စိုက်ပျိုးရေးကိုအခြေခံသည့် မြန်မာနိုင်ငံတွင် လယ်ယာမြေပြဿနာများကို မဖြေရှင်းနိုင်သရွေ့ မတိုးတက်နိုင်ကြောင်း ဒေါ်အောင်ဆန်းစုကြည်ပြောကြား

စိုက်ပျိုးရေးကိုအခြေခံသည့် မြန်မာနိုင်ငံတွင် လယ်ယာမြေပြဿနာများကို မဖြေရှင်းနိုင်သရွေ့ မတိုးတက်နိုင်ကြောင်း ဒေါ်အောင်ဆန်းစုကြည်ပြောကြား
Published 5 February 2015
ဝေယံဖြိုးဦး၊ မျိုးမင်းထက်

စိုက်ပျိုးရေးကိုအခြေခံသည့် မြန်မာနိုင်ငံတွင် လယ်ယာမြေပြဿနာများကိုမဖြေရှင်းနိုင်သရွေ့ မတိုးတက်၊ မဖွံ့ဖြိုးနိုင်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ကပြောကြားသည်။ဒေါ်အောင်ဆန်းစုကြည်က နေပြည်တော်၌ ဖေဖော်ဝါရီ ၄ ရက်ကပြုလုပ်သည့် ပထမအကြိမ် ပြည်သူ့လွှတ်တော် (၁၂) ကြိမ်မြောက်ပုံမှန်အစည်းအဝေးအပြီးတွင် လွှတ်တော်သို့လာရောက်လေ့လာသည့် မန္တလေးတိုင်းနှင့် စစ်ကိုင်းတိုင်းအတွင်းရှိ တောင်သူလယ်သမားများအပါအဝင် NLD အဖွဲ့ဝင်များနှင့်တွေ့ဆုံရာတွင် အထက်ပါကဲ့သို့ပြောကြားခဲ့ခြင်းဖြစ်သည်။အဆိုပါတောင်သူလယ်သမားများကလည်း လယ်ယာမြေသိမ်းဆည်းခံရမှုများနှင့်ပတ်သက်၍ ဒေါ်အောင်ဆန်းစုကြည်ထံသို့ တင်ပြခဲ့သည်။"ကျွန်မတို့မြန်မာပြည်မှာဆိုလို့ရှိရင် လယ်ယာမြေတွေနဲ့ပတ်သက်လို့ ပြဿနာ တွေအများကြီးရှိတယ်။ ရှုပ်ထွေးမှုတွေအများကြီးရှိတယ်။ တစ်တိုင်းပြည်လုံးမှာပဲ။ ဒီတစ်နေရာထဲတင်မဟုတ်ဘူး။ တစ်တိုင်းပြည်လုံးမှာ အဲဒါတွေဖြစ်နေတယ်။ လယ်ယာမြေပြဿနာဟာ ဒီနိုင်ငံရဲ့ပြဿနာအကြီးဆုံးတစ်ခုဆိုပြီးတော့ နိုင်ငံတကာကလည်းအသိအမှတ်ပြုထားတယ်" ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ကပြောကြားသည်။လယ်ယာမြေပြဿနာများကိုဖြေရှင်းရာတွင် နှစ်ဖက်အပေးအယူပုံစံမျိုးဖြင့် ဖြေရှင်းသင့်ကြောင်း ဒေါ်အောင်ဆန်းစုကြည်ကဆိုသည်။"နိုင်ငံတကာကလေ့လာထားတာက စီးပွားရေးအရတိုးတက်ဖို့ဆိုရင် အရေးကြီးဆုံးကိစ္စတစ်ခုက မြေပိုင်ဆိုင်မှုကိစ္စပဲ။ အဲဒီဟာကိုမဖြေရှင်းသရွေ့ စိုက်ပျိုးရေးကိုအခြေခံတဲ့ မြန်မာနိုင်ငံဟာ ဘယ်တော့မှတိုးတက်နိုင်မှာမဟုတ်ဘူးတဲ့။ တကယ့်ဖွံ့ဖြိုးမှုရနိုင်မှာမဟုတ်ဘူး။ ဒါဟာ တိုင်းပြည်အတွက်၊ နိုင်ငံအတွက် အင်မတန်မှ အရေးကြီးတဲ့ကိစ္စတစ်ခုဖြစ်တယ်။ နေ့ချင်းညချင်းလည်း ရှင်းလို့ရမှာမဟုတ်ဘူး" ဟု