UMFCCI က တည်ထောင်ထားသည့် ရွှေနိုင်ငံအရှေ့အာရှ ကုမ္ပဏီအနေဖြင့် ယခုနှစ် တရုတ်နိုင်ငံတွင် ရင်းနှီးမြှုပ်နှံထားသည့် ယွမ် ၁၄ ဒသမ ၅ သန်းကို တရားဝင်လွှဲပြောင်း ရယူပြီးစီးခဲ့ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ပြောကြား

UMFCCI က တည်ထောင်ထားသည့် ရွှေနိုင်ငံအရှေ့အာရှ ကုမ္ပဏီအနေဖြင့် ယခုနှစ် တရုတ်နိုင်ငံတွင် ရင်းနှီးမြှုပ်နှံထားသည့် ယွမ် ၁၄ ဒသမ ၅ သန်းကို တရားဝင်လွှဲပြောင်း ရယူပြီးစီးခဲ့ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ပြောကြား
Published 27 December 2014
ဇော်ဝေ

UMFCCI  က အသင်းဝင်များဖြင့် တည်ထောင်ထားသည် ရွှေနိုင်ငံအရှေ့အာရှ ကုမ္ပဏီအနေဖြင့် တရုတ်နိုင်ငံဘက်တွင် ရင်းနှီးမြှုပ်နှံထားသည့် ယွမ် ၁၄ ဒသမ ၅ သန်းတန်ဖိုးရှိ အစုရှယ်ယာများကို ပြီးခဲ့သည့် အင်္ဂါနေ့က တရားဝင်လွှဲပြောင်း ရယူနိုင်ခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းမြင့်က ဒီဇင်ဘာ ၂၇ ရက်တွင် ပြောကြားသည်။
မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ်တွင် ဒီဇင်ဘာ ၂၇ ရက်က ပြုလုပ်သည့် ရွှေနိုင်ငံ အရှေ့အာရှ ဖွံ့ဖြိုးတိုးတက်ရေးကုမ္ပဏီ၏ အဋ္ဌမအကြိမ်မြောက် နှစ်ပတ်လည်တွင် ပြည်ထောင်စုဝန်ကြီး ဦးဝင်းမြင့်က “ဒီနေရာမှာ အလျဉ်းသင့်လို့ ပြောချင်တာက တရုတ်နိုင်ငံ ကွမ်ရှီးပြည်နယ်၊ နန်နင်းမြို့မှာ ကျွန်တော်တို့ နိုင်ငံအပါအဝင် အာဆီယံနိုင်ငံတွေကို ကုန်သွယ်ရေးနှင့် ကူးသန်းရောင်းဝယ်ရေး အဆောက်အအုံတွေ စီးပွားရေးနဲ့ ကုန်သွယ်ရေးဆိုင်ရာ အဆောက်အအုံတွေ တည်ဆောက်ဖို့အတွက် မြေကွက်တွေ ပေးလာတဲ့အခါမှာ မြန်မာနိုင်ငံကိုယ်စား တာဝန်ယူ တည်ဆောက်ဖို့အတွက် အများပိုင်ကုမ္ပဏီတစ်ခု တည်ဆောက်ဖို့ လိုအပ်လာတဲ့အတွက် ဒီကုမ္ပဏီကို ဖွဲ့စည်းခဲ့ခြင်း ဖြစ်ပါတယ်။ နန်နင်းကိုသွားပြီးတော့ ဒီကုမ္ပဏီအောင်မြင်အောင် အကြိမ်ပေါင်းများစွာ သွားဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ အင်္ဂါနေ့ကပဲ တရုတ်နဲ့အကျိုးတူလုပ်ထားတဲ့ အစုရှယ်ယာ ၁၂ ရာခိုင်နှုန်း နုတ်ထွက်မယ်ဆိုတဲ့အခါ ဥပဒေအရ တရားဝင်အောင် ရှေ့နေချုပ်ရုံးနဲ့ ကျွန်တော်ကိုယ်တိုင် လိုက်လာပြီးတော့ ဒါရိုက်တာအမြတ်က ၁၂ ရာခိုင်နှုန်း ရတယ်ဆိုတာ အတည်ပြုအောင် လုပ်ခဲ့ပါတယ်” ဟု ပြောကြားသည်။
