မြန်မာနိုင်ငံအနေဖြင့် ဓာတုလက်နက်တားဆီးပိတ်ပင်ရေးသဘောတူစာချုပ်တွင်ပါဝင်ရန် ပြည်ထောင်စုလွှတ်တော်အတည်ပြု

မြန်မာနိုင်ငံအနေဖြင့် ဓာတုလက်နက်တားဆီးပိတ်ပင်ရေးသဘောတူစာချုပ်တွင်ပါဝင်ရန် ပြည်ထောင်စုလွှတ်တော်အတည်ပြု
Published 21 January 2015

စစ်ပွဲများအသွင်နှင့် အဓိကရုဏ်းနှိမ်နင်းရာတွင် ဓာတုပစ္စည်းများအသုံးမပြုရန်ရည်ရွယ်သည့် နိုင်ငံတကာသဘောတူစာချုပ်တွင် မြန်မာနိုင်ငံဝင်ရောက်ရန် ပြည်ထောင်စုလွှတ်တော်က ဇန်နဝါရီ ၂၀ ရက်တွင် အတည်ပြုခဲ့သည်။ဓာတုလက်နက်များအား အဆင့်မြှင့်တင်ခြင်း၊ ထုတ်လုပ်ခြင်း၊ စုပုံသိုလှောင်ခြင်းနှင့် ယင်းလက်နက်များဖြင့် အသုံးပြုတိုက်ခိုက်ခြင်းတို့ကို ပိတ်ပင်တားဆီးရေးနှင့် ဖျက်သိမ်းရေးဆိုင်ရာသဘောတူစာချုပ်သို့ မြန်မာနိုင်ငံမှ အတည်ပြုဝင်ရောက်ရေးနှင့်စပ်လျဉ်းပြီး ပြည်ထောင်စုလွှတ်တော်က အတည်ပြုနိုင်ရန်အတွက် နိုင်ငံတော်သမ္မတက လွှတ်တော်သို့ သဝဏ်လွှာပေးပို့ခဲ့ခြင်းဖြစ်သည်။နိုင်ငံတော်သမ္မတ၏သဝဏ်လွှာနှင့်ပတ်သက်၍ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးတင်ဦးလွင်က လွှတ်တော်သို့လာရောက်ရှင်းလင်းရာတွင် "စာချုပ်ရဲ့အဓိကရည်ရွယ်ချက်က အဖွဲ့ဝင်နိုင်ငံများဟာ အစုလိုက်အပြုံလိုက်သေကျေပျက်စီးစေတဲ့လက်နက်များ လုံးဝချုပ်ငြိမ်းရေးအပါအဝင် အထွေထွေနှင့် လုံးဝလက်နက်ဖျက်သိမ်းရေးကို ဦးတည်ဆောင်ရွက်သွားရန်ဖြစ်ပါတယ်။ စာချုပ်ပါအချက်များအရ မည်သည့်အကြောင်းကြောင့်ဖြစ်စေ ဓာတုလက်နက်ကိုတပ်ဆင်ခြင်း၊ ထုတ်လုပ်ခြင်း၊ ရယူခြင်း၊ စုပုံခြင်း (သို့မဟုတ်) သိုလှောင်ခြင်း၊ တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ မည်သူ့ကိုမဆို လွှဲပြောင်းပေးအပ်ခြင်း၊ လက်နက်အဖြစ်အသုံးပြုခြင်း၊ စစ်ရေးအလို့ငှာ အသုံးပြုရန်ပြင်ဆင်ခြင်း၊ စာချုပ်ပါတားမြစ်ချက်များကို ကျော်လွန်ကြိုးပမ်းသည့် မည်သူ့ကိုမဆို အားပေးကူညီခြင်းမပြုလုပ်ရန် တားမြစ်ထားပါတယ်။ မိမိပိုင်ဆိုင်ရန် (သို့မဟုတ်) ပိုင်ဆိုင်ခွင့်ရှိတဲ့ မိမိပိုင်နက်အတွင်း၌ရတဲ့ အခြားအဖွဲ့ဝင်နိုင်ငံ၏ ပိုင်နက်အတွင်းရှိ မိမိစွန့်ပစ်ထားတဲ့ဓာတုလက်နက်များ ထုတ်လုပ်နိုင်စွမ်းရှိတဲ့ပစ္စည်းများကိုဖျက်ဆီးပစ်ဖို့တာဝန်ရှိပါတယ်။ စစ်ပွဲအသွင်နဲ့ အဓိကရုဏ်းနှိမ်နင်းရေး ဓာတုပစ္စည်းတွေကိုလည်း အသုံးမပြုရန်ဖြစ်ပါတယ်" ဟု ထည့်သွင်းပြောကြားသည်။"လက်ရှိမှာ စာချုပ်ကို နိုင်ငံပေါင်း ၁၉၀ က အဖွဲ့ဝင်အဖြစ် ပါဝင်လက်မှတ်ရေးထိုးထားပြီးဖြစ်ပါတယ်။ လက်မှတ်ထိုးထားပြီး အတည်ပြုပါဝင်ချုပ်ဆိုခြင်းမရှိသေးတဲ့နိုင်ငံများဟာ အစ္စရေးနဲ့ မြန်မာနိုင်ငံတို့သာကျန်ရှိပါတယ်။ လက်မှတ်ရေးထိုးထားခြင်း၊ အတည်ပြုပါဝင်ထားခြင်းမရှိသေးသောနိုင်ငံတွေကတော့ အင်ဂိုလာ၊ အီဂျစ်၊ မြောက်ကိုရီးယားနဲ့ တောင်ဆူဒန်နိုင်ငံများဖြစ်ပါတယ်။ ယခုအချိန်အထိ ကမ္ဘာအနှံ့ကြေညာထားတဲ့ ဓာတုလက်နက်အမျိုးမျိုး မက်ထရစ်တန်ချိန် စုစုပေါင်း ၇၂,၅၂၄ တန်ရဲ့ ၈၄ ဒသမ ၉၅ ရာခိုင်နှုန်းသော ဓာတုလက်နက်အမျိုးမျိုးကို ဖျက်ဆီးနိုင်ခဲ့ပြီးဖြစ်တာကြောင့်  ဓာတုလက်နက်တားဆီးပိတ်ပင်ရေးစာချုပ်ဆိုင်ရာ အဖွဲ့အစည်းနှင့် အဖွဲ့ဝင်နိုင်ငံများအကြား ပူးပေါင်းဆောင်ရွက်မှုများရဲ့ ရလဒ်အဖြစ်တွေ့နိုင်ပါတယ်" ဟု ဦးတင်ဦးလွင်ကဆက်လက်ပြောကြားသည်။

Most Read

Most Recent