လေးပွင့်ဆိုင် တွေ့ဆုံဆွေးနွေးပွဲကို သမ္မတက ဖေဖော်ဝါရီ ၁၂ ရက်နောက်ပိုင်းသို့ ရွှေ့ဆိုင်းခြင်းသည် တစ်ဖက်သတ်ရွှေ့ဆိုင်းခြင်း ဖြစ်သည့်အတွက် ကျောင်းသားသပိတ်စစ်ကြောင်းများ ဆက်လက်ချီတက်မည်ဟု ကျောင်းသားများ ဆုံးဖြတ်

လေးပွင့်ဆိုင် တွေ့ဆုံဆွေးနွေးပွဲကို သမ္မတက ဖေဖော်ဝါရီ ၁၂ ရက်နောက်ပိုင်းသို့ ရွှေ့ဆိုင်းခြင်းသည် တစ်ဖက်သတ်ရွှေ့ဆိုင်းခြင်း ဖြစ်သည့်အတွက် ကျောင်းသားသပိတ်စစ်ကြောင်းများ ဆက်လက်ချီတက်မည်ဟု ကျောင်းသားများ ဆုံးဖြတ်
Published 3 February 2015
နေရိုင်း၊ စိုးမင်းထိုက်

သပိတ်မှောက်ကျောင်းသားများ တောင်းဆိုသည့် လေးပွင့်ဆိုင် တွေ့ဆုံဆွေးနွေးပွဲအား နိုင်ငံတော်သမ္မတက ဖေဖော်ဝါရီ ၁၂ ရက် နောက်ပိုင်းသို့ ရွှေ့ဆိုင်းရန် ဆုံးဖြတ်ချက်သည် တစ်ဖက်သတ် ရွှေ့ဆိုင်းခြင်း ဖြစ်သည့်အတွက် ကျောင်းသားသပိတ် စစ်ကြောင်းများအား ဆက်လက်ချီတက်မည်ဟု သပိတ်မှောက် ကျောင်းသားများက ဖေဖော်ဝါရီ ၃ ရက်က ဆုံးဖြတ်ခဲ့သည်။ဖေဖော်ဝါရီ ၃ ရက်တွင် နေပြည်တော်ရှိ ပညာရေးဝန်ကြီးဌာနတွင် ကျောင်းသားများ တောင်းဆိုထားသည့် လေးပွင့်ဆိုင် တွေ့ဆုံဆွေးနွေးရန် စီစဉ်ထားသော်လည်း ကျောင်းသားများအား ကန့်သတ်ထားမှုများ ရှိကြောင်း၊ ထို့အတွက် ညှိနှိုင်းမှုများ ပြုလုပ်နေစဉ် နိုင်ငံတော်သမ္မတထံမှ သဘောထားမှတ်ချက် ရောက်ရှိလာသည့်အတွက် ကျောင်းသားကိုယ်စားလှယ်များအား ဝန်ကြီးဦးအောင်မင်းက ခေါ်ယူတွေ့ဆုံပြီး ဖေဖော်ဝါရီ ၁၂ ရက် နောက်ပိုင်းမှသာ ဆွေးနွေးပွဲ ဆက်လုပ်မည်ဟု နိုင်ငံတော်သမ္မတက သဘောထား ပေးပို့လာသည်ဟု ဦးအောင်မင်းက ပြောကြားခဲ့ကြောင်း၊ ထိုသို့ ဆွေးနွေးပွဲ ရွှေ့ဆိုင်းခံခဲ့ရသည့်အတွက် ကျောင်းသားများက ပညာရေးဝန်ကြီးဌာန ရုံးရှေ့တွင် မွန်းတည့် ၁၂ နာရီ ဝန်းကျင်ခန့်တွင် သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့သည်။၁၅ ဦး