ယခင်အစိုးရနှစ်ဆက်တိုင်တိုင် အဂတိကိစ္စနဲ့ နာမည်ကြီးတဲ့အတွက် ရပ်ဆိုင်းထားခဲ့ရတဲ့ မြကျွန်းသာမှာ စီမံကိန်းလုပ်ငန်းတွေ ပြန်စနေပြီလား ...

ယခင်အစိုးရနှစ်ဆက်တိုင်တိုင် အဂတိကိစ္စနဲ့ နာမည်ကြီးတဲ့အတွက် ရပ်ဆိုင်းထားခဲ့ရတဲ့ မြကျွန်းသာမှာ စီမံကိန်းလုပ်ငန်းတွေ ပြန်စနေပြီလား ...
■ ပုံစာ - မြကျွန်းသာစီမံကိန်းဧရိယာကို အပေါ်စီးမှ တွေ့ရစဉ် (ပုံကြီး)၊ မြကျွန်းသာတွင် လုပ်ဆောင်မည့် Inya Palace Center  လူမှုကွန်ရက်တွင် ကြော်ငြာထားမှုကို တွေ့ရစဉ် (ပုံသေး-ယာစွန်)၊ မြကျွန်းသာတွင် ၂၀၂၃ ခုနှစ် နှစ်ဆန်းပိုင်းက ကုမ္ပဏီတစ်ခု၏ စည်ပင်ဆောက်လုပ်မိန့်ရ ကြော်ငြာဘုတ်ကို တွေ့ရစဉ် (ပုံသေး-အောက်၊ ဝဲစွန်) နှင့် မြကျွန်းသာအတွင်း လုပ်ငန်းခွင်အချို့လုပ်ဆောင်နေသည့် မြင်ကွင်းများကို အောက်တိုဘာ ၁၄ ရက်က တွေ့ရစဉ်
■ ပုံစာ - မြကျွန်းသာစီမံကိန်းဧရိယာကို အပေါ်စီးမှ တွေ့ရစဉ် (ပုံကြီး)၊ မြကျွန်းသာတွင် လုပ်ဆောင်မည့် Inya Palace Center လူမှုကွန်ရက်တွင် ကြော်ငြာထားမှုကို တွေ့ရစဉ် (ပုံသေး-ယာစွန်)၊ မြကျွန်းသာတွင် ၂၀၂၃ ခုနှစ် နှစ်ဆန်းပိုင်းက ကုမ္ပဏီတစ်ခု၏ စည်ပင်ဆောက်လုပ်မိန့်ရ ကြော်ငြာဘုတ်ကို တွေ့ရစဉ် (ပုံသေး-အောက်၊ ဝဲစွန်) နှင့် မြကျွန်းသာအတွင်း လုပ်ငန်းခွင်အချို့လုပ်ဆောင်နေသည့် မြင်ကွင်းများကို အောက်တိုဘာ ၁၄ ရက်က တွေ့ရစဉ်
Published 15 October 2023
သတင်းအယ်ဒီတာအဖွဲ့

ဒုတိယဗိုလ်ချုပ်ကြီးဟောင်း မိုးမြင့်ထွန်းကို ထောင်ဒဏ်တစ်သက် ပြစ်ဒဏ်နဲ့အတူ အဂတိပြဿနာကို နစက ပြတ်ပြတ်သားသား ကိုင်တွယ်ပြနေပြီလား . . .

အောက်တိုဘာလဆန်းပိုင်းမှာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် တစ်ဦးလည်းဖြစ် ဒုတိယဗိုလ်ချုပ်ကြီးဟောင်း မိုးမြင့်ထွန်းနဲ့ ဗိုလ်မှူးချုပ် ရန်နောင်စိုးတို့ကို အဂတိလိုက်စားမှုနဲ့ စစ်တရားရုံးက နှစ် ၂၀ ကာလနှင့် ညီမျှသော ထောင်ဒဏ်တစ်သက် ချမှတ်လိုက်ပါတယ်။

