မြန်မာနိုင်ငံအနေဖြင့် ကျောက်ဖြူရေနက်ဆိပ်ကမ်းတည်ဆောက်မှုကို တရုတ်တစ်နိုင်ငံတည်းအား ပေးလိုက်ပါက သီရိလင်္ကာကဲ့သို့ အစိုးရသစ်လက်ထက်တွင် ပြန်လည်ညှိနှိုင်းမရနိုင်သည့်ပြဿနာ ဖြစ်လာနိုင်ကြောင်းနှင့် သင်ခန်းစာယူသင့်ကြောင်း သုံးသပ်

မြန်မာနိုင်ငံအနေဖြင့် ကျောက်ဖြူရေနက်ဆိပ်ကမ်းတည်ဆောက်မှုကို တရုတ်တစ်နိုင်ငံတည်းအား ပေးလိုက်ပါက သီရိလင်္ကာကဲ့သို့ အစိုးရသစ်လက်ထက်တွင် ပြန်လည်ညှိနှိုင်းမရနိုင်သည့်ပြဿနာ ဖြစ်လာနိုင်ကြောင်းနှင့် သင်ခန်းစာယူသင့်ကြောင်း သုံးသပ်
Published 4 February 2015
အငယ်ထွေး၊ နီလာ

သီရိလင်္ကာနိုင်ငံကို ဆယ်စုနှစ်ကြာလွှမ်းမိုးအုပ်ချုပ်ခဲ့သော သမ္မတမဟိန္ဒရာဇပသက လက်ထက်လွန်မြောက်သွားပြီး ပြီးခဲ့သည့် ၂၀၁၅ ခုနှစ် ဇန်နဝါရီမှစကာ အစိုးရသစ်တက်လာခဲ့ပြီး ရေနက်ဆိပ်ကမ်းတည်ဆောက်မှုအတွက် တရုတ်နိုင်ငံအား ခွင့်ပြုပေးထားခြင်းကို ပြန်လည်ညှိနှိုင်းသော်လည်း အဆင်မပြေတော့သဖြင့် မြန်မာနိုင်ငံအနေဖြင့် သင်ခန်းစာယူသင့်ကြောင်း ဖေဖော်ဝါရီ ၃ ရက်တွင် ရန်ကုန်မြို့ ဆာကူရာတာဝါ၌ကျင်းပသော အာဆီယံစီးပွားရေးဆိုင်ရာ အသိုက်အဝန်းအလုပ်ရုံဆွေးနွေးပွဲတွင် ဆွေးနွေးသုံးသပ်ခဲ့ကြသည်။    "သီရိလင်္ကာမှာ ရေနက်ဆိပ်ကမ်းကိုတည်ဆောက်ခွင့်ပေးလိုက်တဲ့အတွက် အစိုးရသစ်တက်လာတော့ ပြန်ညှိနှိုင်းကြတယ်။ ဒါပေမဲ့ပြန်မရတော့ဘူး။ ဒါကြောင့် မြန်မာနိုင်ငံက ပြန်လည်စဉ်းစားဖို့သင့်တယ်လို့မြင်ပါတယ်။ နိုင်ငံတကာမှာတော့ စီမံကိန်းတစ်ခုကိုချပေးတော့မယ်ဆိုရင် ကျွမ်းကျင်တဲ့စီးပွားရေးပညာရှင်တွေအမြောက်အမြားနဲ့ ဆွေးနွေးတိုင်ပင်ပြီးမှ ချပေးတာပါ။ မြန်မာနိုင်ငံမှာတော့ စီးပွားရေးပညာရှင်ဆိုတာ လက်ချိုးရေတွက်လို့ရပါတယ်။ နောက်တစ်ခုက စဉ်းစားတွေးခေါ်ပုံတွေကလည်း ကွဲလွဲနေတယ်။ ကျွန်တော်တို့က ရေတိုအကျိုးစီးပွားကိုပဲကြည့်တဲ့အခါမျိုးမှာ နိုင်ငံတကာကတော့ လာမယ့်နှစ်ပေါင်း လေးငါးခြောက်ဆယ်လောက်မျှော်ခေါ်ပြီး စဉ်းစားတတ်ကြပါတယ်။ ဒါကြောင့် ကျောက်ဖြူကိစ္စဟာ အလျင်မလိုသင့်တဲ့ကိစ္စလို့မြင်မိသလို ဒီရေနက်ဆိပ်ကမ်းကြီးဟာ မြန်မာနိုင်ငံအတွက် အကျိုးရှိမယ့် ဆိပ်ကမ်းဖြစ်တာမျိုးကိုပဲမြင်ချင်ပါတယ်" ဟု Parami Energy Group of Companies မှ CEO ဦးပြည့်ဝထွန်းကပြောကြားသည်။    လက်ရှိအချိန်သည် ကျောက်ဖြူရေနက်ဆိပ်ကမ်းစီမံကိန်းလုပ်ဆောင်ရန် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများကို ဖိတ်ခေါ်လျက်ရှိရာ အဆိုပါလုပ်ငန်းစဉ်များတွင် ပွင့်လင်းမြင်သာမှုရှိရုံမျှမက ပထဝီအနေအထားအရ မဟာဗျူဟာမြောက်မှုကိုပါ ထည့်သွင်းစဉ်းစားရမည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆိပ်ကမ်းများမှာ အလွန်အရေးပါကြောင်း၊ ယင်းဆိပ်ကမ်းများအနက် ကျောက်ဖြူရေနက်ဆိပ်ကမ်းသည် မြန်မာနိုင်ငံနှင့် ဒေသတွင်းနိုင်ငံများအတွက်သာမက အာဆီယံ၏ အနောက်ဘက်တံခါးဝဖြစ်နေကြောင်းလည်း သိရသည်။    "ကျောက်ဖြူဟာ အာဆီယံရဲ့အနောက်ဘက်ဆုံးသော တံခါးပေါက်ပါ။ အဲဒီကနေ အိန္ဒိယသမုဒ္ဒရာကိုသွားလို့ရတယ်။ အာဖရိကသွားလို့ရတယ်။ Europe ကိုသွားလို့ရတယ်။ ပုလဲသွယ်စီမံကိန်းနဲ့လည်း ဆက်စပ်နေတယ်။ နောက်တစ်ခုက တရုတ်နိုင်ငံမှာအကောင်အထည်ဖော်နေတဲ့ ပိုးလမ်းမစီမံကိန်း (Silk Road) ဆိုတာရှိတယ်။ Silk Road ဆိုတာ ကုန်းတွင်းပိုင်းကနေ တရုတ်ဘက်က ရှန်ဟိုင်းအထိ တိုက်ရိုက်ဆက်သွယ်ထားတယ်။ ကားလမ်းပေါက်နေပြီ။ အရင်တုန်းကဆိုရင် ၂၈ ရက်ကြာတဲ့ သင်္ဘောလမ်းက အခု ၁၄ ရက်ပဲကြာမယ်။ ကားနဲ့သွားရင်။ အဲဒါကိုဘာနဲ့ပြန်ပတ်လဲဆိုတော့ ရေလမ်းနဲ့ပြန်ပတ်တယ်။ သူတို့ကအဲဒါကို Maritine Silk Road လို့ခေါ်ပါတယ်။ ဒါကြောင့်မို့လို့ ကျောက်ဖြူဟာ တရုတ်နိုင်ငံအတွက် မဟာဗျူဟာမြောက် နေရာတစ်ခုဖြစ်လာမှာပါ" ဟု ဦးပြည့်ဝထွန်းကပြောကြားသည်။    အလားတူ တရုတ်နိုင်ငံအနေဖြင့် ယူနန်ပြည်နယ်၏ စွမ်းအင်လိုအပ်ချက်ကိုဖြည့်ဆည်းရန် အရှေ့အလယ်ပိုင်းမှတင်ဆောင်လာမည့် ရေနံများကို သိုလှောင်နိုင်မည့်  Oil Tanker များကို ကျောက်ဖြူမြို့နယ်အတွင်းရှိ မဒဲကျွန်းတွင် တည်ဆောက်ပြီးစီးသွားပြီဖြစ်သဖြင့် ပြီးခဲ့သည့်ရက်ပိုင်းအတွင်းကပင် ဖွင့်လှစ်ပြီးခဲ့ပြီဖြစ်ကြောင်း သိရသည်။    တရုတ်နိုင်ငံမှစီစဉ်နေသော ခေတ်သစ်ပိုးလမ်းမကြီးသည် အိန္ဒိယ၊ ပါကစ္စတန်တို့မှတစ်ဆင့် အာရေဗျကျွန်းဆွယ်များအထိပေါက်မြောက်သော လမ်းဖြစ်ကြောင်း၊ ထိုမှတစ်ဆင့် မြေထဲပင်လယ်ကိုကျော်လွန်ကာ အီးယူအထိ သွယ်တန်းဖောက်လုပ်ထားကြောင်း သိရသည်။    အလားတူ လက်ရှိအချိန်တွင် ရေပန်းစားလာသော ပုလဲသွယ်စီမံကိန်းသည် ကျောက်ဖြူရေနက်ဆိပ်ကမ်း၊ သီရိလင်္ကာနိုင်ငံတွင်ရှိနေသည့် ရေနက်ဆိပ်ကမ်းနှင့် ပါကစ္စတန်တွင်ရှိသည့် ရေနက်ဆိပ်ကမ်းနှင့် အာရေဗျကျွန်းဆွယ်နားတွင်ရှိသည့် မောရေးရှားကျွန်းဆွယ်တို့အားချိတ်ဆက်ထားသည့် စီမံကိန်းဖြစ်ကြောင်း၊ ထို့ကြောင့် ကျောက်ဖြူသည် တရုတ်နိုင်ငံအတွက် မဟာဗျူဟာမြောက်သည့်နေရာတစ်ခုဖြစ်လာကြောင်းလည်း သိရသည်။

Most Read

Most Recent