ခြောက်ပွင့်ဆိုင်တွေ့ဆုံပွဲ၌ ဆွေးနွေးစေလိုသည့်အချက်များကို လွှတ်တော်ကိုယ်စားလှယ်များကတင်ပြထားပြီး တပ်မတော်သားကိုယ်စားလှယ်များက ခြောက်ပွင့်ထက်ပိုသည့် တိုင်းရင်းသားကိုယ်စားလှယ်များ၊ နိုင်ငံရေးပါတီကိုယ်စားလှယ်များပါဝင်သင့်ကြောင်းအကြံပြု

ခြောက်ပွင့်ဆိုင်တွေ့ဆုံပွဲ၌ ဆွေးနွေးစေလိုသည့်အချက်များကို လွှတ်တော်ကိုယ်စားလှယ်များကတင်ပြထားပြီး တပ်မတော်သားကိုယ်စားလှယ်များက ခြောက်ပွင့်ထက်ပိုသည့် တိုင်းရင်းသားကိုယ်စားလှယ်များ၊ နိုင်ငံရေးပါတီကိုယ်စားလှယ်များပါဝင်သင့်ကြောင်းအကြံပြု
Published 29 January 2015
စိုးမင်းထိုက်

ခြောက်ပွင့်ဆိုင်တွေ့ဆုံဆွေးနွေးပွဲတွင် ဆွေးနွေးစေလိုသည့်အချက်များကို လွှတ်တော်ကိုယ်စားလှယ်များကတင်ပြထားရာတွင် ပုဒ်မ ၄၃၆ ပါ ၇၅ ရာခိုင်နှုန်းကျော်အစား သုံးပုံနှစ်ပုံပြင်ဆင်ရေးဆွေးနွေးစေလိုသည့်အချက်များအား အမျိုးသားလွှတ်တော်ကိုယ်စားလှယ်များက အကြံပြုထားပြီး တပ်မတော်သားကိုယ်စားလှယ်များကမူ ခြောက်ပွင့်ဆိုင်ဆွေးနွေးမှုထက်ပိုမိုသည့် တိုင်းရင်းသားကိုယ်စားလှယ်များ၊ နိုင်ငံရေးပါတီကိုယ်စားလှယ်များ ပိုမိုပါဝင်သင့်ကြောင်း ဆွေးနွေးသင့်ကြောင်း အကြံပြုချက်များကို အမျိုးသားလွှတ်တော်ဥက္ကဋ္ဌထံပေးပို့ထားကြောင်း သတင်းရရှိသည်။ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာဗညားအောင်မိုးက "ခြောက်ပွင့်ဆိုင်တွေ့ဆုံပွဲမှာ ပုဒ်မ ၄၃၆ ကိုပြင်လို့ရအောင် ညှိနှိုင်းဖို့ပဲ။ ၄၃၆ ကိုပြင်လို့ရရင် ကျန်တဲ့ပုဒ်မတွေက ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်မှုဖြစ်မြောက်ရေးကော်မတီမှာ ဆွေးနွေးရာမှာလည်း တော်တော်လေးပြေလည်နေပါပြီ။ ၄၃၆ ပြင်လို့ရတယ်ဆိုရင် ကျန်တဲ့အပိုင်းကိုတော့ အေးအေးဆေးဆေး လွယ်လွယ်ကူကူပြင်ဆင်နိုင်ပြီ။ အခု အကုန်မပြင်နိုင်သေးရင်လည်း နောက်လွှတ်တော်သက်တမ်းတွေမှာ ပြင်ဆင်သွားနိုင်မယ်။ အဓိက,ကတော့ ၄၃၆ ကိုပြင်ဆင်ဖို့ပါပဲ" ဟုပြောကြားသည်။ဒေါက်တာဗညားအောင်မိုးက နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးတွင် လမ်းပွင့်စေရန်အတွက် ပုဒ်မ ၄၃၆ ကိုပြင်ဆင်ခြင်း၊ အမျိုးသားလွှတ်တော်၊ ပြည်သူ့လွှတ်တော်၊ တိုင်းဒေသကြီး(သို့)ပြည်နယ်လွှတ်တော် ရွေးကောက်ပွဲများတွင် ပီအာရ်စနစ်ကျင့်သုံးနိုင်ရန် ပြင်ဆင်ခြင်းကို ပြိုင်တူပြုလုပ်ရန် ပုဒ်မ ၄၃၆ တွင် လွှတ်တော်၏ထောက်ခံမဲ(၇၅ ရာခိုင်နှုန်းကျော်) အစား ထောက်ခံမဲသုံးပုံနှစ်ပုံသို့ ပြောင်းလဲရေးညှိနှိုင်းရန်၊ ပီအာရ်စနစ်ကျင့်သုံးနိုင်ရေး ဖွဲ့စည်းပုံပြင်ဆင်နိုင်ရန်အတွက်ညှိနှိုင်းရန် အကြံပြုထားကြောင်းသိရသည်။အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးမြင့်ထွန်းက နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေအား ပြင်သင့်သည်များကို ပြင်ဆင်နိုင်ရေး၊ ပုဒ်မ ၄၃၆ တွင် (၇၅ ရာခိုင်နှုန်း)ကျော်ဟူသော စာပိုဒ်များ၌ကျော်ကို ဖြုတ်ပေးခြင်းခြင်းဖြင့် ဖြေလျှော့ပေးရန်အကြံပြုထားကြောင်း၊ ပြည်ထောင်စုလွှတ်တော်ကအတည်ပြုသောအဆိုများကို လျင်မြန်သောအချိန်ဖြင့် တိကျစွာဆောင်ရွက်ပေးရေး၊ အမျိုးသားပြန်လည်ပေါင်းစည်းရေးနှင့် အပစ်အခတ်ရပ်စဲရေးအပါအဝင် ပြည်တွင်းငြိမ်းချမ်းရေးကို ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲမတိုင်မီ ပြည်သူကျေနပ်နိုင်သည့်အဆင့်အထိ ပီပြင်စွာအကောင်အထည်ဖော်ရေးများကို အကြံပြုထားကြောင်း သိရသည်။ဦးမြင့်ထွန်းက "ခြောက်ပွင့်ဆိုင်ဆွေးနွေးပွဲအမြန်ဖြစ်ဖို့လိုတယ်။ ခေါင်းခြောက် ခေါင်းပေါင်းစည်းသွားရင် အများကြီးတိုးတက်သွားမယ်။ အားလုံးကလည်း ဒီခြောက်ယောက်ရဲ့ခေါင်းဆောင်လမ်းညွှန်မှုကိုခံယူချင်တဲ့ သဘောလေးတွေရှိတယ်။ ခြောက်ပွင့်ဆိုင်က လူနည်းနည်းနဲ့ကျဲကျဲဝိုင်းမယ်။ များများဆွေးနွေးလို့ရတယ်။ ခြောက်ပွင့်ဆိုင်ကတွေ့ချင်တယ်ဆိုရင် ငါးမိနစ်လောက်အတွင်းမှာတွေ့လို့ရတယ်။ တကူးတကကြီး လုပ်နေစရာမလိုဘူး။ ငါးယောက်က ဧရိယာတစ်ခုတည်းမှာ ငါးမိနစ်အတွင်းတွေ့နိုင်တယ်။ ဗိုလ်ချုပ်မှူးကြီးသာလာဖို့ ၁၀ မိနစ်လောက်ကြာနိုင်တာ။ တစ်ပတ်တစ်ခါ၊ နှစ်ပတ်တစ်ခါတွေ့နေဖို့လိုတယ်။ ကျန်တဲ့တိုင်းရင်းသားလိုတယ်ဆိုရင် ထပ်ခေါ်လို့ရတာပဲ။ အဲဒီကျမှ လိုရင်ထပ်ဖြည့်လိုက်ပေါ့။ အကုန်လုံးကြီးအမြဲတမ်းတွေ့နေရင် အစည်းအဝေးကြီးလိုဖြစ်နေမှာပေါ့။ အများကြီးဆို ရင်းရင်းနှီးနှီးမရှိနိုင်ဘူး။ ရင်းရင်းနှီးနှီးရှိနေရင် တစ်နိုင်ငံလုံးအတွက်ကောင်းသွားပြီ။ ဒီလိုတွေ့ဆုံဖို့ကို တစ်နိုင်ငံလုံးကမျှော်လင့်နေတာပဲလေ" ဟုပြောကြားသည်။တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်များကိုယ်စား ဗိုလ်မှူးချုပ်ကျော်ဦးလွင်က တိုင်းရင်းသားလူမျိုးပေါင်း ၁၀၀ ကျော်၏ ကိုယ်စားလှယ်တစ်ဦးစီပါဝင်ရန်မှာလည်း မဖြစ်နိုင်သကဲ့သို့ တိုင်းရင်းသားအစုအဖွဲ့များအတွက် ကိုယ်စားလှယ်တစ်ဦးသာသတ်မှတ်ပေးခြင်းမှာလည်း တိုင်းရင်းသားများအပေါ် အလေးမထားရာရောက်နေပါကြောင်း၊ ထို့ကြောင့် တိုင်းရင်းသားများအနေဖြင့် ယင်းတို့၏ဆန္ဒများ ထုတ်ဖော်ပြောဆိုနိုင်ရေး အနည်းဆုံး ဗမာတိုင်းရင်းသားမပါ ကျန်တိုင်းရင်းသားလူမျိုးစုကြီးခုနစ်ခုမှ တစ်စုလျှင် ကိုယ်စားလှယ်တစ်ဦးကျစီပါဝင်သင့်ကြောင်း အကြံပြုထားသည်။ထို့ပြင် တပ်မတော်သားကိုယ်စားလှယ် ဗိုလ်မှူးချုပ်ကျော်ဦးလွင်က ခေတ်စနစ်အချိန်အခါအခြေအနေနှင့်ညီညွတ်သော ဖွဲ့စည်းပုံအခြေခံဥပဒေဖြစ်ပေါ်လာရေးမှာ ခြောက်ပွင့်ဆိုင်ဆွေးနွေးမှုထက် ပိုမိုသည့်တိုင်းရင်းသား ကိုယ်စားလှယ်များ၊ နိုင်ငံရေးပါတီကိုယ်စားလှယ်များ ယခုထက်ပိုမိုပါဝင်သင့်ကြောင်း တပ်မတော်သားကိုယ်စားလှယ်များကိုယ်စား ဆွေးနွေးပေးရန် အကြံပြုထားကြောင်း သိရသည်။ခြောက်ပွင့်ဆိုင်တွေ့ဆုံဆွေးနွေးပွဲတွင် လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် ဆွေးနွေးစေလိုသည့်အချက်များကို ဇန်နဝါရီ ၂၃ ရက်နောက်ဆုံးထားပြီးတင်ပြကြရန် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌဦးခင်အောင်မြင့်က ညွှန်ကြားခဲ့သည်။         

Most Read

Most Recent