ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးဆိုင်ရာ သဘောတူညီချက်ကို ကတိကဝတ်ပြု လက်မှတ်ထိုးရန် တောင်းဆိုချက် အစိုးရလက်ခံပါက ကေအိုင်အေအပါအဝင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ခေါင်းဆောင်များ ပြည်ထောင်စုနေ့အခမ်းအနားသို့ တက်ရောက်မည်

ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးဆိုင်ရာ သဘောတူညီချက်ကို ကတိကဝတ်ပြု လက်မှတ်ထိုးရန် တောင်းဆိုချက် အစိုးရလက်ခံပါက ကေအိုင်အေအပါအဝင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ခေါင်းဆောင်များ ပြည်ထောင်စုနေ့အခမ်းအနားသို့ တက်ရောက်မည်
Published 1 February 2015
အောင်ဇော်ထွန်း

လာမည့် ပြည်ထောင်စုနေ့တွင် ဒီမိုကရေစီရေး၊ အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဠာန်းခွင့် အပြည့်အဝရှိသော အမျိုးသားပြည်နယ်များကို အခြေခံ၍ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်နိုင်ရေးကို ဦးထိပ်ပန်ဆင်ကာ “ဖက်ဒရယ်ပြည်ထောင်စုတည် ဆောက်ရေးဆိုင်ရာ သဘောတူညီချက် တစ်ရပ်”ကို ကတိကဝတ်ပြု ပါဝင်လက်မှတ်ရေးထိုးသွားကြရန် အလုံးစုံ ဆန္ဒပြုအပ်သည်ဟု တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များဖြင့် ဖွဲ့စည်းထားသည့် ညီညွတ်သော တိုင်းရင်းသား လူမျိုးများဖက်ဒရယ်ကောင်စီ (UNFC) က နိုင်ငံတော်သမ္မတထံသို့ စာပေးပို့တောင်းဆိုထားရာ ယင်းတောင်းဆိုချက်ကို လက်ခံပါက ကေအိုင်အေအပါအဝင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ခေါင်းဆောင်များ ပြည်ထောင်စုနေ့ အခမ်းအနားသို့ တက်ရောက်မည်ဖြစ်ကြောင်း သတင်းရရှိသည်။UNFC က ဇန်နဝါရီ ၂၉ ရက် ရက်စွဲဖြင့်  “(၆၈)နှစ်မြောက် ပြည်ထောင်စုနေ့နှင့် ပတ်သက်၍ သဘောထားထုတ်ပြန်ကြေညာချက်” တစ်ရပ် ထုတ်ပြန်ခဲ့ရာ UNFC ၏ တွဲဖက်အထွေထွေ အတွင်းရေးမှူး (၁) ဗိုလ်မှူးကြီး ခွန်ဥက္ကာက “ကျွန်တော်တို့ ထုတ်ပြန်တာက ကျွန်တော်တို့အားလုံး အစည်းအဝေးဆုံးဖြတ်ချက်နဲ့ အဖွဲ့ဝင်တွေရဲ့ သဘောတူညီချက် နောက်ပြီးတော့ ကျွန်တော်တို့ဥက္ကဠရဲ့ ညွှန်ကြားချက်နဲ့ ထုတ်တာဖြစ်ပါတယ်။“ပြည်ထောင်စုနေ့ကတော့ အဓိပ္ပာယ်ပြည့်ဝတဲ့နေ့ဖြစ်အောင် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်မယ်ဆိုတဲ့ အခြေခံသဘောတူချက်ကို ရသင့်တယ်။ ဒီပြည်ထောင်စုနေ့မှာ။ ဒါကတော့ ပြည်သူလူထုကလည်း တောင်းဆိုတယ်။ သမ္မတကြီးကိုယ်တိုင်ကလည်း ဒီဇင်ဘာ ၂ ရက် မိန့်ခွန်းမှာ ထည့်ပြောခဲ့ပါတယ်။ အဲဒါလေးကို စာလေးတစ်ကြောင်း နှစ်ကြောင်းလောက်ကို အပြန်အလှန် သဘောတူကြတယ်ဆိုရင်တော့ ပြည်ထောင်စုနေ့ကတော့ အင်မတန်မှ အဓိပ္ပာယ်ပြည့်ဝပြီးတော့ ရှေ့ဆက်ကျွန်တော်တို့ တည်ဆောက်မယ့် ပြည်ထောင်စုပုံသဏ္ဌာန်လည်း ပေါ်သွားမှာပေါ့”ဟု ပြောကြားသည်။ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေးဆိုင်ရာ သဘောတူညီချက်အား လက်မှတ်ရေးထိုးခြင်းအားဖြင့်  