သူ (သို့မဟုတ်) . . .

သူ (သို့မဟုတ်) . . .
Published 6 February 2015
မောင်ကြည်

၁၉၁၅ ခုနှစ် ဖေဖော်ဝါရီ ၁၃ ရက်၊ ၁၂၇၆ ခုနှစ် တပေါင်းလဆန်း ၁ ရက် စနေနေ့ နံနက်လင်းအားကြီး အချိန်မှာ မကွေးတိုင်းထဲက နတ်မောက်ဆိုတဲ့ တောမြို့လေးမှာ သူ့ကို မွေးဖွားခဲ့ပါတယ်။ သူ့ဇာတာကို နာမည်ကျော် ဆရာဦးထွန်းမြတ်က ‘ဘုံပညာနှင့် ပြည့်စုံသော သတိုးသားကို မာတာမိခင် ဖွားသန့်စင်သည်၊ နာမသညာ ခေါ်တွင်ရာကား မောင်ထိန်လင်း အသက်ရာကျော် ရှည်စေသော်’ ဆိုပြီး ဇာတာဖွဲ့ပေးခဲ့ပါတယ်။ ‘ဘုန်းပညာ’ လို့ မရေးဘဲ ‘ဘုံပညာ’ လို့ ရေးသားထားတာကလည်း သူ့ဇာတာရဲ့ ထူးခြားချက်လို့ ဆိုရပါမယ်။သူ့နာမည်ကို ‘မောင်ထိန်လင်း’ လို့ မှည့်ခေါ်ခဲ့ပေမယ့် သူ့အထက်က အစ်ကို ‘အောင်သန်း’ နာမည်နဲ့ လိုက်ဖက်အောင် သူ့နာမည်ကို ‘အောင်ဆန်း’ လို့ ပြောင်းလဲခေါ်တွင်စေခဲ့ပါတယ်။ ဖေဖော်ဝါရီ ၁၃ ရက်ဟာ ကမ္ဘာကျော် နက္ခတ်ဗေဒင် ဆရာကြီး ကိုင်ရိုရဲ့ အဆိုအရ အစိုးရထီးနန်းတို့ကို ဖြိုဖျက်နိုင်စွမ်း ရှိသူများကို မွေးဖွားတတ်သော ဇာတာဟု ပြောပါတယ်။ အဲဒါကြောင့် သူဟာ ငယ်ငယ်ကတည်းက သူပုန်ထချင်တဲ့ ဇာတာပါလာသူပါ။ သူတက္ကသိုလ် ရောက်တဲ့အခါ အင်္ဂလိပ်လက်မှ မြန်မာပြည်ကို ပြန်ယူဖို့ သူပုန်ထနည်း အမျိုးမျိုးကို စဉ်းစားခဲ့ဖူးတာ အဲဒီဇာတာ အစွမ်းကြောင့်ပဲ ဖြစ်မယ်ထင်ပါတယ်။သူငယ်စဉ်က တော်တော်နှင့် စကားမပြောသောကြောင့် မိဘများက ဆွံ့အကလေး ဖြစ်နေလေမလားလို့တောင် တွေးပူခဲ့ရပါတယ်။ သူဟာ ညီအစ်ကိုတွေထဲမှာ အငယ်ဆုံးဖြစ်လို့ အလိုလိုက်ထားတဲ့အတွက် အသက်ရှစ်နှစ်ရောက်မှ ကျောင်းစနေပါတယ်။ အစ်ကိုဖြစ်သူ ကိုအောင်သန်း ရှင်ပြုသောအခါ သူပါပြုချင်ကြောင်း ပူဆာရာမိခင်က ရှင်လောင်းဆိုတာ စာတတ်မှဟု ပြောသောကြောင့် ကျောင်းစနေဖြစ်ခဲ့ပါတယ်။သူဟာ ဉာဏ်ကောင်းတဲ့အတွက် တန်းကျော်တက်ပြီး