နစကရဲ့ ထုတ်ပြန်ချက်အရ ဒုတိယဗိုလ်ချုပ်ကြီး(ဟောင်း) မိုးမြင့်ထွန်းဟာ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်ဥက္ကဋ္ဌ၊ နိုင်ငံခြားသုံးငွေ ကြီးကြပ်ရေးကောင်မတီ ဥက္ကဋ္ဌ၊ ကုန်သွယ်မှုနှင့် ကုန်စည်စီးဆင်းမှုများ မှန်ကန်မြန်ဆန်ရေး ဗဟိုကော်မတီဥက္ကဋ္ဌ တာဝန်တွေကို ထမ်းဆောင်စဉ်အတွင်း နိုင်ငံတော်၏ နိုင်ငံခြားသုံးငွေဆိုင်ရာမူဝါဒ၊ အရေးကြီးကုန်စည်ဆိုင်ရာမူဝါဒနဲ့ အခြားစီးပွားရေးဆိုင်ရာမူဝါဒများကို ဆန့်ကျင်ပြီး ပုဂ္ဂိုလ်ရေးအကျိုးအမြတ်ရယူ ဆောင်ရွက်ခဲ့တာကြောင့်လို့ ဆိုပါတယ်။

ဒီလိုလုပ်ဆောင်တာဟာ နိုင်ငံတော်သစ္စာဖောက်ဖျက်မှုကို ကျူးလွန်ခဲ့ခြင်း၊ နိုင်ငံတော်အစိုးရက စားအုန်းဆီများကို တင်သွင်းရန် သတ်မှတ်ရာခိုင်နှုန်းအတွက် ကျသင့်ဒေါ်လာတွေကို ဗဟိုဘဏ်က ရည်ညွန်းစျေးနှုန်းနဲ့ ရောင်းချပေးကာ တင်သွင်းစေခဲ့ပေမဲ့ နိုင်ငံတော်အစိုးရက ခွင့်ပြုရောင်းချရန် သတ်မှတ်ထားတဲ့ ရည်ညွန်းစျေးနှုန်းထက် စျေးတင်ရောင်းချခြင်းကိုသိလျက် အရေးယူရန် ပျက်ကွက်ခြင်း၊ ပတ်သက်ဆောင်ရွက်ခြင်း၊ ကုမ္ပဏီတွေက ပေးအပ်တဲ့ တံစိုးလက်ဆောင် ပစ္စည်းများကို ရာထူးလုပ်ပိုင်ခွင့်ကို အသုံးပြု၍ ရယူဆောင်ရွက်ခဲ့ခြင်း၊ နိုင်ငံခြားသုံးငွေများကို တရားမဝင် လက်ဝယ်ထားရှိခြင်း၊ စစ်စည်းကမ်း ဆိုင်ရာ ညွှန်ကြားချက်များကို ဖောက်ဖျက်၍ အရပ်ဘက်စီးပွားရေးလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်ခဲ့ခြင်းတို့ကို ကျူးလွန်ခဲ့လို့ ထောင်ဒဏ် တစ်သက်နှင့်ညီမျှတဲ့ အရေးယူမှုနဲ့ နစက,က အရေးယူလိုက်တာပဲ ဖြစ်ပါတယ်။

ဒီလိုပဲ ၂၀၂၁ ခုနှစ်မှာ မဲစာရင်း ပြဿနာက စတင်ပြီး နိုင်ငံတော်တာဝန်လွှဲပြောင်းရယူခဲ့တဲ့ နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီအနေနဲ့ NLD အစိုးရလက်ထက် ထိပ်ပိုင်းခေါင်းဆောင်အများအပြားကို အဂတိနဲ့ အရေးယူမှုများပြုလုပ်ခဲ့တဲ့အပြင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီလက်ထက်မှာ တာဝန်ထမ်းဆောင်ခဲ့တဲ့ ရန်ကုန်တိုင်းအစိုးရအဖွဲ့ ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးလှစိုး၊ စီးပွားရေးဝန်ကြီး ဦးအောင်သန်းဦးတို့ကိုလည်း အဂတိမှုနဲ့ အရေးယူခဲ့ပြီးတော့ နှစ်ရှည် ထောင်ဒဏ်တွေ ချမှတ်ခဲ့တာ တွေ့ရပါတယ်။