ကော်မတီတွင် ပါဝင်သည့် ကိုအောင်မှိုင်းဆန်းက “ကျွန်တော်တို့ အစည်းအဝေး မစခင်မှာ ရှိမယ့် အနေအထားတစ်ရပ်ကို အကြိမ်ကြိမ် ညှိနှိုင်းတယ်။ သူတို့ဘက်က သိပ်ပြီးတော့ လိုက်လျောချင်ပုံ မပေါ်ဘူး။ ဒီအချိန်အထိ ကျွန်တော်တို့ စိတ်ရှည်စွာ စောင့်ဆိုင်းနေတယ်။ စောင့်ပြီးတော့ ကျွန်တော်တို့ ပြန်လည်းမသွားဘူး။ ဆွေးနွေးပွဲကို ဆက်သွားဖို့ ကျွန်တော်တို့ စောင့်နေတယ်။ စောင့်နေတဲ့ အချိန်မှာ ဝန်ကြီးဦးအောင်မင်းက ကျောင်းသားထဲက ကိုယ်စားလှယ်သုံးယောက် NNER ထဲက ကျောင်းသားသုံးယောက်ကို ဆွေးနွေးစရာ ရှိလို့ပါ ဆိုပြီးတော့ ခေါ်တဲ့အတွက် ကျွန်တော်တို့ သွားခဲ့တယ်။ သွားကြတဲ့ အခါကျတော့ အစည်းအဝေးခန်းမထဲ ရောက်တဲ့အခါမှာ ဝန်ကြီးဦးအောင်မင်းက ပြောတယ်။ အခု သမ္မတနဲ့ စကားပြောပြီးပြီ။ သမ္မတဆီက အမှာစကား ရခဲ့တယ်။ သမ္မတပြောတဲ့ အမှာစကားရဲ့ လိုရင်းက ဒီဆွေးနွေးပွဲတွေကို သူတို့ ဖေဖော်ဝါရီ ၁၂ ရက် နောက်ပိုင်းမှ ဆက်ပြီးတော့ ကျင်းပနိုင်မယ့် အနေအထား ရှိတယ်။ ဒီကြားထဲမှာ သူတို့တွေမှာ တခြားကိစ္စတွေ ရှိတဲ့ အတွက်ကြောင့်မို့ ဖေဖော်ဝါရီ ၁၂ ရက် မတိုင်ခင်မှာ ကျွန်တော်တို့ တောင်းဆိုထားတဲ့ လေးပွင့်ဆိုင် တွေ့ဆုံပွဲ လုပ်နိုင်ခြင်း မရှိဘူးလို့ ပြောတယ်။ အဲ့ဒါအပြင် သူတို့ပြောတာက ဒေါက်တာသိန်းလွင်ကိစ္စနဲ့ ပတ်သက်ပြီးတော့လည်း NLD ပါတီက သူတို့ပါတီက ကိုယ်စားပြုပြီး လွှတ်တာ မဟုတ်တဲ့အတွက် NNER မှာ ခေါင်းဆောင်မှု ပြဿနာ  ရှိနေပြီလို့ ပြောတဲ့အတွက် NNER ကို ဘယ်သူက ခေါင်းဆောင်မှာလဲဆိုတာ သူတို့ကို ပြောပါလို့လည်း ပြောတယ်” ဟု ပြောကြားသည်။“နောက်တစ်ခုက သပိတ်မှောက်နေတဲ့ ကျောင်းသားတွေ တချို့ကလည်းပဲ ဒီမိုကရေစီ ပညာရေး ဦးဆောင်လှုပ်ရှားမှု ကော်မတီဟာ သပိတ်ကျောင်းသားတွေကို ဦးဆောင်မှု မပြုဘူးလို့ ပြောတာတွေ ရှိတယ်လို့ ကျွန်တော်တို့ကို တစ်ဖက်သတ် စွပ်စွဲပြောတာတွေ ရှိတယ်။ အဲဒီအချက် နှစ်ချက်လည်း ကျွန်တော်တို့ကို ပြောသွားပါတယ်” ဟု ဆက်လက်ပြောကြားသည်။ယင်းသို့ ပြောကြားခဲ့မှုအပေါ် ကိုအောင်မှိုင်းဆန်းက “မနက်တုန်းက ဆိုရင်လည်း ကျွန်တော်တို့တွေ တည်းခိုရေးကိစ္စမှာ အများကြီး အခက်အခဲ ကြုံခဲ့ရတယ်။ နေပြည်တော် စည်ပင်ရိပ်သာမှာ ကျွန်တော်တို့ တည်းချင်တာတောင်မှ အထက်အမိန့်အရ ကျွန်တော်တို့ကို တည်းခွင့် မပေးဘူးဆိုတော့ တခြားဟိုတယ် တစ်ခုကို ရွှေ့ခဲ့ရတယ်။ ဟိုတယ်မှာတည်းဖို့ ကျွန်တော်တို့မှာ အခက်အခဲ ရှိတဲ့အတွက်ကြောင့် ကျောင်းသားအချို့နဲ့ လူကြီးအချို့သာ တည်းခဲ့ရတယ်။ ကျန်တဲ့သူတွေ အားလုံးဟာ ဟိုတယ်ရှေ့မှာပဲ ကားရပ်ပြီး ကားပေါ်မှာ တည်းခဲ့ရတယ်။ ဒါမျိုးကို သူတို့ဘက်က အဆင်ပြေအောင် စီစဉ်ပေးရမယ့် တာဝန်ရှိတယ်။ ဒါပေမဲ့ ဒီလိုမျိုးဖြစ်တာကို စိတ်ပျက်ပြီးတော့ ကျွန်တော်တို့ မဆွေးနွေးတော့ပါဘူး ဆိုပြီးတော့ မဖြစ်ဘူး။ ကျွန်တော်တို့ ဒီကိုလာတယ်။ ကျွန်တော်တို့ စိန်ရတုခန်းမမှာ လုပ်ခဲ့တုန်းက မီဒီယာတွေလည်း ဝင်ခွင့်ပေးတယ်။ လေ့လာသူတွေလည်း ဝင်ခွင့်ပေးတယ်။ အဲဒီအတိုင်းပဲ ကျွန်တော်တို့ ဒီမှာ ဆက်ပြီး တောင်းဆိုတာပါ။ တိုးပြီး တောင်းဆိုနေတာလည်း မဟုတ်ဘူး။ ဒါပေမဲ့ သူတို့ဘက်က တစ်ဆင့်ပြီးတစ်ဆင့် ထစ်တယ်။ ၁၅ ဦးပဲ ဝင်ခွင့်ပေးမယ်တို့။ သူတို့ကို မက်ဆေ့ချ်ပေးပြီးသား။ သူတို့က ဟိုဘက်ကို ပေးတဲ့ အခါမှာ ရောက်မရောက် မသိဘူး။ ရောက်အောင် ပြောနိုင်တာ မပြောနိုင်တာတော့ မသိဘူး။ အခေါက်ခေါက်အခါခါ ပြောနေတာပဲ။ ကျွန်တော်တို့ တောင်းထားတာက စိန်ရတုပုံစံအတိုင်း ပွင့်ပွင့်လင်းလင်း ဆွေးနွေးဖို့ ကျွန်တော်တို့ ပြောခဲ့တယ်။ အခု နေ့လည်ရောက်တဲ့အထိ အဲ့ဒီကိစ္စတွေလည်း စိတ်ရှည်သည်းခံစွာနဲ့ ကျွန်တော်တို့ စောင့်ခဲ့တာပဲ။ ဘာပဲပြောပြော တန်းတူညီမျှရေးကို ကြည့်ခြင်းအားဖြင့် ကျွန်တော်တို့ဘက်မှာ ဆွေးနွေးဘက်ချင်း တန်းတူအခွင့်အရေး ကျွန်တော်တို့ဘက်မှာ မရှိဘူး။ ဖေဖော်ဝါရီ ၁၂ ရက်နောက်ပိုင်း ရွှေ့ချင်တယ်ဆိုရင် ကျွန်တော်တို့ကို ဘယ်ရက်ရွှေ့မယ်ဆိုတာ တိုင်တိုင်ပင်ပင် ညှိညှိနှိုင်းနှိုင်း ဆွေးနွေးသင့်တယ်။ အဲလို ဆွေးနွေးပြီးမှ ရွှေ့သင့်တယ်။ အခုဟာက သမ္မတကနေပြီးတော့ ပြောတဲ့အတွက် ဖေဖော်ဝါရီ ၁၂ နောက်ပိုင်းကို ရွှေ့လိုက်ပြီလို့ ဒါပဲပြောတယ်။ ကျွန်တော်တို့ အပေါ်မှာ ဘာမှ ညှိနှိုင်းတာလည်း မရှိဘူး။ မင်းတို့ ရွှေ့ချင်ချင် မရွှေ့ချင်ချင် ငါတို့တော့ ရွှေ့လိုက်ပြီဆိုတဲ့ တစ်ဖက်သတ်ဆန်တဲ့ တုံ့ပြန်မှုတွေဟာ ကျွန်တော်တို့ တန်းတူညီမျှမှု မရှိဘူးဆိုတာကို ခံစားရတယ်” ဟု ကိုအောင်မှိုင်းဆန်းက ပြောကြားသည်။ဒေါက်တာသိန်းလွင်က “ဦးအောင်မင်းမေးတဲ့ NNER ကို ဘယ်သူခေါင်းဆောင်မှာလဲ ဆိုတာ။ ကျွန်တော်တို့ NNER ဟာ စုပေါင်းခေါင်းဆောင်တဲ့အဖွဲ့ ဖြစ်ပါတယ်။ NNER ဟာ ပညာရေးကို လိုလားတဲ့ ကျောင်းတွေ၊ ဆရာတော်တွေ ဖွင့်ထားတဲ့ ဘကကျောင်းတွေ၊ ပညာရေး လုပ်ဆောင်နေတဲ့ အဖွဲ့အစည်းတွေ၊ ကျောင်းသားသမဂ္ဂတွေ၊ ဆရာသမဂ္ဂတွေ ပါဝင်တဲ့ အဖွဲ့အစည်း ဖြစ်ပါတယ်။ ပညာရေး ပြုပြင်ပြောင်းလဲရေးကို လိုလားတဲ့ အဖွဲ့အစည်းတွေနဲ့ ဖွဲ့စည်းထားတဲ့ ကွန်ရက်ဖြစ်ပါတယ်။ စုပေါင်းခေါင်းဆောင်တဲ့ အဖွဲ့အစည်း ဖြစ်ပါတယ်။ ကျွန်တော်တို့က NNER မှာ ပါဝင်ဆဲ ဖြစ်ပါတယ်။ ကျွန်တော်နဲ့ အန်အယ်လ်ဒီနဲ့ဖြစ်တဲ့ ကိစ္စက ကျွန်တော်က ပါတီဝင်တစ်ယောက် ဖြစ်ပါတယ်။ ဒါက ကျွန်တော်နဲ့ အန်အယ်လ်ဒီနဲ့ကြားက ကိစ္စ ဖြစ်ပါတယ်။ ကျွန်တော်ရဲ့ ပိုင်းဖြတ်ချက်က ကျောင်းသားလှုပ်ရှားမှုဟာ နည်းလမ်းကျတယ်လို့ မြင်တယ်။ ပညာရေး ပြုပြင်ပြောင်းလဲဖို့ တောင်းဆိုတာ ဖြစ်တယ်။ တောင်းဆိုချက်တွေက တရားမျှတတယ်လို့ ကျွန်တော်မြင်တယ်” ဟု သုံးသပ်ခဲ့သည်။သပိတ်မှောက်ကျောင်းသားခေါင်းဆောင်များ အစိုးရဘက်မှ ဆွေးနွေးပွဲ ရွှေ့ဆိုင်းခဲ့သည့်အတွက် ပညာရေးဝန်ကြီးဌာန ရုံးဝင်းအတွင်းမှ ပြန်လည်ထွက်ခွာလာသည်ကို တွေ့ရစဉ်
