ဝှိုက်ကတ်ပြဿနာ အမွေဆိုးကို တာဝန်ရှိသူများအနေဖြင့် အမြန်ဆုံးဖြေရှင်းသင့်ကြောင်းနှင့် မဖြေရှင်းခဲ့၍ သားစဉ်မြေးဆက်အထိ ဒုက္ခရောက်နေရကြောင်း လွှတ်တော်ကိုယ်စားလှယ်ပြောကြား

ဝှိုက်ကတ်ပြဿနာ အမွေဆိုးကို တာဝန်ရှိသူများအနေဖြင့် အမြန်ဆုံးဖြေရှင်းသင့်ကြောင်းနှင့် မဖြေရှင်းခဲ့၍ သားစဉ်မြေးဆက်အထိ ဒုက္ခရောက်နေရကြောင်း လွှတ်တော်ကိုယ်စားလှယ်ပြောကြား
Published 5 February 2015
စိုးမင်းထိုက်

လက်ရှိအချိန်တွင် ဝှိုက်ကတ်ပြဿနာ အမွေဆိုးကို တာဝန်ရှိသူများအနေဖြင့် အမြန်ဆုံးဖြေရှင်းသင့်ကြောင်းနှင့် မဖြေရှင်းခဲ့သည့်အတွက် သားစဉ်မြေးဆက်အထိ ဒုက္ခရောက်နေရကြောင်း ပြည်ခိုင်ဖြိုးပါတီ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဇော်မြင့်ဖေက ဖေဖော်ဝါရီ ၄ ရက်တွင် မီဒီယာများအားပြောကြားသည်။ဦးဇော်မြင့်ဖေက ဝှိုက်ကတ်ကိုင်ဆောင်ထားမှုများမရှိသင့်တော့ကြောင်း၊ ဝှိုက်ကတ်သည် အချိန်ကြာညောင်းစွာထားရှိမှုမပြုသင့်ကြောင်း၊ အချိန်ကြာမြင့်စွာထားရှိခဲ့သည့်အတွက် သားစဉ်မြေးဆက်အထိ ဒုက္ခရောက်နေရခြင်းဖြစ်ကြောင်း၊ ဝှိုက်ကတ်အများစုသည် ရခိုင်ပြည်နယ်တွင်များသော်လည်း ကိုးကန့်ဒေသဘက်တွင်ပါရှိနေကြောင်း၊ ဝှိုက်ကတ်ပြဿနာအတွက်တစ်ခုခုကို အမြန်ဆုံးဆုံးဖြတ်သင့်နေပြီဖြစ်ကြောင်း သုံးသပ်ပြောကြားသည်။"တကယ်တမ်းတော့ ၁၉၈၂ နိုင်ငံသားဥပဒေအရမှာလည်းမပါဘူး။ အရင်ကတည်းက မြန်မာနိုင်ငံထဲကိုဝင်လာတဲ့သူတွေရှိတယ်။ သူတို့ကို နိုင်ငံသားလို့လည်းပြောလို့မရဘူး။ နိုင်ငံခြားသားလို့လည်း အတပ်မပြောနိုင်တော့ ယာယီလက်မှတ်တွေထုတ်ပေးခဲ့တာတွေရှိတယ်။ ပါမက်နစ်မဟုတ်ဘူး။ သူကသက်တမ်းရှိတယ်။ သက်တမ်းကုန်ရင်လဲပေးရတယ်။ အခုဖြစ်နေတဲ့ဝှိုက်ကတ်က တော်တော်ကြာပြီ။ အဘိုးကြီးတွေတောင်ဖြစ်နေကုန်ပြီ။ ဒါတွေကိုမလဲပေးနိုင်သေးတော့ သက်ဆိုင်ရာဌာနမှာ တာဝန်မကင်းတဲ့သဘောရှိတယ်။ ဒါကအမွေဆိုးဖြစ်နေတာပေါ့။ ခေတ်အဆက်ဆက်မှာ ဝှိုက်ကတ်ပေးလိုက်ပြီးတော့ ဝှိုက်ကတ်တွေကို နိုင်ငံသားဆိုလည်း နိုင်ငံသားကတ်ပေးလိုက်။ နိုင်ငံခြားသားဆိုလည်း နိုင်ငံခြားသားကတ်ပေးလိုက်ပေါ့။ ဒါဆိုရှင်းသွားပြီပဲ" ဟု ဦးဇော်မြင့်ဖေကပြောကြားသည်။ဆက်လက်၍ "အခုဟာက