အခုနောက်ဆုံးမှာ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် တစ်ဦးလည်းဖြစ်၊ တပ်ထိပ်ပိုင်း ရာထူးကြီးနေရာမှာရှိပြီး တပ်ချုပ်ဖြစ်လာနိုင်ခြေရှိသူအဖြစ် ခန့်မှန်းခံထားရတဲ့ ဒုတိယဗိုလ်ချုပ်ကြီးဟောင်း မိုးမြင့်ထွန်းလို လူပုဂ္ဂိုလ်မျိုးကိုတောင် အဂတိလိုက်စားမှုကြောင့် ပြတ်ပြတ်သားသား အရေးယူပြလိုက်တာဟာ အဂတိနဲ့ပတ်သက်လို့ နစကအနေနဲ့ လုံးဝလက်မခံဘူး၊ ရာထူးကြီးငယ်မရွေး ဥပဒေအတိုင်း ထိထိရောက်ရောက် ကိုင်တွယ်ပြီး နိုင်ငံမှာ အမြစ်တွယ်နေတဲ့ အဂတိပြဿနာကို လျော့နည်းပပျောက်အောင် လုပ်ဆောင်သွားပြနိုင်မလားဆိုတာကို ပြည်သူတွေကြားမှာ ပြောစရာဖြစ်လာခဲ့ပါတယ်။

ဒီလို အခြေအနေနဲ့ အချိန်အခါမျိုးမှာ ဦးသိန်းစိန်အစိုးရနဲ့ NLD အစိုးရလက်ထက် ပြီးခဲ့တဲ့ အစိုးရ နှစ်ဆက်မှာ အဂတိလိုက်စားမှုရှိနိုင်တယ်လို့ ဝေဖန်ခံရမှု၊ ပြည်သူ့ဘဏ္ဍာ ဆုံးရှုံးနစ်နာမှု စတာတွေရှိခဲ့လို့ ရပ်တန့်ထားခဲ့တဲ့ ကမ္ဘာအေးဘုရားလမ်းပေါ်က မြကျွန်းသာစီမံကိန်းကတော့ ပြန်လည်စတင်မယ့် အရိပ်အယောင်တွေ တွေ့လာရတာဟာ အံ့အားသင့်စရာ ကောင်းနေတာအမှန်ပဲ ဖြစ်ပါတယ်။

မြကျွန်းသာ ပြန်စနေပြီလား . . .

ဦးသိန်းစိန် အစိုးရလက်ထက်မှာ အဂတိလိုက်စားမှု ရှိ မရှိ မေးခွန်းထုတ်ခြင်းခံရတဲ့၊ ပြည်သူ့ဘဏ္ဍာနစ်နာဆုံးရှုံးမှုတွေရှိခဲ့လို့ ဝေဖန်မှုတွေခံခဲ့ရတဲ့ ရန်ကုန်မြို့ ကမ္ဘာအေးဘုရားလမ်းပေါ်က မြကျွန်းသာစီမံကိန်းကို ဦးသိန်းစိန်အစိုးရ ဆင်းခါနီးအချိန်မှာပဲ ရပ်ဆိုင်းဖို့ အမိန့်ထုတ်ခဲ့ရပြီး ပြီးခဲ့တဲ့ NLD အစိုးရလက်ထက်မှာလည်း  စီမံကိန်းတွေ ဆက်လက်လုပ်ဆောင်ခြင်းမရှိဘဲ ရပ်နားထားခဲ့ရတာ အားလုံးအသိပဲ ဖြစ်ပါတယ်။

ဒါပေမဲ့ လက်ရှိ ၂၀၂၃ ခုနှစ်  ဇူလိုင်လအတွင်းမှာ Inya Palace Centre အမည်နဲ့  လူမှုကွန်ရက်စာမျက်နှာမှာ မြကျွန်းသာက ဆိုင်ခန်းတွေ ငှားရမ်းမယ်ဆိုတဲ့ ကြော်ငြာတစ်ခုကို ကြေညာလာတာတွေ့ခဲ့ရပါတယ်။

