
၂ဝဝ၉ ခုနှစ်တွင် ကိုးကန့်အဖွဲ့အား တိုက်ခိုက်ခဲ့ချိန်မှ စတင်ပြီး ငါးနှစ်ကြာကာလအတွင်း ဖုန်ကြားရှင် ဦးဆောင်သော ကိုးကန့်အဖွဲ့နှင့် ငြိမ်းချမ်းစွာ ညှိနှိုင်းဖြေရှင်းရန် တရုတ်နိုင်ငံဘက်က ပြောဆိုမှုများ မရှိခဲ့ပေ။ သို့သော် အစိုးရ၏ ငြိမ်းချမ်းရေးဆွေးနွေးပွဲများတွင် ကိုးကန့်အဖွဲ့ ပါဝင်ခဲ့ကာ ပြီးခဲ့သည့်နှစ်အတွင်း ပြုလုပ်ခဲ့သော ငြိမ်းချမ်းရေးဆွေးနွေးပွဲတစ်ရပ်၌ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးဆိုင်ရာ သဘောတူစာချုပ် လက်မှတ်ရေးထိုးရာတွင် ကိုးကန့်အဖွဲ့အား ထည့်သွင်းမည် မဟုတ်ကြောင်း ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက ပြောကြားခဲ့ကြောင်း သိရသည်။
 
ထိုအချိန်နောက်ပိုင်း တရုတ်သတင်းစာ၏ စင်တင်ပေးမှုမှတစ်ဆင့် ဖုန်ကြားရှင် ပြန်ပေါ်လာကာ တရုတ်နိုင်ငံဖွားနှင့် တရုတ်ဘာသာစကား အသုံးပြုသူများ၊ တရုတ် ဘာသာစကားဖြင့် ရေးသားထားသော အလံ ကိုင်ဆောင်ထားသည့် ကိုးကန့်အဖွဲ့ဟုဆိုသူ များက  မြန်မာနိုင်ငံအတွင်း ဝင်ရောက် တိုက်ခိုက်လာခြင်း ဖြစ်သည်ဟု စစ်ရေး အကဲခတ်များက ပြောကြားသည်။
 
သမိုင်းအထောက်အထားများ အရလည်း ၁၉၆၈ ခုနှစ်၊ ၁၉၇ဝ ပြည့်နှစ် နှင့် ၁၉၈ဝ ပြည့်နှစ် နောက်ပိုင်းကာလများတွင်လည်း တရုတ်၏ စစ်ရေးအကူအညီဖြင့် တရုတ်များ ဗမာပြည် ကွန်မြူနစ်ပါတီသို့ ဝင်ရောက်ပြီး တိုက်ခိုက်မှုများ ပြုလုပ်ခဲ့သည်ဟု ဗကပ အဖွဲ့ဝင်ဟောင်းတစ်ဦးက ပြောကြားခဲ့သည်။
 
အစိုးရ၏ ထုတ်ပြန်ချက်အရ သောင်းကျန်းသူအဖွဲ့များသည် ပြည်ထောင်စုနေ့မတိုင်မီ လောက်ကိုင်မြို့အား သိမ်းပိုက်ရန် ရည်မှန်းချက်ထား ဆောင်ရွက်ခဲ့ကြောင်းနှင့်  လောက်ကိုင်တပ်နယ်၊ ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ရုံး၊ အကျဉ်းဦးစီးဌာနနှင့် ရဲစခန်းများကို ဝင်ရောက်တိုက်ခိုက်မှုများ ရှိခဲ့ကြောင်း သိရသည်။ 
 
စစ်ရေးအကဲခတ်များ၏ ပြောကြားချက်အရလည်း လောက်ကိုင်ဒေသတိုက်ပွဲများသည် စနစ်တကျ လှုပ်ရှားဆောင်ရွက်ခြင်း ဖြစ်ကြောင်း သုံးသပ်ခဲ့ပြီး လက်နက်နှင့် လူအင်အား သုံးစွဲမှုမှာလည်း “ဝ” သွေးစည်းညီညွတ်ရေး တပ်မတော် (UWSA) မှ လွဲ၍  အခြား တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ သုံးစွဲပုံနှင့် တူညီမှုမရှိကြောင်း ပြောကြားခဲ့ကြသည်။ 
 
သံလွင်မြစ်အရှေ့ဘက်ခြမ်းတွင် “ဝ”  သွေးစည်းညီညွတ်ရေး တပ်မတော် အထူးဒေသ (၂)၊ မိုင်းလား အထူးဒေသ (၄) နှင့်   ယခင် အထူးဒေသ(၁) ဖြစ်သော လောက်ကိုင်ဒေသနယ်မြေများသည် ဆက်စပ်လျက် ရှိနေပါသည်။ 
 