ဒေါ်အောင်ဆန်းစုကြည်ကပြောကြားသည်။အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က "တကယ်တော့ ဒါက အစိုးရလုပ်ရမယ့်ကိစ္စပေါ့နော်။ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ဒီလိုလယ်ယာမြေ မြေပိုင်ဆိုင်မှုပေါ့။ မြေပိုင်ဆိုင်မှုပြဿနာတွေနဲ့ပတ်သက်လို့ မူဝါတွေချဖို့လိုတယ်။ ဘယ်လိုနည်းတွေနဲ့ဖြေရှင်းမလဲ။ အခုဟာက အစိုးရက ဒီလိုမူဝါဒတွေဟာ သတ်သတ်မှတ်မှတ်မရှိဘူး။ အဲဒါတွေကရှိဖို့လိုတယ်" ဟုဆိုသည်။"ကျွန်မကရတယ်။ လုပ်ပေးမယ်လို့ပြောရတာလွယ်တယ်။ ဒါပေမဲ့ ကျွန်မ မမှန်ကန်တဲ့စကားတွေနဲ့ ပြည်သူတွေကိုကတိမပေးချင်ဘူး။ အလကားပဲ။ မျှော်လင့်ချက်တွေပြိုကွဲပြီး စိတ်ညစ်ရမှာပဲ။ ကျွန်မပြောချင်တာက စိတ်ကိုတော့ခိုင်ခိုင်ထား ဆက်ပြီးတော့ ရုန်းကန်ရဦးမယ်။ နေ့ချင်းညချင်းတော့ ဒီပြဿနာတွေပျောက်သွားမှာမဟုတ်ဘူး။ ကျွန်မတို့ အတတ်နိုင်ဆုံးကြိုးစားမယ်။ ဥပဒေဘက်ကလည်း တတ်နိုင်သမျှကူညီပေးပါမယ်။ အားလုံးပြေလည်စေရမယ်လို့ ကျွန်မမပြောနိုင်ဘူး။ မပြောနိုင်တာ ကျွန်မ မပြောချင်လို့မဟုတ်ဘူး။ လုပ်ပေးချင်တာပေါ့။ ဒါပေမဲ့ ကျွန်မတို့မှာလုပ်ပိုင်ခွင့်လည်းမရှိဘူး။ လုပ်ပိုင်ခွင့်မရှိတဲ့အခါမှာ လုပ်ပိုင်ခွင့်ရှိတဲ့သူတွေကို တိုက်တွန်းဖို့၊ လုပ်ပိုင်ခွင့်ရှိတဲ့သူတွေနဲ့ညှိနှိုင်းဖို့ အဲဒါကို အဓိကထားပြီးလုပ်နေရတယ်" ဟု ၎င်းကဆက်လက်ပြောကြားသည်။ဒေါ်အောင်ဆန်းစုကြည်က "ပြည်သူရဲ့အင်အားဆိုတာ ဘယ်သူမှလွန်ဆန်လို့မရဘူး။ ကိုယ်ကနေပြီး ညီညီညွတ်ညွတ်ရှိရမယ်။ အပေးအယူလုပ်ချင်တဲ့ စိတ်ဓာတ်လည်းရှိရမယ်။ အဲဒါတော့အားလုံးသဘောပေါက်စေချင်တယ်။ ကျွန်မတို့ဒီမိုကရေစီဆိုတာဒါပဲ။ ဒီမိုကရေစီဆိုတာ အပေးအယူနည်းနဲ့ အဖြေကိုရှာတာပဲ" ဟုဆိုသည်။နိုင်ငံအတွင်းနေထိုင်သူအားလုံး၏ ရာခိုင်နှုန်း ၇၀ သည် တောင်သူလယ်သမားများဖြစ်ပြီး ယနေ့တောင်သူအများစုမှာ ဆင်းရဲဒုက္ခ၊ အခက်အခဲများကြုံတွေ့နေရသည်မှာ အမှန်ပင်ဖြစ်ကာ တာဝန်ရှိသည့်အဖွဲ့အစည်းများနှင့် ပုဂ္ဂိုလ်များက မဖြေရှင်းပေးလျှင် ဆင်းရဲဒုက္ခဆက်လက်ကြုံတွေ့နေရမည်ဖြစ်ကြောင်း ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်းက တောင်သူလယ်သမားရေးရာ လူထုတွေ့ဆုံပွဲများတွင် ပြောကြားထားသည်။

Most Read

Most Recent