အဲဒီကြော်ငြာကတော့ ‘မရမ်းကုန်းမြို့နယ် ကမ္ဘာအေးဘုရားလမ်းမကြီးပေါ်က မြကျွန်းသာ Compound ဝင်းထဲမှာ လက်ရှိတည်ဆောက်နေဆဲဖြစ်ပြီး ၂၀၂၃ ခုနှစ် နှစ်ကုန်ပိုင်းလောက်ဆို ဆောက်လုပ်ပြီးစီး ဖွင့်လှစ်တော့မယ့် Commercial Centre သစ်ကြီးဖြစ်ပါတယ်။ ဒီ Inya Palace Centre သစ်ကြီးမှာ basement၊ Ground Floor၊ First Floor နဲ့ Roof Slab ဆိုပြီး စုစုပေါင်း အလွှာလေးလွှာရှိပါတယ်။ အလွှာတစ်ခုချင်းစီရဲ့ အကျယ်အဝန်းတွေကတော့ Office Basement Total Floor Area 29329 SQ.FT၊ Office Ground Floor Total Area 28446 SQ.FT၊ Office First Floor Total Area 29646 SQ.FT၊ Office Roof Slab Total Area 28000 SQ.FT ဖြစ်ပြီး Restaurant၊ Shop House၊ Bank စတဲ့လုပ်ငန်းတွေအတွက် Area တစ်ခုချင်းစီတိုင်းမှာ Layout ပေါ် မူတည်ပြီး ညှိနှိုင်းငှားရမ်းနိုင်ပါတယ်ရှင်။ ဒါကြောင့် ကိုယ့်ရဲ့စီးပွားရေးလုပ်ငန်းကို အချက်အချာကျတဲ့ နေရာကောင်းမှာ တိုးချဲ့စတင်လိုသူတွေ၊ နေရာကောင်းမှာ ဆိုင်ခန်းတွေ ဝယ်ယူရင်းနှီးမြှုပ်နှံပြီး ပြန်လည်ငှားရမ်းလိုသောသူတွေအတွက် Inya Palace Centre က ရွေးချယ်သင့်ဆုံးပါပဲနော်’ လို့ ရေးသားကာ ကြော်ငြာနေတာပဲဖြစ်ပါတယ်။ Inya Palace Centre ဟာ သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ မြကျွန်းသာနဲ့ပတ်သက်လို့ ဆက်တိုက်ဆိုသလို ကြော်ငြာမှုတွေ လုပ်ဆောင်လာတာ တွေ့ရပါတယ်။

ဒီလိုအခြေအနေကြောင့် Weekly Eleven ဂျာနယ်အနေနဲ့  မြကျွန်းသာမှာ စီမံကိန်းတွေ ပြန်စနေပြီလားဆိုတာကို သိရှိနိုင်ဖို့ မြေပြင်ကို သွားရောက် စုံစမ်းခဲ့ပါတယ်။ သွားရောက်စုံစမ်းတဲ့အချိန်မှာ Inya Palace Centre ရဲ့ ကြော်ငြာမှာပါရှိတဲ့ မြကျွန်းသာရဲ့ ကမ္ဘာအေးဘုရားလမ်းဘက်အခြမ်း မျက်နှာစာတန်း အဆောက်အအုံမှာ လုပ်ငန်းခွင်ပြန်စဖွယ်ရှိတဲ့အခြေအနေတွေကို တွေ့ရှိရပါတယ်။

အဲဒီအဆောက်အအုံဟာဆိုရင် အရင်က မြကျွန်းသာစီမံကိန်းများကို ခွင့်ပြုထားတဲ့ စာရင်းတွေအရ Mandalay Golden Win ကုမ္ပဏီ (MGW ဦးဝင်းအောင်) လုပ်ပိုင်ခွင့်ရရှိထားတဲ့ Inya Palace ကုမ္ပဏီရဲ့ မြေနေရာမှာရှိနေတယ်လို့ ဆိုရမှာဖြစ်ပါတယ်။

ဒါပေမဲ့ လက်ရှိမှာတော့ လူမှုကွန်ရက်စာမျက်နှာမှာ ဆိုင်ခန်းတွေ၊ ဘဏ်တွေ ငှားရမ်းနိုင်တယ်လို့ ကြော်ငြာထားတဲ့ Inya Palace Centre ကို Inya Palace ကုမ္ပဏီက ဆက်လက် အကောင်အထည်ဖော်နေသလား၊ အခြားကုမ္ပဏီတစ်ခုက အကောင်အထည်ဖော်နေသလား ဆိုတာကတော့ ရှင်းရှင်းလင်းလင်း မသိရှိရသေးပါဘူး။

အောက်တိုဘာ ၃ ရက် မွန်းလွဲပိုင်းမှာ သွားရောက်စုံစမ်းမေးမြန်းခဲ့တဲ့ အခြေအနေတွေအရ ယခင် ဆောက်လုပ်ပြီး ရပ်တန့်ထားခဲ့ရတဲ့ အဆောက်အအုံမှာ ဆောက်လုပ်ရေးအလုပ်သမားအချို့ အလုပ် လုပ်ကိုင်နေမှု မြင်ကွင်းတွေကို တွေ့ရှိခဲ့ပါတယ်။