လေးနှစ်နဲ့ ၁၀ တန်းအောင် ခဲ့ပါတယ်။ သူဟာ ငယ်စဉ်ကတည်းက မလိမ်တတ်ပါဘူး။ ဘုန်းကြီးကျောင်းသားဘဝမှာ နေ့လယ်နေ့ခင်း ကျောင်းသားတွေကို အိပ်စေချင်သောကြောင့် ဘုန်းကြီးက ‘မအိပ်ချင်ဘူးလား’ ဟု မေးသောအခါ တခြားကျောင်းသားတွေက ‘အိပ်ချင်ပါတယ်’ ဟု ပြောပေမယ့် သူကတော့ ‘မအိပ်ချင်ပါ ဘုရား’ ဟု စိတ်ထဲရှိတဲ့အတိုင်း ပြန်ဖြေပါတယ်။သူ့မိဘတွေဟာ သူငယ်စဉ်က ပစ္စည်းအတော်အတန်ရှိတဲ့ ကြွေးရှင်မြီရှင်တွေ ဖြစ်ပါတယ်။ ပိုက်ဆံချေးဖို့အတွက် ဆင်းရဲသားတွေဟာ သူ့အိမ်ကို အမြဲ ဝင်ထွက်နေရပါတယ်။ ငွေတိုးမပေးနိုင်တဲ့ ဆင်းရဲသားတွေကို သူ့အမေက ကြိမ်းမောင်းတဲ့အခါတိုင်း ငွေတိုးကြီးစနစ်ရဲ့ ဆိုးရွားပုံကို အဲဒီအချိန်ကတည်းက စိတ်ထဲမှာတွေးပြီး သူစိတ်မကောင်း ဖြစ်နေခဲ့ပါတယ်။သူဟာ ၁၉၃၂ မှာတော့ ရေနံချောင်း အမျိုးသားကျောင်းမှ ၁၀ တန်းကို အထူးမှတ်နဲ့ အောင်မြင်ခဲ့ပါတယ်။ ရန်ကုန်တက္ကသိုလ်ကို ရောက်တဲ့အခါ ပဲခူးဆောင်မှာနေပြီး ဆက်လက်ပညာသင်ကြားခဲ့တယ်။ ပဲခူးဆောင် မြေညီထပ်မှာရှိတဲ့ သူ့အခန်းဟာ စက္ကူစုတ်တွေ၊ အမှိုက်စုတ်တွေနဲ့ ဖုန်တွေတက်ပြီး ဖြစ်ချင်တိုင်း ဖြစ်နေခဲ့တာပေါ့။ ကြေးညှော်အထပ်ထပ်နဲ့ မှို့တွေထွက်နေတဲ့ အိပ်ရာပေါ်မှာပဲ သူဟာ နိုင်ငံရေးစာအုပ်တွေကို တကုပ်ကုပ်နဲ့ အဆက်မပြတ် ဖတ်နေခဲ့တာပေါ့။ စာကတော့ ဖတ်သလားမမေးနဲ့။ ရေကလည်း သုံးလေးရက်နေလို့ ဘေးလူတွေ ဝိုင်းပြောမှ ချိုးသတဲ့။သူလမ်းလျှောက်ရင် ဘေးဘီဝဲယာကို မကြည့်ဘဲ အောက်ငုံ့ကာ စိုက်စိုက်စိုက်စိုက်နဲ့ အရမ်းမြန်တယ်။ လမ်းတွေ့တဲ့သူက နှုတ်ဆက်ရင်လည်း ပြန်ပြောချင်မှ ပြောသတဲ့။ တွေးချင်ရာတွေး ငေးချင်ရာငေးပြီး ဘယ်သူ့မှ ဂရုစိုက်ပုံလည်း မပေါ်ဘူး။ ဒါကြောင့် အဲဒီအချိန်က သူနဲ့ အတန်းတူတက်ရသူတွေက ‘အောင်ဆန်းဆိုတဲ့ ငတိဟာ နည်းနည်းမှ ဆိုရှယ်မဖြစ်ဘူး’ လို့ ဝေဖန်ကြသတဲ့။သူစကားပြောရင်လည်း