ကျောင်းသားတစ်ဦးက “ကျွန်တော်တို့ အနေနဲ့ကတော့ နေပြည်တော်ကို စရောက်တဲ့ အချိန်ကစပြီးတော့ ကျွန်တော်တို့ကို ဒီလို ကလေးကလားဆန်တဲ့ လုပ်ရပ်မျိုး လုပ်လိမ့်မယ်လို့ မမျှော်မှန်းထားခဲ့ဘူး။ ရောက်လာတော့ အိပ်မယ့်နေရာကစပြီး အခက်အခဲ ဖြစ်တယ်။ နောက်ပြီးတာ့ ဖေဖော်ဝါရီ ၁၂ ရက် နောက်ပိုင်းကို ရွှေ့လိုက်တယ်ဆိုတော့ အရမ်း ဝေးကွာလွန်းအားကြီးတယ်။ အစိုးရအနေနဲ့ ကျွန်တော်တို့ကို အချိန်အများကြီး စောင့်ခိုင်းတယ်။ သူတို့ရဲ့ တစ်ဖက်သတ် သဘောထားနဲ့ ကျွန်တော်တို့ကို စောင့်ခိုင်းခဲ့တာ ဖြစ်တယ်။ ကျွန်တော်တို့ တောင်းဆိုခဲ့တဲ့ ကိုးချက်ထဲက သဘောတူညီထားပြီးတဲ့ ခုနစ်ချက်ထဲကနေ နံပါတ်(၃)အချက်ကို ဖျက်တယ်။ ဒီလိုမျိုးတွေ ရှိခဲ့တယ်။ ကျွန်တော်တို့က အဲလိုမျိုး ဖြစ်လာတာကို လက်မခံဘူး။ အစိုးရဘက်က ၁၂ ရက် နောက်ပိုင်းကို ရွှေ့ဆိုင်းလိုက်တယ်ဆိုရင် သပိတ်ရပ်နားထားခြင်းကို ရွှေ့ဆိုင်းပြီးတော့ ကျွန်တော်တို့ သပိတ်တွေကို ဆက်လက်ချီတက်သွားမယ်” ဟု ပြောကြားသည်။ကျောင်းသားသပိတ်တွင် ပါဝင်သည့် ကိုမင်းသွေးသစ်က “တွေ့ဆုံဆွေးနွေးပွဲကို မြန်မြန်ဆန်ဆန် လုပ်စေချင်တယ်။ ကျွန်တော်တို့ ငြိမ်းချမ်းစွာ ဆွေးနွေးအဖြေရှာမှုကို အားကိုးသော်လည်း အဲ့လိုဖြေရှင်းမှုကို တစ်ဖက်သတ် ရပ်ဆိုင်းခံရတယ်လို့ မြင်ပါတယ်။ အစကတည်းက အစိုးရက ကျွန်တော်တို့ တောင်းဆိုတဲ့ အချက်တွေကို မလိုက်လျောဘဲ သပိတ်ရပ်ဖို့ကိုသာ ပြောနေတာဖြစ်တယ်။ သူတို့ဘက်က လက်ရှိဖြစ်နေတဲ့ ကျောင်းသားသပိတ်ကို ရပ်ပေးပါလို့ပဲ ပြောနေတာ အဲ့ဒီကတည်းက ကျွန်တော်တို့ သုံးသပ်ထားတာက အစိုးရအနေနဲ့ ကျွန်တော်တို့ တောင်းဆိုတာကို သဘောထားကြီးကြီးနဲ့ လုပ်ပေးချင်တဲ့ စိတ်မရှိဘဲနဲ့ သူတို့အပေါ် ဖိအားဖြစ်နေတဲ့ သပိတ်ကိုပဲ ရပ်ခိုင်းတယ်လို့ မြင်တယ်။ မန္တလေးက ရန်ကုန်ကိုဆင်းတဲ့ သပိတ်ကို ကျွန်တော်တို့က