အလားတူ ရွှေနိုင်ငံအရှေ့အာရှ ဖွံ့ဖြိုး တိုးတက်ရေး ကုမ္ပဏီ ဒုတိယဥက္ကဋ္ဌ၊ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်း ဒုတိယဥက္ကဋ္ဌ ဦးဇော်မင်းဝင်းကလည်း “စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ကိုယ်တိုင် ဥက္ကဋ္ဌအဖြစ်နဲ့ အကောင်အထည် ဖော်ခဲ့စဉ်တုန်းက ဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်။ အခုချိန်မှာသူတို့နဲ့ လုပ်ရင်းလုပ်ရင်းနဲ့ ကျွန်တော်တို့ ၁၂ ရာခိုင်နှုန်း ထည့်ဝင်ပြီးလုပ်တဲ့အခါမှာ နည်းလမ်းပေါင်းစုံနဲ့ အစီအစဉ်တွေနဲ့ လုပ်ကိုင်ခဲ့ပြီးတော့ ကျွန်တော်တို့ အခြားနိုင်ငံမှာသွားပြီး လုပ်ကိုင်တဲ့အခါမှာ အခက်အခဲ ရှိခဲ့ပါတယ်။ ကျွန်တော်တို့အနေနဲ့ ဆုံးရှုံးမှု နစ်နာမှုမရှိရအောင် လက်ရှိလည်း သူတို့ projects တွေလည်း တိုးချဲ့ပြီးတော့ လုပ်နေတယ်။ လုပ်တဲ့ကိုင်တဲ့ အခါမှာလည်း အခက်အခဲက နိုင်ငံတိုင်းမှာရှိနေတာ ကျွန်တော်တို့ နိုင်ငံအတွက် ကျွန်တော်တို့ ကုမ္ပဏီအတွက် မနစ်နာရလေအောင် ဆိုပြီးတော့ ၁၂ ရာခိုင်နှုန်းကို ပြန်လည်အမြတ်ငွေ ထုတ်ပြီးတော့ အစုရှယ်ယာ ထုတ်ပြီးတော့ ရရှိတဲ့ ယွမ် ၁၄ ဒသမ ၅ သန်း ရယူဆောင်ရွက်နိုင်ခဲ့တဲ့ အတွက်လည်း အခုလို  အစုရှယ်ယာရှင်တွေကို အမြတ်ရှယ်ယာ ခွဲဝေပေးနိုင်ခဲ့တာ ဖြစ်ပါတယ်” ဟု ပြောကြားသည်။
တရုတ်ပြည်သူ့ သမ္မတနိုင်ငံနှင့် ဆောက်လုပ်ရေးလုပ်ငန်းများ တွဲဖက်လုပ်ကိုင်ရန်အတွက် ရွှေနိုင်ငံအရှေ့အာရှ ဖွံ့ဖြိုးတိုးတက်ရေးကုမ္ပဏီ (GLAD) ကို မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်ကိုယ်စား စီးပွားရေးလုပ်ကိုင်ရန်အတွက် ၂ဝဝ၇ ခုနှစ် ဖေဖော်ဝါရီတွင် တည်ထောင်ခဲ့ကြောင်း သိရသည်။ ၂ဝ၁၃-၂ဝ၁၄ ဘဏ္ဍာရေးနှစ်တွင် အစုရှယ်ယာရှင် ၆ဝ၅ ဦးက ကျပ်သိန်းပေါင်း ၃၇ဝဝဝ ကျော် ရင်းနှီးမြှုပ်နှံမှု ပြုထားကြောင်း သိရသည်။
 
 
 

Most Read

Most Recent