ပြောစမှာ ခပ်လေးလေးနဲ့ ထစ်ထစ်ငေါ့ငေါ့ ဖြစ်နေရာက အရှိန်ရလာတဲ့အခါ သွက်လာပါတယ်။ အထစ်အငေါ့ မရှိတော့ဘဲ ကြာလေ ဒေါသသံ ပါလာလေ။ စားပွဲနောက်မှ စားပွဲစွန်း၊ အဲဒီနောက် စားပွဲရှေ့ကိုတောင် ရောက်လာတတ်ပါတယ်။ သူပြောချင်ရင် နားထောင်သူ ရှိရှိ မရှိရှိ စွတ်ရွတ်ပြောတော့တာပါပဲ။ ပြောပြီးရင် ဘယ်သူ့မှ မကြည့်ဘဲ ထွက်သွားတော့တာပဲ။ သူဟာ ပင်နီအင်္ကျီကုပ်ပြဲ ချည်လုံချည်အဟောင်း၊ ဆံပင်စုတ်ဖွားနဲ့ နိုင်ငံရေးကလွဲပြီး ကျောင်းစာကိုတောင် သိပ်စိတ်မဝင်စားပါဘူး။ ရန်ကုန်တက္ကသိုလ်မှာ ခြောက်နှစ်ခွဲလောက် နေခဲ့ရပေမယ့် နိုင်ငံရေးစိတ်က ပြင်းထန်တာမို့ ကျောင်းစာမကြည့်၊ အတန်းမမှန်၊ မှတ်စုစာအုပ်လည်းမထား၊ နောက်ဆုံးတော့ ဘီအယ်လ်ပထမနှစ် စာမေးပွဲ ကျရှုံးပါလေရော။ ဒါပေမဲ့ အဲဒီစာမေးပွဲက သူ့ဘဝမှာ ပထမဆုံးနဲ့ နောက်ဆုံးကျတဲ့ စာမေးပွဲပါပဲ။၁၉၃၅-၃၆ မှာ သူ အိုးဝေမဂ္ဂဇင်းရဲ့ တာဝန်ခံအယ်ဒီတာ ဖြစ်လာခဲ့တယ်။ အဲဒီနှစ်မှာပဲ ညိုမြက ‘ငရဲခွေးကြီး လွတ်နေပြီ’ ဆိုပြီး ဆောင်းပါးတစ်ပုဒ် ရေးတယ်။ အဲဒီဆောင်းပါးက ရန်ကုန်တက္ကသိုလ် ကျောင်းအုပ်ကြီး ဒီဂျေစလော့စ်ကို တိုက်ခိုက်ထားတာပါ။ ဒါကိုသိတော့ မစ္စတာစလော့စ်က သူ့ကိုခေါ်တွေ့ပြီး ရေးသူကိုပြောဖို့ အမိန့်ပေးတယ်။ သူက ‘လုပ်ချင်သလိုလုပ်ပါ။ ထုတ်မပြောနိုင်ဘူး’ လို့ ပြန်ပြောခဲ့ပါတယ်။ နောက်ဆုံး သူ့ကို ကျောင်းထုတ်လိုက်တဲ့အတွက် ၁၉၃၆ မှာ တက္ကသိုလ်ကျောင်းသားသပိတ် ပေါ်ပေါက်လာပါတော့တယ်။
သူဟာ အသက် ၂၀ မှာ ကျောင်းသားခေါင်းဆောင်၊ ၂၃ နှစ်မှာ ဒို့ဗမာအစည်းအရုံးခေါင်းဆောင်၊ ၂၇ နှစ်မှာ ဗိုလ်တေဇ(ရဲဘော်သုံးကျိပ်ကို ဦးဆောင်သူ)၊ အသက် ၃၀ မှာတော့ ဗိုလ်ချုပ်ဖြစ်လာခဲ့ပါပြီ။ ဒါပေမဲ့ ဗိုလ်ချုပ်ရာထူးကို လက်ခံခဲ့တဲ့အထိ သူ့ရဲ့ ရိုးသားမှုနဲ့ ပကာသနကို မမက်မောမှုဟာ . . . . .

