NLD နှင့် ဒေါ်အောင်ဆန်းစုကြည်အပေါ် ဝေဖန်မှုများလုပ်ဆောင်သည့် အဖွဲ့အစည်းများ၊ ပုဂ္ဂိုလ်များနှင့်ပင် ဗိုလ်ချုပ်အောင်ဆန်းနှစ်တစ်ရာပြည့်မွေးနေ့အတွက် ညီညွတ်စွာပူးပေါင်းလုပ်ဆောင်ရန် ဒေါ်အောင်ဆန်းစုကြည်ညွှန်ကြား

NLD နှင့် ဒေါ်အောင်ဆန်းစုကြည်အပေါ် ဝေဖန်မှုများလုပ်ဆောင်သည့် အဖွဲ့အစည်းများ၊ ပုဂ္ဂိုလ်များနှင့်ပင် ဗိုလ်ချုပ်အောင်ဆန်းနှစ်တစ်ရာပြည့်မွေးနေ့အတွက် ညီညွတ်စွာပူးပေါင်းလုပ်ဆောင်ရန် ဒေါ်အောင်ဆန်းစုကြည်ညွှန်ကြား
Published 19 January 2015
အောင်ဇော်ထွန်း

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီနှင့် ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်အပေါ် ဝေဖန်မှုများလုပ်ဆောင်သည့် အဖွဲ့အစည်းများ၊ ပုဂ္ဂိုလ်များနှင့်ပင် ဗိုလ်ချုပ်အောင်ဆန်းနှစ်ရာပြည့်မွေးနေ့အတွက် ညီညွတ်စွာပူးပေါင်းလုပ်ဆောင်ရန် ဒေါ်အောင်ဆန်းစုကြည်ကညွှန်ကြားထားကြောင်း ဇန်နဝါရီ ၁၉ ရက်က ရန်ကုန်မြို့ရှိ တော်ဝင်နှင်းဆီစားသောက်ဆိုင်တွင်ပြုလုပ်သော NLD ဗိုလ်ချုပ်အောင်ဆန်းနှစ်တစ်ရာပြည့် မွေးနေ့အခမ်းအနားကျင်းပရေးဗဟိုကော်မတီ၏ သတင်းစာရှင်းလင်းပွဲတွင် ကော်မတီဥက္ကဋ္ဌ ဦးညီပုကပြောကြားသည်။၂၀၁၅ ခုနှစ်ကို ဗိုလ်ချုပ်အောင်ဆန်းရာပြည့်နှစ်အဖြစ်သတ်မှတ်ကာ ဗိုလ်ချုပ်အောင်ဆန်းနှစ်တစ်ရာပြည့် မွေးနေ့အခမ်းအနားများကို တစ်နှစ်ပတ်လုံးကျင်းပရန် မူချမှတ်ထားပြီး ၂၀၁၄ ခုနှစ် နှစ်ကုန်ပိုင်းကတည်းကကျင်းပခဲ့ကြောင်း ၎င်းကဆိုသည်။  ဦးညီပုက "ဗိုလ်ချုပ်အောင်ဆန်းအတွက်ဆိုတဲ့အခါ အားလုံးပူးပေါင်းလုပ်ဆောင်ဖို့ဆိုပြီးတော့ မူချထားတာရှိပါတယ်။ ကျွန်တော်တို့အဖွဲ့ချုပ်အနေနဲ့လည်း လုပ်ဆောင်နိုင်သလောက်လုပ်ဆောင်မှာပါ။ ပူးပေါင်းလုပ်တဲ့နေရာမှာ တစ်ချိန်က ကျွန်တော်တို့အဖွဲ့ချုပ်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့အပေါ်မှာ အမြင်မကြည်လင်တာမျိုးတွေ ကျွန်တော်တို့အပေါ်မှာဝေဖန်တာမျိုးတွေ ဘယ်လိုပဲရှိခဲ့ရှိခဲ့ ဗိုလ်ချုပ်အောင်ဆန်းနဲ့ပတ်သက်လာတဲ့ ဗိုလ်ချုပ်အောင်ဆန်းအတွက်လုပ်တဲ့နေရာမှာ ဒါတွေစိတ်ထဲမှာမထားတော့ဘဲ အားလုံးပူးပေါင်းလက်တွဲပြီး ညီညီညွတ်ညွတ်နဲ့လုပ်သွားမယ်ဆိုတဲ့ မူချထားတယ်။ ဒါကို ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်ကလည်း ညွှန်ကြားထားတာပါ။ ဒါနဲ့ပတ်သက်လို့လည်း ကျွန်တော်တို့အဖွဲ့ချုပ်အတွင်းမှာ ညွှန်ကြားချက်တွေထုတ်ပြီး တိုင်းနဲ့ပြည်နယ်အသီးသီးကို ဒီမူဝါဒတွေချပြီးတော့ လုပ်ဆောင်နေပါတယ်" ဟုပြောကြားသည်။ဗိုလ်ချုပ်အောင်ဆန်း၏ အမည်၊ ဂုဏ်ပုဒ်၊ အထ္ထုပ္ပတ္တိများကို ပြန်လည်ဖော်ထုတ်ရေး၊ ဗိုလ်ချုပ်အောင်ဆန်း၏လမ်းညွှန်ချက်မူဝါဒ၊ ရည်ရွယ်ချက် ရည်မှန်းချက်များကို အောင်မြင်စွာအကောင်အထည်ဖော်ဆောင်ရွက်ရေး၊ ဗိုလ်ချုပ်အောင်ဆန်း၏ကျေးဇူးတရားများကို ပိုမိုသိရှိနားလည်လာစေရေး၊ ဗိုလ်ချုပ်အောင်ဆန်းအား အတုယူတန်ဖိုးထားသည့် လူငယ်များရှိလာကြပြီး ဗိုလ်ချုပ်အောင်ဆန်းကဲ့သို့ အနာဂတ်ခေါင်းဆောင်များပေါ်ထွန်းလာရေး၊ ဗိုလ်ချုပ်အောင်ဆန်း၏ကျေးဇူးတရားကို နောင်နှစ်အဆက်ဆက်တွင် အစဉ်အမြဲတန်ဖိုးထားလေးစားဂုဏ်ပြုနိုင်ရေး၊ ဗိုလ်ချုပ်အောင်ဆန်း၏နှစ်တစ်ရာပြည့် မွေးနေ့အခမ်းအနားများတွင် ပြည်သူပြည်သားတိုင်း တက်ကြွစွာပူးပေါင်းပါဝင်ဆောင်ရွက်ရေးနှင့် ဗိုလ်ချုပ်အောင်ဆန်း၏စိတ်ဓာတ်ကို မွေးမြူကြရေးဆိုသည့် ရည်ရွယ်ချက်များနှင့် လုပ်ဆောင်ခဲ့ကြောင်းလည်း  ဦးညီပုကရှင်းလင်းခဲ့သည်။ဗိုလ်ချုပ်အောင်ဆန်းနှစ်တစ်ရာပြည့် မွေးနေ့အခမ်းအနားကျင်းပရေးအတွက် ပြည်သူများ၏လှူဒါန်းမှုများကို လက်ခံသွားမည်ဖြစ်သော်လည်း ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့ နှစ်တစ်ရာပြည့်အခမ်းအနားကျင်းပရေးကိုအကြောင်းပြုပြီး ရန်ပုံငွေရှာဖွေခြင်းမပြုရန် ဒေါ်အောင်ဆန်းစုကြည်ကညွှန်ကြားထားကြောင်း သိရသည်။၂၀၁၅ ခုနှစ်သည် စည်းရုံးရေးနှစ်ဖြစ်ကြောင်း၊ စည်းရုံးရေးနှစ်ဆိုသည့်ခေါင်းစဉ်အောက်တွင် ဗိုလ်ချုပ်အောင်ဆန်းရာပြည့်အခမ်းအနားများ ကျင်းပခြင်းအပါအဝင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ လှုပ်ရှားမှုများအားလုံး ပါဝင်နေပြီဖြစ်ကြောင်း၊ ၂၀၁၅ ရွေးကောက်ပွဲတွင် NLD အနိုင်ရရေးသက်သက် စည်းရုံးမည်မဟုတ်ကြောင်း၊ ပြည်သူလူထုက မည်ကဲ့သို့သောပုဂ္ဂိုလ်မျိုးကို ရွေးချယ်ရမည်ဆိုသည်ကို မှန်ကန်စွာဆုံးဖြတ်နိုင်ရေး စည်းရုံးသွားမည်ဖြစ်သည်ဟုလည်း ဦးညီပုကဆိုသည်။          

Most Read

Most Recent