၂၀၁၅ ရွေးကောက်ပွဲအလွန်တွင် ငြိမ်းချမ်းရေးဖြစ်စဉ် ဆက်လက်အကောင်အထည် ဖော်နိုင်ရေး အာမခံချက်ပေးရန် UPWC နှင့် NCCT တို့ထံ လူမှုအဖွဲ့အစည်းများ တင်ပြ

၂၀၁၅ ရွေးကောက်ပွဲအလွန်တွင် ငြိမ်းချမ်းရေးဖြစ်စဉ် ဆက်လက်အကောင်အထည် ဖော်နိုင်ရေး အာမခံချက်ပေးရန် UPWC နှင့် NCCT တို့ထံ လူမှုအဖွဲ့အစည်းများ တင်ပြ
Published 8 February 2015
အောင်ဇော်ထွန်း

၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲလွန် ကာလတွင် ငြိမ်းချမ်းရေးဖြစ်စဉ် ဆက်လက်အကောင်အထည် ဖော်နိုင်ရေးအတွက် လိုအပ်သည့် အာမခံချက်များပေးရန် အစိုးရ၏ ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ (UPWC) နှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များ၏ တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ (NCCT) တို့ထံ အရပ်ဘက် လူမှုအဖွဲ့အစည်းများက တင်ပြတောင်းဆိုခဲ့ကြောင်း သိရသည်။၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲလွန် ကာလတွင် ငြိမ်းချမ်းရေးဖြစ်စဉ် ဆက်လက်အကောင်အထည် ဖော်နိုင်ရေးအတွက် လိုအပ်သည့် အာမခံချက်များမှာ တပ်မတော်နှင့် တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့များမှ လက်ရှိသဘောတူညီထားချက်များကို တာဝန်ယူပြီး အကောင်အထည်ဖော်ရန်၊ နိုင်ငံရေး ဆွေးနွေးမှုများကို အာမခံချက်ပေးသော တစ်နိုင်ငံလုံးဆိုင်ရာ အပစ်အခတ် ရပ်စဲရေးစာချုပ်ကို ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲ မတိုင်မီ မဖြစ်မနေ လက်မှတ်ထိုးနိုင်ရန်နှင့် ယင်းစာချုပ်ကို ပြည်ထောင်စုလွှတ်တော်၌ ထပ်မံဆွေးနွေးခြင်း မပြုဘဲ အတည်ပြုပေးရန် ငြိမ်းချမ်းရေး တည်ဆောက်မှုဆိုင်ရာ မူဝါဒတစ်ရပ်ကို ရေးဆွဲပြဋ္ဌာန်းရန်၊ ငြိမ်းချမ်းရေး အထောက်အပံ့ ရန်ပုံငွေကို ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အား ပိုမိုအကျိုးပြုသော လုပ်ငန်းများအတွက်သာ ဦးစားပေး အသုံးပြုရန်တို့ ဖြစ်ကြောင်း သိရသည်။(၉) ကြိမ်မြောက် အရပ်ဘက် လူ့အဖွဲ့အစည်းများ၏ ငြိမ်းချမ်းရေးဖိုရမ် ဆွေးနွေးပွဲ ရလဒ်များနှင့် ပတ်သက်ပြီး ဖေဖော်ဝါရီ ၇ ရက်က ရန်ကုန်မြို့ရှိ Myanmar Peace Center ၌ ဖိုရမ်ကိုယ်စားလှယ်များနှင့် UPWC ဒုတိယဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းတို့ တွေ့ဆုံဆွေးနွေးခဲ့သည်။ထို့သို့ တွေ့ဆုံရာတွင် အရပ်ဘက် လူမှုအဖွဲ့အစည်းများက တပ်ပိုင်းဆိုင်ရာ ကိစ္စရပ်များ၊ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အပေါ် ပြည်သူလူထု၏ ယုံကြည်မှု တည်ဆောက်နိုင်ရေး၊ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင် လူထုပါဝင်ရေး ကိစ္စ၊ ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲလွန် ကာလတွင် ငြိမ်းချမ်းရေးဖြစ်စဉ် ဆက်လက်အကောင်အထည် ဖော်နိုင်ရေးအတွက် လိုအပ်သည့် အာမခံချက်များနှင့် ပတ်သက်ပြီး အသေးစိတ်ဆွေးနွေး တင်ပြခဲ့ရာ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက ယင်းအချက် အများစုသည် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ် (NCA) တွင် ပါဝင်သည့် အချက်များ ဖြစ်သည့်အတွက် ယင်းစာချုပ်ကို ချုပ်ဆိုနိုင်ပါက အလိုလို ပြေလည်သွားမည်ဟု ပြောကြားခဲ့ကြောင်း သိရသည်။အဆိုပါ ဆွေးနွေးမှုနှင့် ပတ်သက်ပြီး ငြိမ်းဖောင်ဒေးရှင်းမှ ဒေါ်နန်ရော်က “ဝန်ကြီးအနေနဲ့ သက်ဆိုင်ရာ ဝန်ကြီးတွေဆီကို ထပ်ပြီးတော့ ဖြန့်ပေးပါမယ်လို့ တာဝန်ခံသွားပါတယ်။ တပ်နဲ့ဆိုင်တဲ့ ကိစ္စတွေ IDP နဲ့ဆိုင်တဲ့ ကိစ္စတွေဆိုရင် များသောအားဖြင့် NCA မှာ အားလုံးပါတယ်။ NCA စာချုပ်ချုပ်ပြီးရင် အားလုံးပြေလည်သွားမယ်လို့ ပြောတာပေါ့။ ဒါပေမဲ့ ကျွန်မတို့ ရည်ရွယ်တာကျတော့ ဒီဟာတွေ ဖြစ်ပေါ်လာတာက နှစ်ဖက်သဘောတူညီချက်တွေ ရှိနေရဲ့နဲ့ ဖြစ်နေတဲ့ဟာတွေကို ကျွန်မတို့က မီးမောင်းထိုးချင်တာ” ဟု ပြောကြားသည်။