ကျေးရွာတိုင်းတွင် သားဖွားဆရာမတစ်ဦးစီခန့်အပ်နိုင်ရေး ငါးနှစ်စီမံကိန်းတစ်ရပ်ရေးဆွဲဆောင်ရွက်ရန် လွှတ်တော်အတည်ပြု

ကျေးရွာတိုင်းတွင် သားဖွားဆရာမတစ်ဦးစီခန့်အပ်နိုင်ရေး ငါးနှစ်စီမံကိန်းတစ်ရပ်ရေးဆွဲဆောင်ရွက်ရန် လွှတ်တော်အတည်ပြု
Published 28 January 2015
ဝေယံဖြိုးဦး၊ မျိုးမင်းထက်

မြန်မာနိုင်ငံရှိ ကျေးရွာခြောက်ရွာခန့်တွင် သားဖွားဆရာမတစ်ဦးနှုန်းသာရှိသဖြင့် ကျေးရွာတိုင်းတွင် သားဖွားဆရာမတစ်ဦးစီခန့်အပ်နိုင်ရေး ငါးနှစ်စီမံကိန်းတစ်ရပ် ရေးဆွဲဆောင်ရွက်ရန် ပြည်သူ့လွှတ်တော်က အတည်ပြုခဲ့သည်။လွှတ်တော်ကိုယ်စားလှယ်ဦးသိန်းဆွေက နေပြည်တော်၌ ဇန်နဝါရီ ၂၈ ရက်ကပြုလုပ်သည့် ပထမအကြိမ် ပြည်သူ့လွှတ်တော် (၁၂) ကြိမ်မြောက် ပုံမှန်အစည်းအဝေးတွင် "ကျေးလက်နေပြည်သူများ၏ အခြေခံကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ပိုမိုထိရောက်စွာဆောင်ရွက်နိုင်ရေးနှင့် မြို့ပြနှင့် ကျေးလက်ကျန်းမာရေးစောင့်ရှောက်မှု အဆင့်အတန်းကွာဟချက် ကျဉ်းမြောင်းရေးတို့အတွက် သင့်တင့်သည်ကျေးရွာတိုင်းတွင် သားဖွားဆရာမတစ်ဦးစီ ခန့်အပ်တာဝန်ပေးအပ်နိုင်ရေး ငါးနှစ်စီမံကိန်းတစ်ရပ်ရေးဆွဲဆောင်ရွက်သွားရန် ပြည်ထောင်စုအစိုးရအဖွဲ့သို့ တိုက်တွန်းကြောင်း" အဆိုကို တင်သွင်းခဲ့ခြင်းဖြစ်သည်။"ကျေးလက်နေပြည်သူများသည် ကျေးရွာနှင့်အလှမ်းကွာဝေးသည့် ကျေးလက်ဆေးပေးခန်းများ၊ ဆေးရုံများသို့ သွားရောက်ကုသမှုခံယူမှုမပြုနိုင်ကြသဖြင့် ကျေးရွာတွင်းရှိသည့် ရမ်းကုများနှင့် အရပ်လက်သည်များ၊ ဆေးရောင်းချသူများ၏စပ်ဆေးများဖြင့် လက်တန်းကုသမှုများကိုသာခံယူနေကြရပြီး မသေဆုံးသင့်ဘဲသေဆုံးနေကြရခြင်း၊ ရောဂါကျွမ်းမှ ဆေးရုံဆေးခန်းများသို့ရောက်ရှိလာနေကြခြင်းများ ဖြစ်ပေါ်နေရပါတယ်" ဟု ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းဆွေကပြောကြားသည်။ကြိုတင်ကာကွယ်မှု ပညာပေးမှုအားနည်းခြင်း၊ ကျန်းမာရေးအသိနိမ့်ကျခြင်းတို့ကြောင့် မဖြစ်သင့်သည့်ရောဂါများဖြစ်ပွားကာ ဆေးရုံများတွင် လူနာများပိုမိုများပြားနေကြောင်း ၎င်းကပြောကြားသည်။မြန်မာနိုင်ငံတစ်ဝန်းလုံးရှိ မြို့နယ် ၃၃၀ တွင် ကိုယ်ဝန်ဆောင်မိခင်နှင့် ကလေး လေးသန်းခန့်ရှိနေရာ မိခင်နှင့်ကလေးစောင့်ရှောက်မှုလုပ်ငန်းများတွင် ကျေးလက်ရှိ သားဖွားဆရာမများက အဓိကအခန်းကဏ္ဍမှပါဝင်ကြောင်း လွှတ်တော်ကိုယ်စားလှယ်ဦးသိန်းဆွေကဆိုသည်။နေပြည်တော်ကောင်စီနယ်မြေနှင့် တိုင်းဒေသကြီး ပြည်နယ် ၁၄ ခုအတွင်း မြို့နယ်ပေါင်း ၃၃၀ ရှိပြီး ကျေးရွာအုပ်စု ၁၃၆၁၈၊ ကျေးရွာပေါင်း ၆၄၁၃၄ ရွာရှိကာ ကျေးရွာ ၆၀၇ ရွာတွင် တိုက်နယ်ဆေးရုံ ၆၀၇ ရုံ၊ တိုက်နယ်ကျန်းမာရေးဌာနဖွင့်လှစ်ထားရှိခြင်း၊ ကျေးရွာ ၁၉၆၉ ရွာတွင် ကျေးလက်ကျန်းမာရေးဌာနဖွင့်လှစ်၍ ကျန်းမာရေးစောင့်ရှောက်မှုပေးနေခြင်း၊ ကျေးလက်ကျန်းမာရေးဌာနခွဲများတွင် သားဖွားဆရာမ ၁၁၃၄၆ ဦးတို့ကိုခန့်အပ်ထားကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီးဒေါက်တာဝင်းမြင့်က ရှင်းလင်းပြောကြားသည်။ဆက်လက်ပြီး ဒေါက်တာဝင်းမြင့်က "လက်ရှိအနေဖြင့် ကျေးရွာပေါင်း ၆၄၁၃၄ ရွာတွင် အခြေခံကျန်းမာရေးဝန်ထမ်း ၂၁၀၇၄ ဦးဖြင့်စောင့်ရှောက်သည့်အပြင် တိုက်နယ်ဆေးရုံ ၆၀၇ ရုံဖြင့်လည်း စောင့်ရှောက်နေပါတယ်" ဟုပြောကြားသည်။၂၀၂၀ ပြည့်နှစ်တွင် သားဖွားဆရာမ စုစုပေါင်းခန့်မှန်ဦးရေ ၂၃၆၁၅ ဦးမွေးထုတ်နိုင်မည်ဖြစ်ပြီး ကျေးရွာပေါင်း ၆၃၈၉၃ ရွာအတွက် သင့်တင့်သည့်ကျေးရွာနှစ်ရွာမှ သုံးရွာအတွင်း သားဖွားဆရာမတစ်ဦးခန့်ထားနိုင်မည်ဖြစ်ပြီး သားဖွားဆရာမများခန့်ထားနိုင်ခြင်းမရှိသေးမီ ကျေးလက်ဒေသများမှ သင့်လျော်သူများကိုရွေးချယ်ကာ အရန်သားဖွားဆရာမသင်တန်းများပေး၍ ကျေးရွာများတွင် ပြန်လည်တာဝန်ချထားနိုင်ရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီးဒေါက်တာဝင်းမြင့်ကဆိုသည်။လွှတ်တော်ကိုယ်စားလှယ်ဦးသိန်းဆွေတင်သွင်းသည့် အဆိုနှင့်ပတ်သက်၍ ကျန်းမာရေးဝန်ကြီးဌာနက လွှတ်တော်မှ မှတ်တမ်းတင်သင့်ကြောင်းတင်ပြခဲ့သော်လည်း မဲခွဲဆုံးဖြတ်ရာတွင် ထောက်ခံသူများအဖြင့် ပြည်သူ့လွှတ်တော်ကအတည်ပြုခဲ့ခြင်းဖြစ်သည်။        

Most Read

Most Recent