“အဲဒီမှာ ဘယ်အချိန်က စလဲဆိုတာကတော့ သေချာမသိဘူး။ အလုပ်သမားတွေ လုပ်နေကြတာတော့ တွေ့နေရတယ်” လို့ မြကျွန်းသာဝင်းအတွင်းက ပြည်သူတစ်ဦးကလည်း ပြောပါတယ်။

အဲဒီ အဆောက်အအုံရဲ့နောက်မှာ ဆောက်လုပ်ထားတာကတော့ Magic Land ကုမ္ပဏီနဲ့ တခြားလုပ်ငန်းရှင်တစ်ဦးရဲ့ အဆောက်အအုံပဲဖြစ်ပါတယ်။ အဲဒီ အဆောက်အအုံတွေမှာလည်း အရင်တုန်းက ရပ်တန့်ထားခဲ့ပေမဲ့ အောက်တိုဘာ ၁၃ ရက်မှာ ထပ်မံ သွားရောက်ကြည့်ရှုချိန်မှာတော့ ဆောက်လုပ်ရေးလုပ်ငန်းခွင်သုံး မော်တော်ယာဉ်တွေ၊ အင်္ဂတေဖျော်တဲ့ စက်တွေ၊ ဝန်ချီစက်တွေနဲ့ လုပ်ငန်းတွေ လည်ပတ်မှုအချို့ ရှိနေတာကို တွေ့ရှိခဲ့ပါတယ်။

အင်းလျားကန်ဘက်အခြမ်း ဂေါက်ကွင်းအနီးမှာရှိတဲ့ အဆောက်အအုံကတော့ လုပ်ငန်းခွင် လည်ပတ်မှုမရှိသေးဘဲ အလုပ်သမား အနည်းငယ်ကိုသာ တွေ့ရှိခဲ့ရပါတယ်။

နောက်တစ်ခုကတော့ မြေပြင်ကွင်းဆင်းစုံစမ်းမှုအရ မြကျွန်းသာ အပန်းဖြေဥယျာဉ်ထဲကို ဝင်လိုက်ပြီး တည့်တည့်လျှောက်လာမယ်ဆိုရင်တော့ စားသောက်ဆိုင်တွေရဲ့ အလွန်မှာ လုံခြုံရေးကင်းတဲတစ်ခုကို တွေ့ရှိရပြီးတော့ လုံခြုံရေး ကင်းတဲရဲ့ဘေးမှာ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၏ ခွင့်ပြုချက်အရ ဆောက်လုပ်သည်ဆိုတဲ့ ဆိုင်းဘုတ်အစိမ်းတစ်ခု ထောင်ထားတာကို တွေ့ရမှာပဲ ဖြစ်ပါတယ်။

အပြာရောင်အောက်ခံပေါ်မှာ ရေးသားထားတဲ့ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၏ ခွင့်ပြုချက်အရဆောက်လုပ်သည်ဆိုတဲ့ ဆိုင်းဘုတ်မှာဖော်ပြချက်အရ ဆောက်လုပ်နေတဲ့ကုမ္ပဏီကတော့ Good Shan Brother International ကုမ္ပဏီလီမိတက်ပဲဖြစ်ပြီးတော့ ယခင်က မြကျွန်းသာစီမံကိန်းကို လုပ်ကိုင်ခွင့်ရတဲ့ ကုမ္ပဏီတွေကလည်း တစ်ခုလည်းဖြစ်ပါတယ်။

ခွင့်ပြုချက်ဆိုင်းဘုတ်ထဲမှာ ဖော်ပြထားတဲ့စာအရ အဆောက်အအုံဆိုင်ရာ အချက်အလက်တွေမှာတော့ တည်ဆောက်မယ့်အရာတွေကတော့ အဆောက်အအုံရှစ်ခု ပါဝင်ပါတယ်။