အပြန်အလှန်ယုံကြည်မှုကို ပိုမိုခိုင်မာစေပြီး တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ်ကိုလည်း နှောင့်နှေးကြန့်ကြာမှု မရှိစေဘဲ အဆုံးသတ်နိုင်ရေးကို ထပ်လောင်းကြိုးပမ်းရာ ရောက်မည်ဖြစ်သည်ဟု UNFC က ထုတ်ပြန်ထားသည်။ဗိုလ်မှူးကြီးခွန်ဥက္ကာက “စာချုပ်မှာ သဘောတူတဲ့အချက်လည်း ဟုတ်ပါတယ်။ သို့သော် စာချုပ်ထဲမှာက နည်းနည်းလေး နာမဝိသေသနတွေ သုံးထားတာ များတယ်။ ဒါပေမဲ့ အပစ်ရပ်စာချုပ်မှာတော့ အဲဒီလောက်ပါတာတော့ ရပါပြီ။ အခုကတော့ ကျွန်တော်တို့ လူကြီးချင်းတွေ့တဲ့နေရာမှာ ကတိကဝတ်ပြုတဲ့ နိုင်ငံရေးအာမခံချက် သဘောမျိုးလေးပါ။  ပြည်ထောင်စုတည်ဆောက်မယ်ဆိုတာကို တောင်းဆိုတာက တိုင်းရင်းသားတွေက တောင်းဆိုတာကို။ တိုင်းရင်းသားတွေ တောင်းဆိုတဲ့ဟာကို အစိုးရက လက်ခံတယ်ဆိုရင် တိုင်းရင်းသားခေါင်းဆောင်တွေ သွားမယ်။ ဒါကို ချက်ချင်းသဘောတူမယ်ပေါ့”ဟု ပြောကြားသည်။ပြည်ထောင်စုနေ့တွင် “ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေးဆိုင်ရာ သဘောတူ ညီချက်တစ်ရပ်” လက်မှတ်ရေးထိုးနိုင်ရေးနှင့် ပတ်သက်ပြီး ပြီးခဲ့သည့် ဇန်နဝါရီ ၂၅ ရက်က နိုင်ငံတော်သမ္မတထံသို့ လိပ်မူပြီး စာပေးပို့ထားကြောင်းနှင့် ယင်းသဘောတူညီချက် လက်မှတ်ရေးထိုးနိုင်ရေးကိစ္စနှင့် ပတ်သက်ပြီး အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင် ကိုယ်စားလှယ်များအကြား အလွတ်သဘော ညှိနှိုင်းမှုများ ဆောင်ရွက်ရန်အစီအစဉ်ရှိကြောင်း သိရသည်။ဗိုလ်မှူးကြီးခွန်ဥက္ကာက “ကျွန်တော်တို့ ပို့ထားတဲ့စာရယ် အခုရှိနေတဲ့ အဲဒီပြည်ထောင်စုနေ့နဲ့ ပတ်သက်တဲ့ ထုတ်ပြန်ကြေညာချက်ရယ်က သဘောထား အတူတူပါပဲဗျ။ ပြန်ကြားစာမှာ အသေးစိတ်မပါဘူးခင်ဗျ။ ကျွန်တော်တို့ ဆုံတွေ့ဖို့ရှိတယ်ဆိုတဲ့ အကြောင်းနဲ့ သဘောတူချက်ကတော့ ပုံစံတစ်မျိုးမျိုးတော့ ဖြစ်မှာပေါ့ဗျာ။ သမ္မတရုံးကတော့ ငြိမ်းချမ်းရေးအတွက် အဓိဠာန်ပြုကြရန် သဘောတူခြင်းဆိုတဲ့ပုံစံမျိုး အဲဒီလိုတော့ တွေ့တယ်။ သို့သော်လည်း ဘယ်လိုပုံစံဖြစ်မလဲဆိုတာတော့ အခိုင်အမာပြောလို့ မရသေးဘူး။ ညှိနှိုင်းဖို့လိုတယ်ဆိုတဲ့ သဘောတော့ ရှိတာပေါ့။ ဒါနဲ့ပတ်သက်ပြီး ကျွန်တော်တို့ အပြန်အလှန် ညှိနှိုင်းကြရမှာ ဖြစ်ပါတယ်” ဟု ပြောကြားသည်။အစိုးရတပ်မတော်နှင့် တိုက်ပွဲများ ဖြစ်ပွားလျက်ရှိသော ကချင်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ကေအိုင်အေမှ ဗိုလ်ချုပ်ကြီး အင်ဘန်လက ဥက္ကဠအဖြစ် တာဝန်ယူထားသော UNFC အဖွဲ့ဝင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများမှာ KIO၊ KNU၊ NMSP၊ SSPP၊ PNLO၊CNF၊ KNPP၊ LDU၊ ANC၊ TNLA၊ WNO၊ MNDAA တို့ ဖြစ်ပြီး လက်ရှိတွင် အဖွဲ့ဝင် အဖွဲ့အစည်းဖြစ်သော ကရင်အမျိုးသားအစည်းအရုံး (KNU) သည်  UNFC တွင် ပါဝင်မှုကို ယာယီရပ်ဆိုင်းထားသည်။                  

Most Read

Most Recent