သူဟာ ၁၉၃၂ တက္ကသိုလ်ရောက်တဲ့ အချိန်ကစပြီး နိုင်ငံရေးသမားလုံးလုံး ဖြစ်သွားပါတော့တယ်။ သူ့အတွက် စားလည်း နိုင်ငံရေး၊ အိပ်လည်း နိုင်ငံရေး၊ တွေးလည်း နိုင်ငံရေး။ နိုင်ငံရေးက သူ့အိပ်မက်ထဲထိတောင် ရောက်လာတယ်လို့ ဆိုရပါမယ်။ အချိန်ပြည့် နိုင်ငံရေးအကြောင်းပဲ တွေးလွန်းလို့ တချို့က သူ့ကို ကြောင်သွားပြီလို့ ပြောကြတယ်။ သူဟာ မြန်မာပြည်လွတ်လပ်အောင် ဘယ်လိုလုပ်ရပါ့မလဲ ဆိုတာကိုပဲ အချိန်ပြည့် စဉ်းစားနေသူပါ။ မြန်မာပြည်လွတ်လပ်ဖို့ အင်္ဂလိပ်ကို တော်လှန်ဖို့ အရေးကိုပဲ သူတွေးနေပုံရပါတယ်။ တစ်ခါတော့ ပါမောက္ခရုစ်က ‘မင်းဟာ တော်လှန်ရေးသမားကလေးပဲ’ လို့ ပြောတဲ့အခါ သူက ‘ကျွန်တော်ဟာ ငြိမ်းချမ်းလိုသော တော်လှန်ရေးသမားပါ’ လို့ ပြန်ပြောသတဲ့။သူဟာ စိတ်ကူးယဉ်သမား မဟုတ်ဘူး။ သူ့မှာ ဖေတော့မောင်တော့တွေ တွေးနေဖို့ အချိန်ပိုမရှိဘူး။ တစ်ခါတော့ ဝိတိုရိယရိပ်သာရှိ အိမ်တွင် ဒဂုန်တာရာတို့အုပ်စု စန္ဒရားတီး သီချင်းဆိုနေချိန်မှာ သူက အနားကို လျှောက်လာပြီး ‘ဟေ့ ရပ်ကြ၊ ခုလိုအခါမျိုးမှာ ရဲစိတ်ရဲမာန် တက်စေမယ့် ရဲတင်းသံတို့ကိုသာ ဆိုရတယ်ဗျ၊ ဒီချစ်မယ် ကြင်မယ် သီချင်းမျိုးက မဟန်ဘူး’ လို့ ပြောပြီး ပြန်ထွက်သွားသတဲ့။ သူအိမ်ထောင်ကျခဲ့ပုံကိုပဲ ကြည့်လေ။ အရေးပေါ်ဆေးရုံ တက်ရတဲ့အချိန်မှာ သူ့ကို အနီးကပ်ပြုစုရသူက သူနာပြု ဆရာမ မခင်ကြည်ပါ။ ဒါပေမဲ့ တစ်ခါတွေ့ တစ်ခါပဲ စွဲလမ်းသွားတဲ့သူဟာ မခင်ကြည်မှ မခင်ကြည် ဖြစ်သွားပါတော့တယ်။ ဘယ်လောက်ထိလဲဆိုရင် တခြားသူနာပြုတွေ ဆေးခွက်ကိုင်ပြီး ဝင်လာရင်တောင် ‘မသောက်ဘူး၊ မသောက်ဘူး။ ဆရာမ မခင်ကြည်တိုက်မှ သောက်မယ်’ ဟု ခေါင်းတခါခါနဲ့ ငြင်းတဲ့အထိ သူဟာ မခင်ကြည်ကို စွဲလမ်းပြီး နောက်ဆုံး