ဆောက်လုပ်မယ့် အဆောက်အအုံတွေကတော့ Club House နှစ်ထပ်တိုက်နှစ်လုံး၊ Cinema နှစ်ထပ်တိုက်နှစ်လုံး၊ Theatre နှစ်ထပ် တိုက်နှစ်လုံး၊ Traditional 10 Art Gallery & Shop နှစ်ထပ်တိုက် နှစ်လုံး၊ International Restaurant နှစ်ထပ်တိုက်လေးလုံး၊ Pavillion 1 တစ်ထပ် Open Shed တစ်လုံး၊  Pavillion 1  တစ်ထပ် Open Shed + Roof Slab တစ်လုံး၊ တစ်ထပ် Open Shed ၂၄ ခန်းပါရှိသည့် Night Bazzar အဆောက်အအုံတွေပဲဖြစ်ပါတယ်။

ဆိုင်းဘုတ်မှာတော့ အကျယ်အဝန်းတွေကို ဖော်ပြထားခြင်းမရှိဘဲ တင်ပြထားတဲ့ အဆောက်အအုံပုံစံ တွေပဲဖြစ်တယ်လို့ ရေးသားထားပါတယ်။

အဲဒီခွင့်ပြုချက်ဆိုင်းဘုတ် မှတ်ချက်အနေနဲ့ ‘ခွင့်ပြုထားသောအချက်အလက်များအတိုင်း ဆောက်လုပ်ခြင်းမရှိပါက တည်ဆဲဥပဒေများနှင့် အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် ဆောက်လုပ်ခွင့်အား ရုပ်သိမ်းခြင်းခံရမည်’ လို့ ရေးသားဖော်ပြထားတာကိုလည်း တွေ့ရပါတယ်။

အဲဒီနေရာကို အောက်တိုဘာ ၃ ရက်မှာ သွားရောက်ကြည့်ရှုချိန်မှာတော့ အလုပ်သမားအနည်းငယ်နဲ့ လုပ်ကိုင်နေတာကို တွေ့ရှိခဲ့ရပေမဲ့ အောက်တိုဘာ ၁၃ ရက်မှာတော့ မြေနေရာတွေကို အကွက်ရိုက်ထားတာတွေ၊ အလုပ်သမားတွေ၊ လုံခြုံရေးအစောင့်တွေ အရင်ကထက် ပိုများလာတာကိုလည်း တွေ့ရှိခဲ့ပါတယ်။ လမ်းတစ်ဖက်တစ်ချက်မှာလည်း အကွက်ရိုက်ထားတဲ့ မြေနေရာတွေကို တွေ့ရှိခဲ့ပြီးတော့ အဲဒီ အကွက်တွေရဲ့နောက်ဘက်မှာတော့  ဆောက်လုပ်ရေးလုပ်ငန်းခွင်အတွက် ပစ္စည်းထိန်းသိမ်းမယ့် အဆောက်အအုံကိုလည်း တွေ့ရှိခဲ့ပါတယ်။

လက်ရှိမြေပြင်အခြေအနေတွေမှာ ရပ်နားထားဖို့ တားဆီးထားတဲ့ ဆောက်လုပ်ရေး လုပ်ငန်းခွင်တွေ ပြန်လည်လည်ပတ်နေတာကို တွေ့ရှိရတာတွေနဲ့ ပတ်သက်ပြီးတော့ မြကျွန်းသာအပန်းဖြေဥယျာဉ်အတွင်းမှာ တာဝန်ရှိတဲ့ စည်ပင်ဌာနကို မေးမြန်းခဲ့ရာမှာ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ ပန်းဥယျာဉ်နှင့် အားကစားကွင်းများဌာနကို သွားရောက်မေးမြန်းရမယ်လို့ ပြန်လည်ဖြေကြားခဲ့ပါတယ်။

ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီပန်းဥယျာဉ်နှင့် အားကစားကွင်းများဌာန ဌာနမှူးထံကို အောက်တိုဘာ ၃ ရက်မှာ သွားရောက်ဆက်သွယ်မေးမြန်းခဲ့ပေမဲ့ မေးမြန်းမည့်အကြောင်းအရာတွေကို စာဖြင့်မေးမြန်းဖို့ တာဝန်ရှိသူတွေက ပြောကြားခဲ့ပါတယ်။

အောက်တိုဘာ ၄ ရက်မှာ Weekly Eleven ဂျာနယ်အနေနဲ့ စာပို့မေးမြန်းခဲ့ပေမဲ့ ယခုဆောင်းပါး ထွက်ရှိချိန်အထိ တစ်စုံတစ်ရာ အကြောင်းပြန်ကြားခြင်းမရှိသေးပါဘူး။ ဆက်သွယ်လာပါက ပြန်လည်ဖြေဆိုတဲ့ အဖြေတွေကို ဆက်လက် ဖော်ပြသွားပါမယ်။

