ဦးရဲထွဋ်ခင်ဗျာ ... ယုန်နဲ့အတူပြေးပြီး ခွေးနဲ့အတူမလိုက်ပါနဲ့

ဦးရဲထွဋ်ခင်ဗျာ ... ယုန်နဲ့အတူပြေးပြီး ခွေးနဲ့အတူမလိုက်ပါနဲ့
Published 4 February 2015
နေထွန်းနိုင်

(၁)နိုင်ငံသားစိစစ်ဆဲ(နိုင်ငံခြားသားများ) တွေကို နိုင်ငံသားများရဲ့ အမြင့်ဆုံးအခွင့်အရေးဖြစ်တဲ့ မဲပေးခွင့်ပြုလိုက်ခြင်းက ဆန္ဒခံယူပွဲရလဒ်တွေကို ပြောင်းလဲအောင်မစွမ်းဆောင်နိုင်ဘူးလို့မြင်တယ်ဆိုပြီး သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ၊ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရဲထွဋ်ကပြောပါတယ်။ ဝှိုက်ကတ်ကိုင်ထားသူတွေဟာ နိုင်ငံသားမဟုတ်ဘူး။ သူတို့ကိုမဲပေးခွင့်ပြုခြင်းဟာ နိုင်ငံသားတွေရဲ့အမြင့်ဆုံးအခွင့်အရေးကိုပေးလိုက်တာပါ။ နိုင်ငံသားဖြစ်ခွင့်ပေးလိုက်တာနဲ့အတူတူပါပဲ။ ၂၀၀၈ ခုနှစ်ပေးခွင့်ရခဲ့လို့၊ ၂၀၁၀ ပြည့်နှစ်မှာပေးခွင့်ရခဲ့လို့၊ ၂၀၁၂ ခု နှစ်မှာပေးခွင့်ရလို့ အခုလည်းပေးခွင့်ပြုတယ်ဆိုရင် အစိုးရက ၂၀၁၀ ပြည့်နှစ် မဟာဗျူဟာအတိုင်း ၂၀၁၅ ခုနှစ်မှာဆက်ပြီးကျင့်သုံးချင်တာလား။ အဲဒါဆိုရင် တိုင်းပြည်မီးဟုန်းဟုန်းတောက်ပါလိမ့်မယ်။ မြန်မာနိုင်ငံမှာအခုဖြစ်နေတဲ့ပြဿနာ က နိုင်ငံသားမဟုတ်သူတွေ နိုင်ငံထဲစိမ့်ဝင်နေတဲ့ကိစ္စပါ။ ခိုးဝင်ဘင်္ဂါလီ ရိုဟင်ဂျာတွေ၊ ခိုးဝင်တရုတ်တွေနဲ့ နိုင်ငံရဲ့အချုပ်အခြာအာဏာကိုထိပါးနိုင်တဲ့အရေးပါ။ ခိုးဝင်ဘင်္ဂါလီအရေးကို အစိုးရကကိုင်တွယ်တယ်ဆိုပေမယ့်မပြီးသေးဘူး။ သူတို့နဲ့ဆက်နွှယ်တဲ့ ဝှိုက်ကတ်ကိုင်ထားသူ ဘင်္ဂါလီအရေးကို တိတိကျကျဖြေရှင်းရဦးမယ်။ ၁၉၈၂ ခုနှစ် နိုင်ငံသားဥပဒေနဲ့ ကြပ်ကြပ်မတ်မတ်စိစစ်ရပါဦးမယ်။ ဒီအချိန်မှာ ခိုးဝင်ဘင်္ဂါလီတွေနဲ့ဆက်နွှယ်တဲ့၊ ခိုးဝင်တရုတ်တွေနဲ့ဆက်နွှယ်နေတဲ့ နိုင်ငံသားမဟုတ်သူ ဝှိုက်ကတ်ကိုင်ထားသူတွေကို မဲပေးခွင့်ပြုလိုက်ပါတယ်။ တစ်ဖက်မှာ အမျိုးသားရေးပြောနေပြီး တစ်ဖက်မှာကျ နိုင်ငံသားမဟုတ်သူတွေကိုမဲပေးခွင့်ပြုလိုက်တယ်။   ဒီအတွက် လွှတ်တော်၊ အစိုးရနဲ့ ဦးရဲထွဋ်တို့က "ယုန်နဲ့အတူပြေး၊ ခွေးနဲ့အတူလိုက်" ပုံစံမျိုးလုပ်လိုက်တာလား။(၂) "ယုန်နဲ့အတူပြေး၊ ခွေးနဲ့အတူလိုက်" ဆိုတာ စာရေးဆရာမောင်သာရရဲ့ နာမည်ကျော်ဝတ္ထုရှည်နာမည်။ ဦးရဲထွဋ်လည်းသုံးဖူးပါတယ်။ ဖေဖော်ဝါရီ ၁ ရက်က လူမှုကွန်ရက် Facebook မှာတင်ခဲ့တဲ့ Status တစ်ခုမှာ ဦးရဲထွဋ်သုံးခဲ့တယ်။ ယုန်နဲ့အတူပြေး၊ ခွေးနဲ့အတူလိုက်နေသူများကို လေးစားရန်အကြောင်းမရှိလို့ရေးခဲ့တယ်။ ဒီနေရာဆက်စပ်လို့ပြောရရင် ၂၀၁၁ ခုနှစ်တုန်းက Facebook မှာရှိခဲ့တဲ့ Account ပုန်းတစ်ခုအကြောင်းဖြစ်ပါတယ်။ အောက်ဂလိအာစကားတွေနဲ့ အပုပ်ချစာတွေရေးတဲ့ စစ်အောင်ဆိုသူရဲ့ Account ပုန်းတစ်ခုအကြောင်းပါ။ စစ်အောင်က ဦးရဲထွဋ်ခြေကားလက်ကားလုပ်ထားတဲ့ပုံကို သူ့ရဲ့ Profile ဓာတ်ပုံမှာသုံးခဲ့တယ်။ သာမန်အမြင်နဲ့ကြည့်ရင်ဘယ်သူမှမသိဘူး။ ဒါပေမဲ့ အဲဒီဓာတ်ပုံကို Photoshop မှာအလင်းတင်ကြည့်လိုက်တဲ့အခါ ဦးရဲထွဋ်ဖြစ်နေတယ်။   စစ်အောင်လေသံက ဦးရဲထွဋ်နဲ့ဆင်တယ်။ ကျွန်တော်က ဦးရဲထွဋ်ကိုသံသယရှိခဲ့တယ်။ ဓာတ်ပုံကပါ သူ့ဓာတ်ပုံဖြစ်နေတော့ ကျွန်တော့်သံသယခိုင်မာခဲ့တယ်။ ဦးရဲထွဋ်၊ စစ်အောင်၊ ဒေါက်တာဆိတ်ဖွား အတူတူပဲ။ ဒေါက်တာဆိတ်ဖွားအမှု လွှတ်တော်ကကျွန်တော့်ကိုခေါ်စစ်တော့လည်း ဒီအတိုင်းပဲပြောခဲ့တယ်။ ဒါပေမဲ့ ဦးရဲထွဋ်ငြင်းပါတယ်။ အဲဒီဓာတ်ပုံက ဥရောပခရီးစဉ်တစ်ခုမှာအရိုက်ခံခဲ့တာ။ ဘယ်သူမဆိုရနိုင်တာပဲဆိုတဲ့ပုံစံမျိုး။ ဒေါက်တာဆိတ်ဖွားသူမဟုတ်ဘူးလို့လည်း ငြင်းပါတယ်။ ငြင်းပိုင်ခွင့်သူ့မှာရှိပါတယ်။ ဒါပေမဲ့ အခုချိန်ထိ ကျွန်တော့်ယုံကြည်ချက်မပြောင်းဘူး။ စစ်အောင်၊ ဒေါက်တာဆိတ်ဖွား၊ ဦးရဲထွဋ်အတူတူပဲ။ ဖေဖော်ဝါရီ ၁ ရက်မှာ ဦးရဲထွဋ်က Facebook မှာ Status ရေးတယ်။ သူရေးတဲ့အကြောင်းအရာကို ကျွန်တော်စိတ်မဝင်စားဘူး။ ဒါပေမဲ့ သုံးခဲ့တဲ့အသုံးအနှုန်းကိုစိတ်ဝင်စားတယ်။ "ယုန်နဲ့အတူပြေး၊ ခွေးနဲ့အတူလိုက်နေသူများ" ဆိုတဲ့အသုံးအနှုန်းဖြစ်ပါတယ်။   အဲဒါကို စစ်အောင်ဆိုတဲ့သူသုံးခဲ့ဖူးတယ်။ မကြာခဏသုံးတယ်။ ကိုယ့်လူသူ့ဘက်သား၊ သူ့လူကိုယ့်ဘက်သား၊ တစ်ဖက်သားကိုခြေထိုးမယ့်အချိန်မှာသုံးတယ်။ စစ်အောင်သုံးခဲ့တာကို ဦးရဲထွဋ်လည်းသုံးတယ်။ သာမန်ကာလျှံကာသဘောထားနဲ့ သုံးတာမဟုတ်ဘူး။ စိတ်ထဲမှာ လေးလေးနက်နက်စွဲလမ်းနေတဲ့စာသားကို စာရေးရင်းထည့်သုံးတာပါ။ သူဘာကြောင့်သုံးခဲ့လဲ။ သူအသိဆုံးပဲဖြစ်မယ်။ ကျွန်တော့်အဖို့ရှင်းတယ်။ ဦးရဲထွဋ်၊ စစ်အောင်၊ ဒေါက်တာဆိတ်ဖွား အတူတူပဲဆိုတဲ့ယုံကြည်မှုကို ပိုပြီးခိုင်မာစေခဲ့တယ်။ အခု ဦးရဲထွဋ်စကားအတိုင်း ကျွန်တော်ပြောပါပြီ။ ဦးရဲထွဋ်ရော၊ အစိုးရအဖွဲ့ရော၊ လွှတ်တော်ရော ယုန်နဲ့အတူပြေး၊ ခွေးနဲ့အတူမလိုက်ပါနဲ့။ အမျိုးသားရေးကိစ္စမှာ လှေနံနှစ်ဖက်မနင်းပါနဲ့။ ခြံစည်းရိုးခွမထိုင်ကြပါနဲ့။

(၂၀၁၅ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်တွင် ဦးရဲထွဋ် Facebook တွင် တင်ခဲ့သည့် Status)
(၃) နိုင်ငံသားမဟုတ်တဲ့သူတွေကို မဲပေးခွင့်ပြုလိုက်ခြင်းက ပြောတော့တစ်မျိုး၊ လုပ်တော့တစ်မျိုး ဖြစ်မနေဘူးလား။ ပြီးခဲ့တဲ့နိုဝင်ဘာမှာ သမ္မတရုံးပြည်ထောင်စုဝန်ကြီးဦးစိုးသိန်းက The New York Times သတင်းစာမှာ ဆောင်းပါးရေးခဲ့တယ်။ Myanmar Needs Time ( မြန်မာနိုင်ငံအနေဖြင့် အချိန်လိုတယ်) ဆိုတဲ့ဆောင်းပါး။ အဲဒီဆောင်းပါးမှာ အချက်ငါးချက်ကို ဦးစိုးသိန်းပြောခဲ့တယ်။ ဒီအချက်ငါးချက်က လုပ်ပါမယ်ဆိုပြီး ဝါရှင်တန်ကိုကတိပေးခဲ့တာဖြစ်တယ်လို့ သံတမန်အသိုင်းအဝိုင်းကဆိုတယ်။ မှန်၊ မမှန်တော့မသိဘူး။ ငါးချက်မှာ ဒုတိယတစ်ချက်က ရခိုင်ပဋိပက္ခတွေအဆုံးသတ်ရေး ကြိုးပမ်းနေတယ်။ ပြဿနာတွေကို ကိုင်တွယ်ဖြေရှင်းနိုင်ဖို့ နိုင်ငံတကာစံချိန်စံညွှန်းနဲ့ကိုက်တဲ့ လုပ်ငန်းစီမံချက်တစ်ခုကို မကြာခင်မှာထုတ်ပြန်မယ်။ အဲဒီစီမံချက်ထဲမှာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာတွေ၊ ပြန်လည်နေရာချထားရေး၊ အသက်မွေးဝမ်းကျောင်းများ ပြန်ဖော်ဆောင်ရေးအပြင် နိုင်ငံသားဖြစ်ရေးကိစ္စတွေပါခဲ့တယ်။ ၂၀၁၅ ခုနှစ်ထဲမှာပဲ ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာအဖွဲ့အစည်းတွေ၊ OIC လို မွတ်ဆလင်အဖွဲ့အစည်းတွေက ဘင်္ဂါလီရိုဟင်ဂျာအရေးကို ဖိအားပေးခဲ့ပါတယ်။ သူတို့ရဲ့ရည်ရွယ်ချက်က ကမ္ဘာအနှံ့မှာရှိနေတဲ့ နိုင်ငံမဲ့ နိုင်ငံသား ရိုဟင်ဂျာ ၄ ဒသမ ၂ သန်းကို မြန်မာနိုင်ငံပြန်သွင်းဖို့ ဖန်တီးနေကြတာပါ။ ဒီလိုပြဿနာတွေရှိတဲ့ကြားက နိုင်ငံသားမဟုတ်သူတွေကို မဲပေးခွင့်ပြုတာပေါ်လာတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ရခိုင်ပြည်နယ်မှာရှိနေတဲ့ ဘင်္ဂါလီရိုဟင်ဂျာတွေ နိုင်ငံသားဖြစ်ရေးဆိုပြီးလုပ်နေတဲ့ ပြည်ထောင်စုဝန်ကြီးဦးစိုးသိန်းရဲ့အကြံဉာဏ်တွေကြောင့် နိုင်ငံပျက်သုဉ်းလို့မဖြစ်နိုင်ဘူး။ ဦးစိုးသိန်းက နိုင်ငံတကာကို ဘယ်လိုကတိတွေပဲပေးထား၊ ပေးထား သူပေးတဲ့ကတိတွေဟာ သူနဲ့ပဲဆိုင်ပါတယ်။ ကျွန်တော်တို့နဲ့မဆိုင်ပါဘူး။ မြန်မာနိုင်ငံထဲရှိနေတဲ့ ဘင်္ဂါလီရိုဟင်ဂျာတွေကို နိုင်ငံသားစိစစ်ဖို့ဆိုတာ ၁၉၈၂ ခုနှစ် နိုင်ငံသားဥပဒေနဲ့ပဲလုပ်ရမှာပါ။ မြန်မာနိုင်ငံပြင်ပမှာရှိနေတဲ့ရိုဟင်ဂျာတွေကို လက်မခံနိုင်ပါဘူး။ နောက်ပြီး ဘင်္ဂါလီရိုဟင်ဂျာပြဿနာ ကျွန်တော်တို့နိုင်ငံတစ်ခုတည်းဖြစ်နေတာမဟုတ်ပါဘူး။ အိန္ဒိယမှာလည်းဖြစ်နေပါတယ်။ အာသံဘက်မှာလည်းဖြစ်နေပါတယ်။ ဒါဟာ ကျွန်တော်တို့နိုင်ငံတစ်ခုတည်းရဲ့ ပြဿနာမဟုတ်ပါဘူး။ နိုင်ငံသားတိုင်းမဲပေးခွင့်ရှိပါတယ်။ ဝှိုက်ကတ်ကိုင်ထားသူတွေထဲမှာ ၁၉၈၂ ခုနှစ် နိုင်ငံသားဥပဒေနဲ့ကိုက်ညီပြီး နိုင်ငံသားဖြစ်ခဲ့ရင်လည်း သူတို့မဲပေးခွင့်ရှိရပါမယ်။ ဒါပေမဲ့ ၁၉၈၂ ခုနှစ်နိုင်ငံသားဥပဒေနဲ့ စိစစ်နေရဆဲ နိုင်ငံခြားသားတွေကိုတော့ နိုင်ငံသားအခွင့်အရေးမပေးနိုင်ပါဘူး။(၄) ရခိုင်ပြည်နယ်မှာ ၁၉၈၂ ခုနှစ် နိုင်ငံသားဥပဒေနဲ့ ခိုးဝင်ဘင်္ဂါလီရိုဟင်ဂျာတွေကိုစိစစ်ဖို့ အစိုးရကလုပ်နေတယ်။ ဘင်္ဂါလီတွေကိုစစ်ထုတ်နိုင်တာ ဒီတစ်နည်းပဲရှိပါတယ်။ အခုတင် ရခိုင်ပြည်နယ်မှာ ခိုးဝင်လာတဲ့ဘင်္ဂါလီခုနစ်သိန်းကျော်ရှိတယ်။ ဒီထဲမှာ ခြောက်သိန်းခုနစ်သောင်းက ဝှိုက်ကတ်ကိုင်ထားထားတယ်။ အဲဒီအရေအတွက်ခြောက်သိန်းကျော်ထဲမှာ တစ်ဝက်လောက်က ၁၉၈၂ ခုနှစ် နိုင်ငံသားဥပဒေနဲ့စိစစ်ရင် နိုင်ငံသားဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ မြန်မာတစ်နိုင်ငံလုံးမှာ ဘင်္ဂါလီအရေအတွက် ၁ ဒသမ ၅ သန်းကနေ နှစ်သန်းကြားမှာရှိပါတယ်။   ခိုးဝင်ဘင်္ဂါလီတွေကို ၁၉၈၂ ခုနှစ် နိုင်ငံသားဥပဒေနဲ့စိစစ်ပြီးမှ နိုင်ငံသားပေးရမှာက အစိုးရတာဝန်ပါ။ ပြီးအောင်မလုပ်နိုင်တာလည်း အစိုးရတာဝန်ပဲဖြစ်ပါတယ်။  ဥပဒေနဲ့စိစစ်လို့ နိုင်ငံသားဖြစ်ရင် မဲပေးခွင့်ရမှာပဲ။ ဒီအတွက်စိုးရိမ်စရာမရှိဘူး။ နိုင်ငံသားမဟုတ်ဘဲ မဲပေးခွင့်ပြုတာကသာ နိုင်ငံအတွက်စိုးရိမ်စရာဖြစ်တယ်။နိုင်ငံသားမဟုတ်သူတွေကို နိုင်ငံသားအခွင့်အရေးပေးလို့မဖြစ်ဘူး။ ဘင်္ဂါလီကိစ္စကြောင့် ရခိုင်ပြည်နယ်မှာမီးဟုန်းဟုန်းတောက်ခဲ့ပြီးပါပြီ။ နိုင်ငံတစ်ခုလုံး မီးဟုန်းဟုန်းတောက်ဖို့ ထပ်မဖြစ်စေချင်ပါဘူး။ နိုင်ငံသားမဟုတ်တဲ့သူတွေကို မဲပေးခွင့်ပြုတာမျိုး ဒီမိုကရေစီနိုင်ငံ ဘယ်နိုင်ငံမှာမှမရှိဘူး။ နိုင်ငံတကာကိုသွားနေတဲ့၊ အမေရိကန်ကိုရောက်ဖူးတဲ့ ဦးရဲထွဋ်လည်း ဒါကိုသိမှာပါ။ အမေရိကန်မှာမရှိဘူး။ အမေရိကန် Green Card ကိုင်ထားတဲ့သူတွေ လူမှုရေး၊ စီးပွားရေး အကုန်လုပ်လို့ရတယ်။ ဒါပေမဲ့ နိုင်ငံသားတစ်ဦးရဲ့ အမြင့်ဆုံးအခွင့်အရေးဖြစ်တဲ့ မဲပေးပိုင်ခွင့်မရှိဘူး။   မဲလိမ် မဲညစ်မှုပြဿနာဖြစ်တဲ့ ကမ္ဘောဒီးယားလိုနိုင်ငံမှာတော့ရှိတယ်။ ရွှေ့ပြောင်းအလုပ်သမားတွေကို ယာယီကတ်တွေထုတ်ပေး။ မဲပေးခိုင်းတယ်။ ဒါပေမဲ့ အဲဒီနိုင်ငံကိုပြန်ကြည့်လိုက်ပါ။ သူ့ဘေးမှာရှိနေတဲ့နိုင်ငံတွေက ထိုင်း၊ ဗီယက်နမ်၊ လာအို။ လူဦးရေမထူထပ်ဘူး။ ကျွန်တော်တို့ နိုင်ငံလိုမဟုတ်ဘူး။ နောက်တစ်ချက်က ကမ္ဘောဒီးယားကိုသွားပြီး ဘယ်သူမှအခြေစိုက်မနေချင်ဘူး။ ကျွန်တော်တို့နိုင်ငံကိုတော့ လာနေချင်နေတဲ့သူတွေအများကြီးရှိပါတယ်။   (၅) ကျွန်တော်တို့ပြောနေတာက လူမျိုးရေး၊ ဘာသာရေးခွဲခြားနေတာမဟုတ်ဘူး။  ဒါပေမဲ့ အမျိုးသားရေးကိုအလေးအနက်ထားရမယ်။ ပထဝီနိုင်ငံရေးကို အာရုံစိုက်ထားရမယ်။ မြန်မာနိုင်ငံရဲ့ဘေးမှာ လူဦးရေထူထပ်တဲ့ အိန္ဒိယ၊ တရုတ်၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွေရှိတယ်။ ဘင်္ဂလားဒေ့ရှ်မှာ လူဦးရေ  ၁၅၆ သန်းကျော်ရှိတယ်။ အိန္ဒိယမှာ လူဦးရေ သန်း ၁၂၀၀ ကျော်ရှိတယ်။ တရုတ်နိုင်ငံမှာ လူဦးရေ သန်း ၁၃၀၀ ကျော်ရှိတယ်။ ဘင်္ဂါလားဒေ့ရှ်ကြောင့် ရခိုင်ပြည်နယ်ထဲမှာ ခိုးဝင်ဘင်္ဂါလီ သိန်းချီဖြစ်လာပြီ။ သူတို့တွေကို နိုင်ငံသားအခွင့်အရေးပေးလိုက်တာ ရခိုင်တိုင်းရင်းသားတွေကိုထိုးနှက်လိုက်တာပဲ။ မကြာခင်မှာ ရခိုင်ပြည်နယ်ပျောက်သွားနိုင်ပါတယ်။ ရှမ်းမြောက်ပိုင်းမှာလည်း တရုတ်တွေကြောင့် ရှမ်းပြည်နယ်ပျောက်သွားနိုင်ပါတယ်။ ရှမ်းပြည်နယ်မြောက်ပိုင်းကို "ဝ" အမည်ခံတရုတ်တွေဝင်လာတယ်။ ရှမ်းပြည်နယ်တောင်ပိုင်းအထိရောက်နေပါပြီ။ ကချင်ပြည်နယ်မှာလည်း ကချင်လူမျိုးစစ်စစ်တွေနည်းလာပြီး ကချင်-တရုတ်တွေများလာနေပါတယ်။ ချင်းပြည်နယ်ကိုကြည့်ရင်လည်း အိန္ဒိယဘက်က ကသည်းတွေက ချင်းတိုင်းရင်းသားတွေကြားထဲစိမ့်ဝင်နေတယ်။ အဲဒီဒေသတွေကို စိမ့်ဝင်နေသူတွေထဲမှာ ဝှိုက်ကတ်ကိုင်ထားတဲ့သူတွေလည်းပါတယ်။ ဒါပေမဲ့ ဝှိုက်ကတ်ကိုင်ထားတဲ့သူတွေထဲမှာ အများစုကဘင်္ဂါလီတွေပါ။ နောက်လာမယ့် ၁၅ နှစ်ဆိုရင် သမ္မတဦးသိန်းစိန်ရဲ့မြေးတွေ၊ ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်းရဲ့မြေးတွေ၊ ဦးရဲထွဋ်ရဲ့သမီးတွေအရွယ်ရောက်ပြီ။ အခုအတိုင်းဆက်သွား အဲဒီအချိန် မြန်မာနိုင်ငံမှာ ဘင်္ဂါလီကုလားအရေအတွက်က ၁၀ သန်းလောက်ဖြစ်နေလောက်ပြီ။ မြန်မာနိုင်ငံလူဦးရေရဲ့ သုံးပုံတစ်ပုံဟာ နိုင်ငံခြားသား၊ ကုလား၊ တရုတ်တွေဖြစ်နေလိမ့်မယ်။ ၂၀၅၀ ခုနှစ်ရောက်ရင် မြန်မာနိုင်ငံလူဦးရေရဲ့ထက်ဝက်လောက်က ကုလား၊ တရုတ်တွေပဲဖြစ်နေမယ်။ တိုင်းရင်းသားတွေပျောက်ကုန်လိမ့်မယ်။ ဘင်္ဂါလီကိစ္စကို နိုင်ငံတကာကဖိအားပေးလာတယ်။ ကုလသမဂ္ဂကဖိအားပေးလာတယ်။ မွတ်ဆလင်အဖွဲ့အစည်းတွေ ဖိအားပေးလာတယ်။ အဲဒီဖိအားတွေကိုမခံနိုင်ဖြစ်ပြီး နိုင်ငံသားမဟုတ်တဲ့သူတွေကို နိုင်ငံသားအခွင့်အရေးပေး၊ နိုင်ငံသားအဖြစ် သတ်မှတ်လိုက်မယ်ဆိုရင် မြန်မာနိုင်ငံအစိတ်စိတ်အမွှာမွှာဖြစ်သွားပါလိမ့်မယ်။ ဒီအခြေအနေမှာ ပေးလို့မရသေးပါဘူး။နောက်ပြီး တိုင်းရင်းသားတွေမျက်နှာကိုမကြည့်တော့ဘူးလား။ တိုင်းရင်းသားတွေတောင်းဆိုနေတဲ့ အခွင့်အရေးတွေကိုကျတော့မပေးချင်ဘူး။ တိုင်းရင်းသားမဟုတ်တဲ့ နိုင်ငံသားတွေကိုကျတော့ နိုင်ငံသားအခွင့်အရေးပေးတယ်။ ဒီကိစ္စတွေအတွက် အစိုးရမှာတာဝန်ရှိပါတယ်။ နိုင်ငံသားမဟုတ်တဲ့သူတွေကို အခွင့်အရေးမပေးပါနဲ့။ တိုင်းရင်းသားတွေမျက်နှာကြည့်ပါ။ အခုတိုင်းရင်းသားတွေက အစိုးရကိုမယုံကြည်ကြဘူး။ အပစ်အခတ်ရပ်စဲရေး လက်မှတ်မထိုးနိုင်ကြသေးဘူး။ အစိုးရရဲ့အခုလုပ်ရပ်တွေအတိုင်း လုပ်နေသရွေ့ ကျွန်တော့်ဆိုရင်လည်း ဖေဖော်ဝါရီ ၁၂ ရက်မှာ လက်မှတ်ထိုးမှာမဟုတ်ဘူး။   တစ်ဖက်မှာပြောတော့ အမျိုးသားရေး၊ တစ်ဖက်မှာကျ နိုင်ငံသားမဟုတ်တဲ့သူတွေကို မဲပေးခွင့်ပြုတယ်။ တိုင်းရင်းသားတွေကိုကျ ဖိနှိပ်တယ်။ ဖက်ဒရယ်ကိုမပေးချင်ဘူး။ ဒါပေမဲ့ ကိုယ့်အာဏာတည်မြဲရေးတစ်ခုတည်းရှေးရှုပြီး နိုင်ငံသားမဟုတ်သူတွေကို မဲပေးခွင့်ပြုရင်တော့ တိုင်းပြည်အစိတ်အမွှာမွှာကွဲသွားနိုင်တယ်တယ်။ ခရိုင်းမီးယားလိုပုံစံတွေ မြန်မာနိုင်ငံမှာဖြစ်လာနိုင်တယ်။(၆)ဦးရဲထွဋ်ကိုပြောချင်တာက ရိုဟင်ဂျာဆိုတဲ့နာမည်ပေးတာ၊ ပြောတာထက် သူတို့တွေကိုမဲပေးခွင့်ပြုလိုက်တာက ပိုဆိုးပါတယ်။ အဲဒီပြစ်မှုကအကြီးဆုံးပါပဲ။ "ဝှိုက်ကတ်ကိုင်ထားသူတွေကို မဲပေးခွင့်ပြုရင် ဆန္ဒခံယူပွဲရလာဒ်ပြောင်းမှာမဟုတ်ဘူး၊ ဘာလို့လဲဆိုရင် မဲပေးပိုင်ခွင့်ရှိသူအရေအတွက်နဲ့ ယာယီသက်သေခံလက်မှတ် (ဝှိုက်ကတ်) ကိုင်ထားသူအရေအတွက်ယှဉ်ရင် ဝှိုက်ကတ်ကိုင်ထားသူအရေအတွက်က အလွန်နည်းလို့ ရလာဒ်မပြောင်းနိုင်ဘူး" ဦးရဲထွဋ်ပြောပါတယ်။ ကျွန်တော်တို့ပြောနေတာက ဆန္ဒခံယူပွဲရလာဒ်မဟုတ်ဘူး။ နိုင်ငံခြားသားကို နိုင်ငံသားတစ်ဦးရဲ့ အမြင့်ဆုံးအခွင့်အရေးကိုပေးလိုက်တာကိုပြောနေတာ။ ၂၀၀၈ ကပေးခဲ့တယ်။ ၂၀၁၀ ကပေးတယ်။ ၂၀၁၂ ကပေးတယ်။ ဒါပေမဲ့ အဲတာတွေက မသိဘဲခွင့်ပြုခဲ့တာ။ အခုချိန်မှာ အရင်လိုမဟုတ်တော့ဘူး။ ပြည်သူတွေရဲ့အမြင် ပွင့်လင်းနေပြီ။ အစိုးရလုပ်သမျှတိုင်းကို လက်ခံနေတာမဟုတ်ဘူး။ ဥပဒေတွေမှားနေတယ်။ မှားနေရင်ပြင်ရမှာပဲ။ ဆက်မှားနေလို့မဖြစ်ဘူး။ အမျိုးသားရေးနဲ့ဆိုင်တယ်။ နိုင်ငံနဲ့ဆိုင်တယ်။ တိုင်းပြည်ရဲ့အချုပ်အခြာအာဏာနဲ့ဆိုင်တယ်။ဦးနုခေတ်က မဲရလိုဇောနဲ့ ဘင်္ဂါလီတွေကို ရခိုင်ပြည်နယ်ထဲခိုးသွင်းတယ်။ သိန်းဂဏန်းလောက်ဝင်တယ်။ အဲဒီပြဿနာ ကိုအခုရှင်းနေရတုန်းပဲ။ ရှင်းလို့မပြေလည်နိုင်သေးခင်မှာပဲ ဘင်္ဂါလီအရေအတွက်က သန်းချီရှိလာပါပြီ။ဦးရဲထွဋ်ထပ်ပြောတာရှိပါသေးတယ်။  အချုပ်အခြာအတွက်အရေးကြီးတာက လွှတ်တော်ကိုယ်စားလှယ်များနဲ့ ဒုတိယသမ္မတအရည်အချင်းများလို အရေးကြီးတဲ့ရွေးချယ် ခန့်အပ်မှုများမှာ ယာယီသက်သေခံလက်မှတ်ကိုင်ဆောင်ထားသူများ၊ အခြားနိုင်ငံတစ်ခုရဲ့ သစ္စာခံထားသူများနဲ့ ပတ်သက်ဆက်နွှယ်သူများ မပါရှိရေးဖြစ်ပါတယ်လို့ဆိုပါတယ်။အချုပ်အခြာအာဏာဆိုတာ လွှတ်တော်ထဲကို နိုင်ငံခြားသား (နိုင်ငံသားစိစစ်ဆဲ) တွေဝင်လာမှမဟုတ်ဘူး။ နိုင်ငံကံကြမ္မာကို အဆုံးအဖြတ်ပေးပိုင်ခွင့်ရှိတဲ့ နိုင်ငံသားအခွင့် အရေးကို နိုင်ငံသားမဟုတ်သူတွေကိုပေးမယ်ဆိုရင်လည်း အချုပ်အခြာအာဏာကို ထိပါးလာပါမယ်။ အဲဒီနိုင်ငံသားမဟုတ်သူအရေအတွက် အခု အခုပမာဏနဲ့ရပ်နေမှာ မဟုတ်ဘူး။အစိုးရကခေါ်နေတဲ့ အထူးဒေသ (၂) ၊ "ဝ" ဒေသကိုပဲကြည့်လိုက်ပါ။ ဗမာစကားမပြောဘူး။ တရုတ်စာသုံးတယ်။ တရုတ်ငွေသုံးတယ်။ အစောပိုင်းမှာ တရုတ်တွေစိမ့်ဝင်တယ်။ နောက်ပိုင်း "ဝ" တိုင်းရင်းသားတွေ တဖြည်းဖြည်းနည်းလာတယ်။ပြီးခဲ့တဲ့နှစ်ကစပြီး "ဝ" သွေးစည်းညီညွတ်ရေးပါတီရဲ့ အမြင့်ဆုံးပေါ်လစ်ဗျူရိုအဖွဲ့မှာ မြန်မာပြည်ဖွား "ဝ" တိုင်းရင်းသားတွေမရှိတော့ဘူး။ အကုန်လုံးက တရုတ်နိုင်ငံဖွား "ဝ" သွေးနှော၊ "ဝ" အမည်ခံ တရုတ်တွေပဲဖြစ်ကုန်ပြီ။ ဆုံးဖြတ်ချက်တစ်ခုခုချရင်တောင် တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်အုပ်ချုပ်ရေးမှူးဆီအရင်သွား၊ ခွင့်ပြုချက်ယူရတာမျိုး "ဝ" သွေးစည်းညီညွတ်ရေးပါတီထဲမှာဖြစ်နေပြီ။"ဝ" ဒေသရဲ့အကျိုးဆက်က "ဝ" အမည်ခံတရုတ်တွေ၊ ကိုးကန့်အမည်ခံတရုတ်တွေ ရှမ်းပြည်နယ်တင်မကဘူး မြန်မာနိုင်ငံအနှံ့ စိမ့်ဝင်ပျံ့နှံ့လာတာပါပဲ။  (၇) တပ်မတော်ကိုလည်း ဒီနေရာမှာပြောချင်တယ်။ ဒို့တာဝန်အရေးသုံးပါးကို ဦးထိပ်ပန်ဆင်တယ်ဆိုတဲ့တပ်မတော်။ ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှုမပြိုကွဲရေး၊ အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေး။ ဒါဟာ ဒို့တာဝန်အရေးသုံးပါးပဲ။ တပ်မတော်က နိုင်ငံသားမဟုတ်သူတွေမဲပေးခွင့်ကို ခွင့်ပြုလိုက်တယ်။ အဲတာဟာ အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေးကိုထိခိုက်တယ်။ တိုင်းရင်းသားစည်းလုံးညီညွတ်မှုမပြိုကွဲရေးနဲ့ ပြည်ထောင်စုမပြိုကွဲရေးအတွက် အန္တရာယ်ရှိတယ်။ တပ်မတော်ကရော ဘာကြောင့်ခွင့်ပြုလိုက်တာလဲ။ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ပတ်သက်ပြီး ပြောခဲ့တာတွေရှိတယ်။ သူပြောခဲ့တာက ပထဝီနိုင်ငံaရးတည်ရှိပုံအရ လူဦးရေများပြားတဲ့ နိုင်ငံတွေကြားထဲမှာ မြန်မာနိုင်ငံရှိနေတယ်။  နိုင်ငံတည်ရှိမှုခိုင်မာဖို့လိုတယ်။ နိုင်ငံမှာ လူဝင်မှုပြဿနာတွေအများကြီးရှိနေဆဲဖြစ်တယ်။ နိုင်ငံတည်ရှိမှုအတွက် ဥပဒေတွေ ခိုင်ခိုင်မာမာဖြစ်ဖို့လိုတယ်။ အမျိုးသားရေးအလေးထားဖို့လိုပြီး အမျိုးသားရေးကိုကြည့်ဖို့လိုအပ်တယ်ဆိုတဲ့အချက်တွေကို ဗွီအိုအေသတင်းဌာနနဲ့တွေ့ဆုံခန်းမှာ အကြိမ်ကြိမ်ပြောခဲ့တာပါ။ တကယ်တော့ နိုင်ငံသားမဟုတ်သူတွေ မဲပေးခွင့်ကို ၂၀၀၈ ခုနှစ်ဖွဲ့စည်းပုံအခြေခံဥပဒေမှာ တိုက်ရိုက်ပြဋ္ဌာန်းထားခြင်းမရှိပါဘူး။ နိုင်ငံတည်ရှိမှုကို ယိမ်းယိုင်နိုင်တဲ့၊ အမျိုးသားရေးအလေးထားမှုကို သွေဖည်စေတဲ့ နိုင်ငံသားမဟုတ်သူတွေ မဲပေးခွင့်ပြုရေးမှာ တပ်မတော်ကထောက်ခံခဲ့တာက အပြောနဲ့လက်တွေ့မညီသလိုဖြစ်သွားပါတယ်။ ၂၀၁၀ ပြည့်နှစ်အခြေအနေနဲ့ အခု ၂၀၁၅ ခုနှစ်အခြေအနေတွေမတူတော့ပါဘူး။ ၂၀၁၀ ပြည့်နှစ်တုန်းက ဝှိုက်ကတ်ကိုင်ဆောင်ထားသူတွေ မဲပေးခွင့်ရခဲ့တာကို ပြည်သူတွေနားမလည်ခဲ့ပါဘူး။ ဒါပေမဲ့ အခုအချိန်မှာ ပြည်သူတွေနားလည်ပြီး လက်မခံတော့ပါဘူး။ ဒါကြောင့် ဥပဒေဟာ ဥပဒေအတိုင်းဖြစ်ရမယ်လို့လည်းပြောလို့မရပါဘူး။ ဥပဒေကခွင့်ပြုထားရင် မဲပေးခွင့်ရှိမှာပေါ့ဆိုပြီး ပြောလို့မရပါဘူး။ ဒေါ်အောင်ဆန်းစုကြည်ရဲ့စကားကို ကျွန်တော်လက်မခံပါဘူး။ ဒါဟာ နိုင်ငံ့အနာဂတ်အတွက်အရေးကြီးပါတယ်။ ဒီအရေးအတွက် လိုအပ်မယ်ဆိုရင် ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ပါတီက ကန့်ကွက်ရမယ်။ ဒါကိုမထောက်ခံကြောင်း ပြတ်ပြတ်သားသားထုတ်ဖော်ပြောဆိုရပါမယ်။ ဥပဒေတွေမှားနေရင် ပြန်ပြင်ဆွဲရမှာပါပဲ။ နိုင်ငံအနာဂတ်နဲ့သက်ဆိုင်တဲ့ဥပဒေတွေမှားနေရင် နိုင်ငံရဲ့အမျိုးသားအကျိုးစီးပွားနဲ့ နိုင်ငံအတွက်ပြင်ဆင်ရမှာပါ။(၈) ဝှိုက်ကတ်ကိုင်ဆောင်ထားသူ၊  နိုင်ငံသားမဟုတ်သူတွေကို မဲပေးခွင့်ပြုမယ်ဆိုရင် သမ္မတဦးသိန်းစိန်၊ ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်း၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဒီသုံးဦးစလုံးဟာ သမိုင်းမှာ ဦးနုထက်လည်းဆိုးသွားနိုင်လိမ့်မယ်၊ ဦးနေဝင်းထက်လည်းဆိုးသွားနိုင်လိမ့်မယ်။ ဦးသန်းရွှေထက်လည်းဆိုးသွားနိုင်လိမ့်မယ်။ သမိုင်းမှာတရားခံဖြစ်လိမ့်မယ်။ သုံးဦးစလုံးသေချာပြန်စဉ်းစားစေချင်တယ်။ ဒီလိုပြောလို့ တပ်မတော်အကြည်ညိုပျက်စေတယ်၊ နိုင်ငံတော်အကြည်ညိုပျက်စေတယ်ဆိုရင်လည်း ကြိုက်တဲ့ပုဒ်မတပ်ပြီး ကျွန်တော့်ကိုတရားစွဲနိုင်ပါတယ်။ ဒါပေမဲ့ နိုင်ငံသားမဟုတ်သူတွေကို မဲပေးခွင့်မပြုရဘူးဆိုတဲ့အချက်အပေါ်မှာ ကျွန်တော်အခိုင်အမာရပ်တည်ပါတယ်။ နိုင်ငံသားမဟုတ်တဲ့သူတွေကို မဲပေးခွင့်ပြုထားတဲ့ ဆုံးဖြတ်ချက်ကိုပြန်ပြင်ပေးရပါလိမ့်မယ်။ အစိုးရ၊ လွှတ်တော်၊ တပ်မတော်ကော အမျိုးသားရေးလို့ပြောရင်တော့ နိုင်ငံသားမဟုတ်သူတွေကို မဲပေးခိုင်းလို့မရပါဘူး။ ဦးရဲထွဋ်ခင်ဗျာ... ယုန်နဲ့အတူပြေး၊ ခွေးနဲ့အတူလိုက်တာမျိုးမဟုတ်ဘဲ အမျိုးသားရေးမှာ လှေနံနှစ်ဖက်နင်းသူ၊ ခြံစည်းရိုးခွထိုင်သူမဖြစ်အောင် သမ္မတကိုနားချပေးစေချင်ပါတယ်။

Most Read

Most Recent