အိမ်ထောင်ပြုလိုက်တဲ့ အထိပါပဲ။သူ့ရဲ့နိုင်ငံရေး လုပ်ခဲ့တဲ့ အချိန်ဇယားကို ပြန်ကြည့်မယ်ဆိုရင် သူဟာ အသက် ၂၀ မှာ ကျောင်းသားခေါင်းဆောင်၊ ၂၃ နှစ်မှာ ဒို့ဗမာအစည်းအရုံးခေါင်းဆောင်၊ ၂၇ နှစ်မှာ ဗိုလ်တေဇ(ရဲဘော်သုံးကျိပ်ကို ဦးဆောင်သူ)၊ အသက် ၃၀ မှာတော့ ဗိုလ်ချုပ်ဖြစ်လာခဲ့ပါပြီ။ ဒါပေမဲ့ ဗိုလ်ချုပ်ရာထူးကို လက်ခံခဲ့တဲ့အထိ သူ့ရဲ့ ရိုးသားမှုနဲ့ ပကာသနကို မမက်မောမှုဟာ ထင်ရှားသိသာလှပါတယ်။ ၁၉၄၆ ခုနှစ်မှာ သူဟာ ဝန်ကြီးအဖွဲ့ကို ဦးစီးကွပ်ကဲနေတဲ့ အချိန်ပေါ့။ အဲဒီလို အချိန်မျိုးမှာတောင် ရုပ်ရှင်ဝင်ကြည့်ဖို့ သူ့အိတ်ထဲမှာ ပိုက်ဆံမရှိပါဘူး။ ရုပ်ရှင်ကြည့်ချင်လွန်းလို့ သူ့အပါးတော်မြဲ ဗိုလ်ထွန်းလှကို လှမ်းပြောသတဲ့။ ပြီးတော့ ညနေ ၆ နာရီခွဲ ပွဲကြည့်ဖို့ ငါးမူးတန်း လက်မှတ်နှစ်စောင် ဝယ်ခိုင်းသတဲ့။အဲဒီလိုနဲ့ သူတို့ဆရာတပည့်နှစ်ယောက် ငါးမူးတန်းက ဝင်ကြည့်တာကို မန်နေဂျာသိသွားပြီး အတင်းတောင်းပန်မှ အပေါ်ထပ်ကနေ တက်ကြည့်ကြသတဲ့။ သူဟာ ဝန်ကြီးဖြစ်လာပေမယ့်လည်း ဟိတ်ဟန်မထုတ်။ စတိုင်မလုပ်ဘဲ သဘောရိုးအတိုင်း ရိုးရိုးသားသား နေထိုင်သွားလာခဲ့ပါတယ်။ သူဟာ လမ်းဘေးက အကြော်တဲမှာ အနွေးထည်မရှိလို့ ချမ်းနေတဲ့သူကို သူ့အနွေးထည်ချွတ်ပေးဖို့ ဝန်မလေးခဲ့သူပါ။ သူဟာ သမီးလေး ခမည်းပေးဖို့ ရွာပြန်ပြီး အမေ့ဆီမှာ လက်ဖြန့်တောင်းတဲ့ နိုင်ငံ့ခေါင်းဆောင်မျိုးပါ။ သူဟာ “လွတ်လပ်ရေးမပေးရင် ရတဲ့နည်းနဲ့ ဟောဒီလို အတင်းလုယူရမှာပဲ” ဆိုပြီး ဗြိတိသျှလေဘာ ပါတီခေါင်းဆောင် ဆာတက်ဖို့ကရစ်ရဲ့ အိတ်ထဲက ဖောင်တိန်ကို ဆွဲလုပြတဲ့ လူစားမျိုးပါ။ သူဟာ ‘လူငယ်လူရွယ်တိုင်း နိုင်ငံရေးကို အမြဲလုပ်နိုင်အောင် သံယောဇဉ်မရှိမှ ဖြစ်မယ်။ သံယောဇဉ်မရှိအောင် နွားတွေလို ဝှေးသင်းထားရင် ကောင်းမယ်’ ဟု ပြောခဲ့တဲ့ လူစားမျိုးပါ။ သူဟာ ခြံစောင့်ရဲဘော်လေးတစ်ယောက်က လက်မောင်းကနေဆွဲကိုင်ပြီး ခြံဝဆွဲထုတ်တာကို အပြုံးမပျက် သည်းခံပြီး နေတတ်တဲ့ ခေါင်းဆောင်မျိုးပါ။ သူဟာလူ့ပြည်မှာ ငါးရက်သာနေပြီး သေဆုံးသွားတဲ့ သမီးလေးရဲ့နာရေး ဖြစ်နေချိန်မှာတောင် တိုင်းပြည်အတွက် အစည်းအဝေးထိုင်ဖို့ မပျက်ကွက်ခဲ့တဲ့ သူမျိုးပါ။ သူဟာ “ဗိုလ်ချုပ် သတိထားပါ၊ ယခုတလော လက်နက်တွေ ပျောက်ရှနေတယ်” ဟု သတိပေးတာကို ဂရုမစိုက်ဘဲ “ဟေ့ လွတ်လပ်ရေး ကြိုးပမ်းနေတဲ့ နိုင်ငံချစ် ပုဂ္ဂိုလ်ဆိုတာ တစ်နေ့နေ့ ဒီလမ်းကိုပဲ သွားကြရတာပဲ၊ ဒါဟာ အဆန်းလား” လို့ ပြန်ပြောခဲ့တဲ့ လူစားပါ။သူဟာ သူ့ကံကြမ္မာကို နည်းနည်းလေးတောင်မှ ထည့်မတွက်ခဲ့ပါဘူး။ သူရဲကောင်းတို့မည်သည် အသက်ကိုပင် စွန့်လွှတ်သင့်က စွန့်လွှတ်ရမည် ဆိုတာကို သူ့ဘဝရဲ့ ပြဋ္ဌာန်းချက်သဖွယ် သဘောထားခဲ့ပုံ ရပါတယ်။ သူရယူပေးခဲ့တဲ့ လွတ်လပ်ရေးကို သူကိုယ်တိုင် မြင်ခွင့်မရခဲ့ရှာပါဘူး။သူ့ဘဝရဲ့ နိဂုံးဟာ ကြေကွဲဖွယ် ပန်းချီကားတစ်ချပ်ကို ကြည့်နေရသလိုပါပဲ။ ဖေဖော်ဝါရီ ၁၃ ရက်မှာ မွေးဖွားခဲ့တဲ့သူဟာ ကျည်ဆန် ၁၃ တောင့်ကို သူ့အတွက် ဆုလဒ်သဖွယ် ကျေကျေနပ်နပ် လက်ခံခဲ့ပါတယ်။ သွေးအိုင်ထဲမှာ လဲနေတဲ့ အချိန်မှာတောင် သူ့အိပ်မက်ထဲမှာ လွတ်လပ်နေတဲ့ မြန်မာပြည်ကြီးကို မြင်ယောင်နေလိမ့်မယ်လို့ ထင်ပါတယ်။၁၉၄၇ ဇူလိုင် ၁၉ ရက်မှာ သူကွယ်လွန်ခဲ့ပါတယ်။ လာမယ့် ၂၀၁၅ ဖေဖော်ဝါရီ ၁၃ ရက်ဟာ သူ့အသက် ၁၀၀ ပြည့်မယ့်နေ့ပါပဲ။ ဒါပေမဲ့ မြန်မာပြည်သူတွေရဲ့ နှလုံးသားထဲမှာတော့ သူဟာ ဘယ်တော့မှ ပျောက်ကွယ်မသွားမယ့် သက်ရှိပုံရိပ် တစ်ခုပါပဲ။

Most Read

Most Recent