Weekly Eleven ဂျာနယ်အနေနဲ့ မေးမြန်းထားတဲ့ အကြောင်းအရာတွေကတော့ ‘မြကျွန်းသာ အပန်းဖြေဥယျာဉ်အတွင်း Good Shan Brother International ကုမ္ပဏီမှ ညစျေး၊ ရုပ်ရှင်ရုံ၊ ပြခန်းများ အစရှိသည်တို့ ပါဝင်သည့် အဆောက်အအုံများကို ဆောက်လုပ်ခွင့်ရရှိထားပါသည်။ ဆောက်လုပ် အကောင်အထည်ဖော်ရန်အတွက်လည်း ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလပိုင်းတွင် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီက ခွင့်ပြုချက်ပေးထားကြောင်း သိရှိရပါသည်။ ထို့ပြင် လူမှုကွန်ရက်စာ မျက်နှာများတွင်လည်း Inya Palace ကုမ္ပဏီမှ မြကျွန်းသာအတွင်းရှိ အခန်းများကို ငှားရမ်း/ရောင်းချခြင်းများကိုလည်း ကြော်ငြာထားသည်ကို တွေ့ရှိရပါသည်။

အဆိုပါမြေနေရာများတွင် ဆောက်လုပ်ရန် အစိုးရမှ ငှားရမ်းခ (သို့မဟုတ်) အခွန်မည်မျှ ရရှိပါသနည်း။ အစိုးရအနေဖြင့် ထိုက်တန်သောမြေငှားရမ်းခ (သို့မဟုတ်) အခွန်ဘဏ္ဍာ ရရှိခဲ့ပါသလား။ မြကျွန်းသာအတွင်းရှိ အချို့အဆောက်အအုံများမှာ ယခင်အစိုးရလက်ထက်တွင် စီမံကိန်းများရပ်ဆိုင်းထားသည်ကို သိရှိရပါသည်။ ယင်းစီမံကိန်းများ မည်သည့်အချိန်တွင် ပြန်လည်စတင်မည်ကို သိရှိလိုပါသည်။ မြကျွန်းသာအတွင်းရှိအချို့ သောအဆောက်အအုံများ ဆောက်လုပ်ခွင့် ရပ်ဆိုင်းချိန်တွင် Good Shan Brother International ကုမ္ပဏီမှာ စီမံကိန်းစတင်ရန် ဆောင်ရွက်မှုများရှိပါသလား’ ဆိုတဲ့ မေးခွန်းတွေပဲ ဖြစ်ပါတယ်။

မြကျွန်းသာ စီမံကိန်းများရဲ့ နောက်ကြောင်း . . .

ဦးသိန်းစိန်အစိုးရလက်ထက်နဲ့ NLD အစိုးရလက်ထက်စတဲ့ အစိုးရ နှစ်ဆက်မှာ ရန်ကုန်မြို့မှာ မြကျွန်းသာအပန်းဖြေဥယျာဉ်ထဲက စီမံကိန်းတွေက အဂတိမှုနဲ့ နာမည် ထွက်ခဲ့တဲ့အပြင် ပြည်သူ့ဘဏ္ဍာ နစ်နာစေတဲ့ အကြောင်းတွေရှိခဲ့တဲ့အတွက်ကြောင့် ဝေဖန်ကန့်ကွက်ခံရပြီး အဲဒီမှာရှိတဲ့ ဆောက်လုပ်ရေး စီမံကိန်းတွေကို ရပ်နားထားရတာ ဖြစ်ပါတယ်။

၁၉၉၀ ပြည့်နှစ်နောက်ပိုင်းမှာ မြကျွန်းသာကို အပန်းဖြေစခန်းအဖြစ် စတင်အကောင်အထည်ဖော် လုပ်ကိုင်ခဲ့ပြီးတော့ မြေနေရာကို တပ်မတော်အစိုးရက ပိုင်ဆိုင်ခဲ့ပါတယ်။