ထူးခြားချက်အနေဖြင့် လက်ရှိအချိန်တွင် “ဝ” နှင့် မိုင်းလားအဖွဲ့တို့မှာ ရပ်တည်ချက်တူညီပြီး မဟာမိတ် ပုံစံထက်ပိုသော နှစ်ဖွဲ့ပေါင်း တစ်ဖွဲ့ရပ်တည်မှုဖြင့် နေထိုင်နေကြသူများ ဖြစ်ကြောင်း စစ်ရေးအကဲခတ်များက ပြောကြားသည်။ 
 
ထို့အတူ “ဝ” အဖွဲ့နှင့်အတူ ရပ်တည်နေသည့် “မိုင်းလား”အဖွဲ့ ခေါင်းဆောင် စိုင်းလင်းသည် ဖုန်ကြားရှင်၏ သမက်ဖြစ်သည့်အတွက် လောက်ကိုင်ဒေသ တိုက်ပွဲများ၏ နောက်ကွယ်တွင် “ဝ” နှင့် မိုင်းလားအဖွဲ့တို့ လည်း ပါဝင်ပတ်သက်နိုင်သည် ဆိုသော သတင်းများလည်း ထွက်ပေါ်ခဲ့သည်။ 
 
“ဝ” အဖွဲ့၏ “ဝ” သွေးစည်းညီညွတ်ရေး တပ်မတော် (UWSA) သည် မြန်မာနိုင်ငံအတွင်း တိုင်းရင်းသား လက်နက်ကိုင်များအနက် အင်အားအကြီးဆုံး ဖြစ်သည့်အပြင် ခေတ်မီ စစ်လက်နက်ပစ္စည်းများကိုလည်း ဝယ်ယူအသုံးပြုနိုင်သူများ ဖြစ်သည့်အပြင် လက်နက်စက်ရုံ ပိုင်ဆိုင်မှုလည်း ရှိနေပါသည်။  
 
ထို့အပြင် နှစ်ဖက်ငြင်းဆိုမှုများ ရှိနေသော်လည်း UWSA တပ်ဖွဲ့ဝင်များကို တရုတ်ထောက်လှမ်းရေးများက စစ်ပညာ သင်ကြားပေးမှုများ ရှိခဲ့သည်ဟု မြန်မာ့အရေးကျွမ်းကျင်သူ ဘာတေးလစ်တနာက အခိုင်အမာပြောကြားခဲ့ဖူးသည်။ 
 
UWSA အနေဖြင့် တပ်မတော်နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP/SSA) တို့ ဖြစ်ပွားသော တိုက်ပွဲများတွင် စစ်ကူပေးခြင်းများ၊ တပ်မတော်နှင့် ကချင်လွတ်လပ်ရေး အဖွဲ့ (KIO/KIA) တို့ ဖြစ်ပွားသော တိုက်ပွဲများတွင် လက်နက်ကူညီမှုများ ရှိသည်ဆိုသော သတင်းများလည်း ရှိနေခဲ့သည်။ 
 
UWSA သည် တိုင်းရင်းသား အဖွဲ့အစည်း အမည်ခံထားသော်လည်း အဖွဲ့၏ ပေါ်လစ်ဗျူရို၌ မြန်မာပြည်တွင် မွေးဖွားသူများ မပါဝင်ဘဲ တရုတ်နိုင်ငံဖွားများသာ ဖြစ်နေကာ ၎င်းတို့၏ ဆုံးဖြတ်ချက်များကို တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ် အုပ်ချုပ်ရေးမှူးနှင့် တိုင်ပင်ပြီးမှ ချမှတ်လေ့ရှိကြောင်း သတင်းများလည်း ရှိနေသည်။
 
မြန်မာနိုင်ငံအတွင်း တရုတ်စီမံကိန်းများ၊ တရားမဝင် သစ်ထုတ်လုပ်မှုအပါအဝင် သယံဇာတစီးဆင်းမှုများသည် တရုတ်နိုင်ငံသို့ တရားမဝင် ရောက်ရှိနေသည့်အပေါ် မြန်မာ ပြည်သူလူထု၏ မကျေနပ်မှုများ မြင့်တက်နေချိန်တွင် ကိုးကန့်အဖွဲ့ဟု ဆိုသူများ၏ တိုက်ပွဲများ ပေါ်ပေါက်လာခြင်း ဖြစ်သည်။ 
 
လက်ရှိအချိန်တွင် မြန်မာ-တရုတ်နယ်စပ်တွင် ဖြစ်ပေါ်ခဲ့သော ဖြစ်စဉ်များနှင့် ပတ်သက်၍ မြန်မာနိုင်ငံဆိုင်ရာ တရုတ်စစ်သံမှူးကို မြန်မာအစိုးရက အသိပေးပြောကြားထားပြီး  တပ်မတော်အနေဖြင့် ကိုးကန့်အဖွဲ့ဟုဆိုသူများ နယ်စပ်ဒေသတစ်လျှောက် စိမ့်ဝင်ထိုးဖောက်ခြင်း မပြုနိုင်ရေးအတွက် အင်အားဖြည့်တင်း ဆောင်ရွက်နေကြောင်း အစိုးရက သတင်းထုတ်ပြန်ထားပါသည်။
 

Most Read

Most Recent