ရပ်မပေးခဲ့ဘူး။ ဒီနေ့ ဆွေးနွေးပွဲ တစ်ဖက်သတ် ရပ်ဆိုင်းခြင်းကလည်း အစိုးရရဲ့ သဘောထားကို ထပ်ပြီး သက်သေပြလိုက်တာ ဖြစ်ပါတယ်။ ရပ်နားထားတဲ့ သပိတ်စစ်ကြောင်းတွေကလည်း သူ့ဟာနဲ့သူ ရန်ကုန်ကို ဆက်ချီတက်မယ်။ ရန်ကုန်မှာ စုရပ်လုပ်ပြီး သပိတ်အကြီးကြီးလုပ်ဖို့ ညှိနှိုင်းဆောင်ရွက်သွားမယ်။ ကျွန်တော်တို့က ပြည်သူကိုယုံလို့ လမ်းပေါ်ထွက်ပြီး သပိတ်မှောက်နေတာ ဖြစ်တယ်။ တောင်သာတို့၊ ဝဲလောင်တို့မှာ အတားခံရတဲ့ ကိစ္စမျိုးတွေမှာ ပြည်သူတွေ ဝန်းရံပေးခဲ့လို့ အတားအဆီးတွေကို ကျော်လွှားနိုင်ခဲ့တာ ဖြစ်တယ်။ ကျွန်တော်တို့ ကျောင်းသားတွေချည်းပဲဆိုရင် တောင်ကြားထဲမှာ လူမသိသူမသိ အရိုက်ခံရမလား၊ အသတ်ခံရမလား မသိဘူး။ အဲ့တော့ ကျွန်တော်တို့က ရောက်တဲ့မြို့တိုင်းမှာ ပြည်သူကို ဘာလို့ သပိတ်မှောက်ရသလဲဆိုတာ ရှင်းပြတယ်။ ကျွန်တော်တို့ အားကိုးနိုင်တဲ့ လက်နက်က ပြည်သူပါပဲ။ ကျွန်တော်တို့က လက်နက်မဲ့တွေပါ။ လက်နက်ဆိုလို့ ဘောလ်ပင်ပဲ ရှိပါတယ်။ ကျွန်တော်တို့ ပြည်သူကိုပဲ အားကိုးတာပါ။ ကျွန်တော်တို့က အစိုးရကို ဆန့်ကျင်ပြီးတော့ မတုံ့ပြန်ဘူး။ ပြည်သူနဲ့ ပူးပေါင်းပြီးတော့ ငြိမ်းချမ်းစွာနဲ့ ရန်ကုန်ကိုသွားဖို့ ရည်မှန်းထားတာပါ။ အခက်အခဲ အားလုံးကို ငြိမ်းချမ်းစွာပဲ ကျော်လွှားပြီးတော့ သွားမှာပါ” ဟု ဆိုသည်။လုံခြုံရေးချထားမှု အနေဖြင့် ပညာရေးဝန်ကြီးဌာန ဝန်ကြီးရုံးအနီးနှင့် ရုံးရှေ့တွင် ရဲမှူးအဆင့်ပါဝင်သော ရဲကားများ၊ လွှတ်တော်သွားသည့် လမ်းထိပ်တွင် ရဲကားများ ချထားသည်ကို တွေ့ရပြီး၊ ပုဗ္ဗသီရိမြို့နယ်အတွင်းရှိ မှန်ကျောင်းဘုန်းကြီးကျောင်းတွင် ခေတ္တနားရန် စီစဉ်ထားသော်လည်း အာဏာပိုင်များ၏ ဖိအားပေးမှုကြောင့် နားခိုခွင့် မရခဲ့ကြောင်း၊ ကျောင်းသားများ၏ ကားနောက်တွင်လည်း ရဲကားများ လိုက်ပါလာခဲ့ကြောင်း ကျောင်းသားများ၏ ပြောကြားချက်အရ သိရသည်။

Most Read

Most Recent