ပြည်သူ့ဘဏ္ဍာများရယူကာ ထုတ်ဝေနေသော အစိုးရသတင်းစာများက ပုဂ္ဂလိကသတင်းစာများကိုထိုးနှက်သည့်အနေဖြင့် ကြော်ငြာဈေးနှုန်းများလျှော့ချ

ပြည်သူ့ဘဏ္ဍာများရယူကာ ထုတ်ဝေနေသော အစိုးရသတင်းစာများက ပုဂ္ဂလိကသတင်းစာများကိုထိုးနှက်သည့်အနေဖြင့် ကြော်ငြာဈေးနှုန်းများလျှော့ချ
Published 19 January 2015
စိုးထက်ခိုင်

ပြည်သူ့ဘဏ္ဍာများရယူကာထုတ်ဝေနေသော ပြန်ကြားရေးဝန်ကြီးဌာနလက်အောက်မှ အစိုးရသတင်းစာနှစ်စောင်ဖြစ်သည့် မြန်မာ့အလင်းနှင့် ကြေးမုံသတင်းစာများတွင် ဖေဖော်ဝါရီ ၁ ရက်မှစတင်ပြီး ကြော်ငြာဈေးနှုန်းများကို ရာခိုင်နှုန်း ၂၀ အထိလျှော့ချပေးသွားမည်ဖြစ်ကြောင်း ဇန်နဝါရီ ၁၈ ရက်က ထုတ်ပြန်ကြေညာခဲ့သည်။    နှစ်စဉ် ကျပ်သန်းပေါင်းများစွာအရှုံးခံထုတ်ဝေနေသည့် အစိုးရသတင်းစာများနှင့်ပတ်သက်ပြီး သတင်းစာဆရာ၊ ဂျာနယ်လစ်များ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ နိုင်ငံရေးလှုပ်ရှားသူများက ပြည်သူ့ဘဏ္ဍာငွေဖြုန်းတီးနေခြင်းမှာ မဖြစ်သင့်ကြောင်းနှင့် ဒီမိုကရေစီတိုင်းပြည်တစ်ခုတွင် အစိုးရက သတင်းစာထုတ်ဝေနေခြင်းမှာ မဖြစ်သင့်ကြောင်းဝေဖန်နေချိန်တွင် ပြန်ကြားရေးဝန်ကြီးဌာနသည် ပုဂ္ဂလိကသတင်းစာများကိုထိုးနှက်သည့်အနေဖြင့် ကြော်ငြာဈေးနှုန်းများကို လျှော့ချခဲ့ခြင်းဖြစ်သည်။      အစိုးရသတင်းစာနှစ်စောင်ဖြစ်သော ကြေးမုံနှင့် မြန်မာ့အလင်းတို့ကို ဇန်နဝါရီပထမပတ်မှစတင်ပြီး ရောင်စုံ ၃၂ မျက်နှာအဖြစ်တိုးချဲ့ထုတ်ဝေခဲ့ကာ ယခင်ဈေးနှုန်းဖြစ်သည့် ကျပ် ၅၀ ဖြင့်သာ ရောင်းချလျက်ရှိသည်။ ပုဂ္ဂလိကသတင်းစာများအနက် အချို့မှာအရှုံးပေါ်သောကြောင့် ထုတ်ဝေမှုရပ်နားသွားကြပြီး ၂၀၁၃ ခုနှစ်ကစတင်ထုတ်ဝေခွင့်ပြုခဲ့သော သတင်းစာအရေအတွက်မှာ ယခုအချိန်တွင် အနည်းငယ်သာကျန်ရှိတော့သည်။ ယခုတဖန် ကြော်ငြာခဈေးနှုန်းများကိုလျှော့ချခြင်းဖြင့် အရေအတွက်အနည်းငယ်သာကျန်တော့ပြီး အားကောင်းစပြုလာသည့် ပုဂ္ဂလိကသတင်းစာများကို နာလန်မထူလာစေရန် ရည်ရွယ်ချက်ရှိရှိလုပ်ဆောင်ခြင်းဖြစ်ကြောင်း ဝေဖန်မှုများထွက်ပေါ်လာသည်။    ၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ်တွင် ပြန်ကြားရေးဝန်ကြီးဌာနအနေဖြင့် ငွေလုံးငွေရင်းအသုံးစရိတ် ၃၆ ဒသမ ၅၆၆ ဘီလျံတောင်းခံခဲ့ပြီး ၎င်းအနက်မှ ကျပ်သုံးဘီလျံ (သန်း ၃၀၀၀) ကျော်မှာ သတင်းစာများအရှုံးခံထုတ်ဝေနေသော သတင်းနှင့် စာနယ်ဇင်းလုပ်ငန်းအတွက်ဖြစ်ကြောင်း ထိုစဉ်က ပြန်ကြားရေးဝန်ကြီးဖြစ်သူ ဦးအောင်ကြည်က ပြည်ထောင်စုလွှတ်တော်တွင် ရှင်းလင်းခဲ့သည်။    အလားတူပင် ၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ်ကလည်း ပြန်ကြားရေးဝန်ကြီးဌာနအနေဖြင့် ငွေလုံးငွေရင်း အသုံးစရိတ် ကျပ် ၄၁ ဒသမ ၆၈၆ ဘီလျံအပါအဝင် ကျပ် ၈၂ ဒသမ ၀၀၂ ဘီလျံကျော်သုံးစွဲခွင့်ရခဲ့သည်။ အဆိုပါ ကျပ် ၈၂ ဘီလျံကျော်တွင် ကျပ် ၂၉ ဘီလျံသာ ဝင်ငွေအဖြစ်ရှာဖွေနိုင်မည်ဖြစ်ပြီး မြန်မာ့ရုပ်ရှင်လုပ်ငန်းကျဆင်းမှုနှင့် သတင်းစာဈေးလျှော့ရောင်းမှုတို့အတွက် ကျပ် ၅၂ ဘီလျံကျော်အရှုံးခံဆောင်ရွက်ခွင့်ရခဲ့ခြင်းဖြစ်သည်။    ပြန်ကြားရေးဝန်ကြီးဌာနအနေဖြင့် နှစ်စဉ်ကျပ်ဘီလျံပေါင်းများစွာကိုအရှုံးခံပြီး သတင်းစာထုတ်ဝေခြင်းအပေါ် လွှတ်တော်ကိုယ်စားလှယ်များကဝေဖန်နေသော်လည်း ဝန်ကြီးဌာနသည် ၎င်းတို့လုပ်ငန်းများဆက်လက်တိုးချဲ့ရန် အများပြည်သူဝန်ဆောင်မှုမီဒီယာဆိုသည့်ခေါင်းစဉ်ဖြင့် ဥပဒေတစ်ရပ်ရေးဆွဲတင်သွင်းခဲ့သည်။             လက်ရှိတွင် အစိုးရသတင်းစာများသည် နှစ်ပေါင်းများစွာ ၎င်းတို့လက်ဝါးကြီးအုပ်ထားခဲ့သော သတင်းစာဈေးကွက်ကို အဆမတန်ဈေးနှုန်းလျှော့ရောင်းချသည့်တိုင် ပုဂ္ဂလိကသတင်းစာများအား ဝေစုခွဲပေးခဲ့ရပြီးနောက် စီးပွားရေးကြော်ငြာအများအပြားကိုပါ ခွဲဝေပေးလိုက်ရချိန်တွင် ကြော်ငြာဈေးနှုန်းများလျှော့ချကာ ပုဂ္ဂလိကသတင်းစာများ ရေရှည်ရပ်တည်နိုင်စွမ်းမရှိတော့စေရန် ထိုးနှက်လိုက်ခြင်းပင်ဖြစ်သည်။    "နိုင်ငံပိုင်သတင်းစာတွေအဖြစ်ထုတ်ဝေနေတဲ့ ပြန်ကြားရေးဝန်ကြီးဌာနလက်အောက်ကသတင်းစာတွေဟာ ပြည်သူအကျိုးရှိမှုနဲ့ ဌာနအကျိုးရှိမှုကိုယှဉ်ကြည့်တဲ့အခါမှာ လက်ရှိပြင်ပမှာကိုယ်ပိုင်ငွေကြေးနဲ့ရပ်တည်နေတဲ့ ပုဂ္ဂလိကမီဒီယာတွေကို တိုက်ခိုက်သလိုဖြစ်နေသလား၊ ပြီးတော့ မီဒီယာတွေကို ခေါင်းမဖော်နိုင်အောင် အပြတ်အသတ်ချေမှုန်းနေသလား၊ အစိုးရမီဒီယာတွေရပ်တည်ရှင်သန်ခွင့်အားကောင်းနိုင်အောင် ဆောင်ရွက်နေသလားဆိုတာ စဉ်းစားစရာဖြစ်နေတယ်။ အစိုးရထုတ်သတင်းစာတွေအနေနဲ့ ကြော်ငြာဈေးနှုန်းတွေလျှော့တာ၊ ပုဂ္ဂလိကမီဒီယာတွေနဲ့ ယှဉ်ပြိုင်လုပ်တာတွေက စဉ်းစားစရာဖြစ်နေတယ်။ အစိုးရသတင်းစာတွေမှာ နာရေးကြော်ငြာတွေ၊ အစိုးရကြော်ငြာတွေကလွဲပြီး စီးပွားကြော်ငြာတွေကို အစိုးရအနေနဲ့လက်ခံဖို့မသင့်တော့ဘူး။ အပြင်ကပုဂ္ဂလိကမီဒီယာတွေ ရှင်သန်ရပ်တည်ဖို့အတွက်လည်း စဉ်းစားပေးရမှာဖြစ်တယ်။ ဒါဟာ အပြန်အလှန်မျှတတဲ့အခြေအနေကို ဖန်တီးပေးနိုင်မှသာ လွတ်လပ်တဲ့စာနယ်ဇင်းလုပ်ငန်းတွေရှင်သန်နိုင်မှာပါ" ဟု ပြည်သူ့လွှတ်တော်ပြန်ကြားရေးဆိုင်ရာကော်မတီအဖွဲ့ဝင် ဦးခိုင်မောင်ရည်က ပြောကြားသည်။    "ပြန်ကြားရေးက ဒီလိုလုပ်တာတော့ Fair မဖြစ်ဘူးလို့ပြောချင်တယ်။ ဈေးကွက်စီးပွားရေးမှာ မျှမျှတတဖြစ်ဖို့လိုတယ်။ အရှုံးခံပြီးတော့လည်းထုတ်တယ်။ ဘတ်ဂျက်မလောက်တိုင်း လွှတ်တော်မှာလာလာတောင်းတယ်ဆိုတာ မဖြစ်သင့်ဘူး။ ပြည်သူ့ဘဏ္ဍာငွေနဲ့ထုတ်နေတဲ့အပြင် ကိုယ်ပိုင်ငွေကြေးနဲ့ထုတ်နေတဲ့ သတင်းစာတွေဆီက ကြော်ငြာကိုပါ လက်ဝါးကြီးအုပ်ချင်တဲ့သဘောပဲ။  အစိုးရသတင်းစာဆိုတာက ဝါဒဖြန့်ဖို့သက်သက်ပါ။ စာဖတ်ပရိသတ်မရှိပါဘူး" ဟု ထုတ်ဝေသူနှင့် ဆောင်းပါးရှင်ဦးချစ်ဝင်းမောင်က ပြောကြားသည်။    မန္တလေးမြို့မှ တရားလွှတ်တော်ရှေ့နေ ဦးသိန်းသန်းဦးက "နိုင်ငံပိုင်သတင်းစာဆိုပြီး နာမည်တပ်ထားပေမယ့် ဒါကပြည်သူ့ဘဏ္ဍာတွေနဲ့လုပ်နေတာ။ ဖြစ်သင့်တာက သတ္တိရှိရှိရင်ဆိုင်ပေါ့။ ဒါက လူထုရဲ့ပိုက်ဆံတွေနဲ့လည်ပတ်နေပြီးတော့ မတရားအခွင့်အရေးယူတာဖြစ်တယ်။ တစ်ဖက်မှာ မီဒီယာလွတ်လပ်ခွင့်ဆိုပြီးပြောနေတယ်။ တစ်ဖက်မှာ စီးပွားရေးအရ အသေသတ်နေတယ်။ ခုချိန်မှာ ပုဂ္ဂလိကသတင်းစာတွေက အပြင်းအထန်ရုန်းကန်နေရတယ်။ ကြော်ငြာတွေအပေါ်မှာပဲမှီခိုနေရတာ။ ပုံနှိပ်စက်မရှိရင်ပိုဆိုးတယ်။ ပြန်ကြားရေးက နိုင်ငံပိုင်ပိုက်ဆံတွေနဲ့လုပ်နေတာ။ နိုင်ငံအကျိုးအတွက်ဆိုတာလည်းမဟုတ်ဘူး။ ကြံ့ခိုင်ရေးပါတီရဲ့ အကျိုးစီးပွားအတွက်ဖြစ်နေတယ်။ သူတို့ပါတီအတွက် ဝါဒဖြန့်တဲ့သတင်းစာဖြစ်နေတယ်။ အဲဒါကို ကျွန်တော်တို့လုံးဝလက်မခံဘူး။ သူတို့သတင်းစာတွေမှာ သူတို့ကောင်းကြောင်းနဲ့ သူများမကောင်းကြောင်းပဲပါတယ်။  