ဝှိုက်ကတ်ကြီးကိုကိုင်ထားတယ်။ တချို့ဆိုးတာက အရင်တုန်းက အမျိုးသားမှတ်ပုံတင်ကိုင်ဆောင်ထားတဲ့သူတွေကိုလည်း ပြန်သိမ်းပြီးတော့ ဝှိုက်ကတ်ကိုင်ခိုင်းတယ်။ လူဦးရေကမများပါဘူး။ ဒါပေမဲ့ ဒီလိုမျိုးတွေကို သက်ဆိုင်ရာတွေ၊ လဝက၀န်ကြီးဌာနတွေက မြန်မြန်လေးစာရင်းရှင်းလိုက်ဖို့ကောင်းပါတယ်။ ကြာလေကြာလေရှုပ်လေဖြစ်နေတယ်။ နှစ်တွေကြာနေပြီလေ။ ဒီကြားထဲမှာလည်း နိုင်ငံသားအခွင့်အရေးမဆုံးရှုံးရအောင်ဆိုပြီးတော့ ဥပဒေတွေကပေါ်လာတယ်။ အခုဟာက ဝှိုက်ကတ်ကိုမဲပေးခွင့်ပေးထားတယ်။ ရွေးချယ်ခွင့်တော့မပေးထားဘူး။ မဲပေးခွင့်ပေးလိုက်တော့ ၁၉၈၂ ဥပဒေနဲ့ကျတော့ အဲဒါကမပါတော့ပြန်ဘူး" ဟုပြောကြားသည်။ဥပဒေတစ်ခုနှင့်တစ်ခု ရှေ့နောက်မညီဖြစ်နေကြောင်း၊ ဖွဲ့စည်းပုံမှာ နောက်ဆုံးမှပေါ်လာသည့် ဥပဒေဖြစ်နေကြောင်း၊ ဝှိုက်ကတ်ကိုင်ထားသည့်သူများကလည်း နိုင်ငံသားအခွင့်အရေးဆုံးရှုံးဟုပြောနေကြောင်း၊ တစ်ဖက်ကလည်း နိုင်ငံသားများသာ ရရမည်ဟုပြောကြောင်း၊ အဖြေတစ်ခုထုတ်မှရမည်ဖြစ်ကြောင်း၊ တာဝန်ရှိသူများအနေဖြင့် တစ်ခုခုဆုံးဖြတ်ပေးသင့်ကြောင်း၊ ဝှိုက်ကတ်ဆိုသည်မှာ ခြံစည်းရိုးပေါ်တွင်ခွထိုင်ထားသူများဖြစ်ကြောင်း၊ နိုင်ငံသားလည်းဖြစ်ချင်ဖြစ်မည်၊ နိုင်ငံခြားသားလည်း ဖြစ်ချင်ဖြစ်မည်၊ ထို့ကြောင့် နိုင်ငံခြားသားဟု ဆုံးဖြတ်လိုက်ပါကလည်း ပြီးသွားမည်ဖြစ်ကြောင်း၊ နိုင်ငံသားဟုဆုံးဖြတ်ပါကလည်း ပြီးသွားမည့်ကိစ္စဖြစ်ကြောင်း၊ အချိန်မနှောင်းခင် မြန်မြန်ဆုံးဖြတ်ရန်လိုကြောင်း ၎င်းကပြောကြားသည်။ဦးဇော်မြင့်ဖေက "အခုဒီကိစ္စအတွက် နိုင်ငံရေးအင်အားစုတွေကလည်းပြောနေတာပဲ။ နိုင်ငံတော်သမ္မတကြီးကလည်း နိုင်ငံသားအခွင့်အရေးမဆုံးရှုံးစေချင်လို့ မှတ်ချက်ပေးခဲ့တယ်လို့ယူဆပါတယ်။ ဒါကြောင့် ဖွဲ့စည်းပုံနဲ့မကိုက်ဘူးလို့ ပြောနေတာတွေရှိတာပဲလေ။ ဒါကိုတော့ ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးကဆုံးဖြတ်ရမယ်။ ဥပဒေတွေက Conflict ဖြစ်နေတာတော့အမှန်ပဲ။ ဒီဥပဒေမှာဒါပါတယ်။ ဟိုဥပဒေကျတော့ ဒါမပါဘူး။ အဲဒီလိုတွေဖြစ်နေတာတွေရှိတယ်။ သေချာပြန်ပြီး စဉ်းစားဖို့တော့လိုနေပြီ" ဟုသုံးသပ်ပြောကြားသည်။ဆက်လက်၍ "အခုခွင့်ပြုလိုက်တာက ပြည်သူ့ဆန္ဒခံယူပွဲအတွက်ခွင့်ပြုပေးလိုက်တာ။ ဥပဒေတွေကတော့ ပြည့်စုံအောင်ပြန်လုပ်မှရမယ်။ ပြည်သူ့ဆန္ဒခံယူပွဲမှာ ဒါလေးတော့ခွင့်ပြုလိုက်ပါဆိုပြီးဖြစ်လာတာ။ အဲဒီမှာပြဿနာကစတာပဲ။ အန်ကယ်တို့သဘောကတော့ အမွေဆိုးကိုဖြတ်စရာရှိတာမြန်မြန်ဖြတ်လိုက်။ အဲဒီလိုမြန်မြန်ဖြတ်ပြီး ဖျက်သိမ်းသင့်တယ်ဆိုရင် လွှတ်တော်ကိုတင်လိုက်ပေါ့။ မြန်မြန်လုပ်ဖို့လိုနေပြီ။ ဖြစ်သင့်တာနဲ့လုပ်လို့မရဘူး။ လက်ရှိဖြစ်နေတာအပေါ်မူတည်ပြီး အမွေဆိုးကိုဖြတ်ရမှာပေါ့။ အခုအတိုင်းဆိုရင် ဝှိုက်ကတ်က နိုင်ငံသားဖြစ်ဖို့များနေပြီပေါ့ ဒီအတိုင်းဆိုရင်။ အခုပြဿနာက ကိုးကန့်ဘက်မှာလည်းဖြစ်နေပြီ။ ရခိုင်ပြည်နယ်ကတော့များတာပေါ့။ ဝှိုက်ကတ်ကို နှစ်ပေါင်းများစွာကြာအောင်လုပ်ထားတော့ အခုပြဿနာဖြစ်နေပြီလေ" ဟု ၎င်းကပြောကြားသည်။"၂၀၁၅ ရွေးကောက်ပွဲအတွက် မဲပေးခွင့်ပေးထားလား မပေးထားဘူးလားဆိုတာ ပြန်ကြည့်ရဦးမယ်။ ဝှိုက်ကတ်တွေမဲပေးခွင့် ရှိ မရှိကိုပေါ့။ အခုလိုဆန္ဒပြုခွင့်ပေးတာကိုလည်း အခြေခံဥပဒေနဲ့မညီဘူးလို့ ဒေါက်တာအေးမောင်တို့က ဆွေးနွေးနေတာပေါ့။ ကော်မရှင်ကတော့ ညီညွတ်တယ်ဆိုပြီးဖြေသွားတယ်။ လူဦးရေနည်းနေပေမယ့်လည်း ဒါကဖြေရှင်းရမယ့်ပြဿနာပဲလေ။ အန်ကယ့်အနေနဲ့ကတော့ မြန်မြန်ရှင်းစေချင် တယ်။ မရှင်းခဲ့လို့ သားစဉ်မြေးဆက်အထိ တော်တော်ဒုက္ခရောက်နေပြီလေ ဒီကိစ္စက။ ဒီဝှိုက်ကတ်ကမရှိသင့်တော့ဘူး။ ဝှိုက်ကတ်ဆိုတာက ခဏအတွက်ပဲဖြစ်ရမယ်။ ဘယ်နိုင်ငံမှာမှ အကြာကြီးမရှိဘူး။ တစ်ခုခုတော့ဆုံးဖြတ်သင့်ပြီ။ နိုင်ငံခြားသားလား၊ နိုင်ငံသားလား။ ဒါမှမဟုတ်ရင်လည်း ဧည့်နိုင်ငံသားပေါ့။ ဧည့်နိုင်ငံသားဆိုတာတောင် ရေရှည်မပေးနိုင်ဘူး။ ဝှိုက်ကတ်ကတော့ အန်ကယ့်အနေနဲ့လက်မခံချင်ဘူး။ ယာယီသက်သေခံလက်မှတ်ဆိုတာကို မထားသင့်တော့ဘူး" ဟု အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဇော်မြင့်ဖေက ပြောကြားသည်။ဖေဖော်ဝါရီ ၂ ရက်ကပြုလုပ်သည့် ပြည်ထောင်စုလွှတ်တော်အစည်းအဝေး၌ ပြည်လုံးကျွတ်ဆန္ဒခံယူပွဲတွင် ဝှိုက်ကတ်ကိုင်ဆောင်ထားသူများ မဲပေးခွင့်ပြုသင့်သည်ဟု နိုင်ငံတော်သမ္မတ၏ သဘောထားမှတ်ချက်အတိုင်း ပြည်ထောင်စုလွှတ်တော်က မဲခွဲပြီးအတည်ပြုခဲ့သည်။           

Most Read

Most Recent