မြန်မာနိုင်ငံသားဖြစ်ခွင့် ဆုံးဖြတ်ရာတွင် အသားအရောင်၊ ဘာသာ၊ လူမျိုးတို့ဖြင့် မခွဲခြားသင့်ဟု အမေရိကန် လက်ထောက်နိုင်ငံခြားရေးဝန်ကြီး အကြံပြု

မြန်မာနိုင်ငံသားဖြစ်ခွင့် ဆုံးဖြတ်ရာတွင် အသားအရောင်၊ ဘာသာ၊ လူမျိုးတို့ဖြင့် မခွဲခြားသင့်ဟု အမေရိကန် လက်ထောက်နိုင်ငံခြားရေးဝန်ကြီး အကြံပြု
Published 16 January 2015
နွဲ့ယဉ်အေး

မြန်မာနိုင်ငံ၏ နိုင်ငံသားဖြစ်ခွင့်အတွက် ဆုံးဖြတ်ရာတွင် လျှောက်ထားသူ၏ အသားအရောင်၊ ဘာသာ၊ လူမျိုးတို့ဖြင့် ခွဲခြားဆုံးဖြတ်ခြင်း မပြုသင့်ဟု အမေရိကန် လက်ထောက်နိုင်ငံခြားရေးဝန်ကြီး မစ္စတာတွမ်မာလီနောစကီးက အကြံပြုပြောကြားသည်။“နိုင်ငံသားဖြစ်ခွင့်ကို လူမျိုး၊ ဘာသာ၊ အသားအရောင်တွေနဲ့ ခွဲခြားဆုံးဖြတ်ရမှာ မဟုတ်ပါဘူး။ ဒီနိုင်ငံအတွက် တည်ငြိမ်အေးချမ်းဖို့ ကောင်းမွန်ဖို့ကို ဘာတွေကူညီဖို့ ပြင်ဆင်ထားလဲဆိုတာနဲ့ ဆုံးဖြတ်ရမှာပါ” ဟု ၎င်းက ဆိုသည်။၎င်းက နေပြည်တော်တွင် မြန်မာနိုင်ငံအစိုးရ တာဝန်ရှိသူများနှင့် တွေ့ဆုံစဉ်ထိုသို့ အကြံပြုပြောကြားခဲ့ပြီး အမေရိကန်နိုင်ငံတွင် နိုင်ငံသားပေးအပ်မှု အတွေ့အကြုံများကို မျှဝေခဲ့ကြောင်း သိရသည်။မစ္စတာ တွမ်မာလီနောစကီး ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် နေပြည်တော်တွင် ပြုလုပ်သည့် အမေရိကန်-မြန်မာ လူ့အခွင့်အရေး ဆွေးနွေးပွဲသို့ တက်ရောက်ရန် မြန်မာနိုင်ငံသို့ ၂၀၁၅ ခုနှစ် ဇန်နဝါရီ ၁၁ ရက်မှ ၁၇ ရက်အထိ လာရောက်ခဲ့ခြင်း ဖြစ်သည်။၎င်းဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် မြန်မာနိုင်ငံဘက်မှ ကိုယ်စားလှယ်အဖွဲ့နှင့် နိုင်ငံရေးအကျဉ်းသားများ၊ မီဒီယာလွတ်လပ်ခွင့်၊ မြေယာအခွင့်အရေး၊ အလုပ်သမားအခွင့်အရေး၊ ပဋိပက္ခဒေသများရှိ အရပ်သားများကို အကာအကွယ်ပေးရေး၊ ဥပဒေရေးရာနှင့် အခြေခံဥပဒေပြင်ဆင်ရေး၊ ခွဲခြားနှိမ့်ချမှု တိုက်ဖျက်ရေး၊ စစ်တပ်ပြုပြင်ပြောင်းလဲရေး ကိစ္စရပ်များ အပါအဝင် လူ့အခွင့်အရေးနှင့် ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးများ ဆွေးနွေးခဲ့ကြကြောင်း သိရသည်။“မြန်မာအစိုးရနဲ့ ဆက်ဆံရေးက ပြီးခဲ့တဲ့ သုံးနှစ်အတွင်းမှာ တိုးတက်ခဲ့ပါတယ်။ ဒါပေမဲ့ ဆက်ဆံရေးက ကျွန်တော်တို့ မျှော်မှန်းထားသလို စံနမူနာပြ အကောင်းဆုံးတော့ မဖြစ်ခဲ့ပါဘူး။ လုံးဝပြည့်စုံတဲ့ ပုံမှန်ဆက်ဆံရေး တည်ဆောက်ဖို့က အဆင့်အများကြီး ဖြတ်သန်းဖို့ လိုပါတယ်။ ကျွန်တော်တို့ အားလုံးက စောင့်ဆိုင်းကြည့်ရှုနေကြပါတယ်။ ကျွန်တော်တို့က မြန်မာနိုင်ငံရဲ့ ရွေးကောက်ပွဲက ဘာဖြစ်မလဲ၊ ရွေးကောက်ပွဲရဲ့နောက်မှာ စစ်မှန်တဲ့ အသွင်ကူးပြောင်းမှု ဖြစ်မလား ကြည့်ချင်ပါသေးတယ်” ဟု ၎င်းက ပြောကြားသည်။အမေရိကန်အစိုးရသည် ၂၀၁၅ ခုနှစ် နှစ်ကုန်ပိုင်းတွင် ကျင်းပမည့် နိုင်ငံလုံးဆိုင်ရာ ရွေးကောက်ပွဲအတွက် မဲပေးမည့်သူများကို အသိပညာပေး အစီအစဉ်များ၊ ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာရေး အစီအစဉ်များ၊ ရွေးကောက်ပွဲတွင် ပွင့်လင်းမြင်သာမှုရှိရေး ကိစ္စရပ်များနှင့် ပတ်သက်ပြီး လွန်ခဲ့သည့် ခြောက်လခန့်မှ စတင်ကာ အကူအညီများ ပေးအပ်လျက်ရှိနေကြောင်း မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး မစ္စတာဒဲရက်မစ်ချယ်က ဆိုသည်။

Most Read

Most Recent