လူထုရဲ့ပိုက်ဆံတွေ ဘဏ္ဍာငွေတွေနဲ့လုပ်နေတာ ဒါဟာဘယ်လိုမှမတရားဘူး။ ဒီအချက်ကတော့ ကျန်တဲ့ပုဂ္ဂလိကသတင်းစာတွေကို လည်ပင်းညှစ်သတ်တဲ့အကြံအစည်ဖြစ်တယ်။ ဒါကို ကျွန်တော်တို့ရှုတ်ချပါတယ်။ ဒါဟာ ၂၀၁၅ အတွက် ကြိုတင်ပြင်ဆင်တဲ့သဘောပဲ။ ပြောရရင် သူတို့ပဲလုပ်မယ်၊ ကျန်တဲ့ပုဂ္ဂလိကသတင်းစာတွေ မလုပ်နိုင်အောင်လုပ်နေတာ။ ပြိုင်ဘက်မရှိအောင်လုပ်တဲ့သဘောပဲ။ မလျော်ကန်တဲ့နည်းတွေကိုသုံးပြီး ပုဂ္ဂလိကသတင်းစာတွေ မီဒီယာတွေကိုအသေသတ်ပြီး သူတို့ချည်းပဲ စိတ်တိုင်းကျလုပ်လို့ရအောင်လုပ်တဲ့ ရည်ရွယ်ချက်လို့ယူဆတယ်" ဟုပြောကြားသည်။    ပြန်ကြားရေးဝန်ကြီးဌာနအနေဖြင့် ဘဏ္ဍာနှစ်တိုင်းအရှုံးပေါ်နေသော်လည်း အများပြည်သူဝန်ဆောင်မှုမီဒီယာသို့ ကူးပြောင်းကာ ကိုယ်ပိုင်ဝင်ငွေဖြင့် ရပ်တည်သွားမည်ဖြစ်ကြောင်းပြောကြားချိန်တွင် ယခုကဲ့သို့ သတင်းစာတစ်စောင်လျှင် ကျပ်၅၀ ဖြင့်အရှုံးခံရောင်းချ၍ ကြော်ငြာခဈေးနှုန်းများကိုပါလျှော့ချခြင်းမှာ အပြောနှင့်အလုပ်မညီသောလုပ်ရပ်ဖြစ်ကြောင်း ဝေဖန်မှုများလည်းရှိနေသည်။ ပြန်ကြားရေးဝန်ကြီးဌာနအနေဖြင့် အကျိုးအမြတ်များပြားသည့် ရုပ်သံမီဒီယာတွင်မူ ကြော်ငြာဈေးကွက်ကို ၎င်းတို့နှင့်ပူးပေါင်းထားသည့်ကုမ္ပဏီများသို့ ခွဲဝေပေးထားသည်။    "နိုင်ငံတကာမှာတော့ ဒါမျိုးလုပ်လို့မရဘူး။ သူတို့အဲဒီလိုလုပ်လိုက်တဲ့အတွက် ကျန်တဲ့သူတွေကိုထိခိုက်သွားစေတယ်။ တစ်ဖက်မှာလည်း ကြော်ငြာဈေးချလိုက်လို့ အဲဒီသတင်းစာတွေမှာ ကြော်ငြာများလာရင် ပြည်သူတွေအတွက် ဖတ်စရာနည်းသွားနိုင်တယ်။ အခုလိုကြော်ငြာဈေးနှုန်းချလိုက်တဲ့အတွက် ဒီဂယက်ကြောင့် ပုဂ္ဂလိကသတင်းစာတွေ collapse ဖြစ်သွားနိုင်တဲ့ အန္တရာယ်ရှိတယ်" ဟု ဂျာနယ်လစ်တစ်ဦးဖြစ်သူ ဒေါက်တာခင်မောင်ညိုကလည်း ပြောကြားခဲ့သည်။    မြန်မာနိုင်ငံစာနယ်ဇင်းကောင်စီ(ယာယီ)မှ အတွင်းရေးမှူးကိုကျော်မင်းဆွေက "ဒီကိစ္စနဲ့ပတ်သက်ပြီး စဉ်းစားထားတာတစ်ခုတော့ရှိပါတယ်။ သတင်းစာထုတ်ဝေသူတွေစုစည်းပြီးတော့၊ အသံတွေစုစည်းပြီးတော့ ကန့်ကွက်တာမျိုးတစ်ခုခုလုပ်ဖို့တော့လိုမယ်ဗျ။ ဒါကိုတော့ ကောင်စီမှာညှိနှိုင်းဖို့ ကျွန်တော်တင်ပါဦးမယ်" ဟုပြောကြားသည်။

Most Read

Most Recent