၂၀၁၀ ပြည့်နှစ်ပိုင်းမှာတော့ တပ်မတော်ကနေ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီကို လွှဲပြောင်းပေးခဲ့ပါတယ်။ အဲဒီအချိန်တုန်းကတော့ ရန်ကုန်မြို့တော်ဝန် ဦးအောင်သိန်းလင်း လက်ထက်ဖြစ်ပြီးတော့ မြကျွန်းသာကို အများပြည်သူ အပန်းဖြေနားနေရာအဖြစ် အဆင့်မြှင့်တင်ဖို့ ပုဂ္ဂလိကလုပ်ငန်းရှင်တွေကို လွှဲခဲ့ပါတယ်။

အဲဒီအချိန်တုန်းကတော့ အများပြည်သူ အပန်းဖြေ၊ အနားယူမှုနဲ့ဆိုင်တဲ့ လုပ်ငန်းတွေပဲ လုပ်ရမယ်၊ နှစ်ပေါင်း ၃၀ အထိ (၂၀+ ၅+၅) အထိပဲ လုပ်ကိုင်ခွင့်ပေးမယ်ဆိုတဲ့ အချက်တွေနဲ့ ပုဂ္ဂလိကလုပ်ငန်းရှင်တွေကို ငှားရမ်းခဲ့တာဖြစ်ပါတယ်လို့ စုံစမ်းသိရှိရပါတယ်။ အဲဒီအတွက်လည်း ရတဲ့လုပ်ငန်းရှင်တွေက ရေပေါ်ဂေါက်ကွင်း၊ ချားရဟတ်တွေလို အများပြည်သူအပန်းဖြေနိုင်မယ့် လုပ်ငန်းတွေ၊ အများပြည်သူ နားနေစားသောက်နိုင်မယ့် ဆိုင်တချို့ကိုပဲ ဖွင့်လှစ်လုပ်ကိုင်ခဲ့ကြပါတယ်။

ဦးသိန်းစိန်အစိုးရလက်ထက် ၂၀၁၃ ခုနှစ် ဧပြီလမှာတော့ အရင် အစိုးရလက်ထက်က ချုပ်ဆိုခဲ့တဲ့ စာချုပ်တွေကို ပြန်လည်ပြင်ဆင် ချုပ်ဆိုခဲ့ပါတယ်။

နှစ် ၃၀ စာချုပ်နေရာမှာ နှစ် ၆၀ ငှားရမ်းခြင်း၊ အများပြည်သူ အပန်းဖြေနေရာမှာ ရှော့ပင်းစင်တာကဲ့သို့ စီးပွားဖြစ်အဆောက်အအုံများ ဆောက်လုပ်ခွင့်ပြုခြင်း စတဲ့ အချက်တွေကို ပြင်ဆင်ချုပ်ဆိုခဲ့တာပဲ ဖြစ်ပါတယ်။

မြေငှားရမ်းခကိုလည်း အဲဒီ ကာလတုန်းက တစ်ဧကလျှင် ကျပ် ၁၀ သိန်းနှုန်းနဲ့ ချုပ်ဆိုခဲ့တာဖြစ်တဲ့အတွက်ကြောင့် ပြည်သူ့ဘဏ္ဍာ နစ်နာမှုတွေရှိခဲ့ပါတယ်။

မြကျွန်းသာအပန်းဖြေဥယျာဉ်ထဲမှာ လုပ်ကိုင်ခွင့်ရထားတဲ့ ကုမ္ပဏီတွေက ရှစ်ခု ရှိခဲ့ပြီးတော့ အဲဒီ ကုမ္ပဏီတွေက ဒေါက်တာ ကျော်ဝင်း ပိုင်ဆိုင်တဲ့ Magic land ကုမ္ပဏီ၊ MGW ဦးဝင်းအောင် ပိုင်ဆိုင်တဲ့ Inya Palace ကုမ္ပဏီ၊ ဦးမောင်မောင်ကြိုင်ပိုင်ဆိုင်တဲ့ Ryuji ကုမ္ပဏီ၊ ဦးအိုက်ပန်း ပိုင်ဆိုင်တဲ့  Nay La Pwint ကုမ္ပဏီ၊ ဦးချစ်ခိုင်ပိုင်ဆိုင်တဲ့ Edin ကုမ္ပဏီ၊ ဦးကျော်သူရ ပိုင်ဆိုင်တဲ့ Good Shan Brother ကုမ္ပဏီ၊ ဦးသန့်ဇင်ထွန်း ပိုင်ဆိုင်တဲ့ Myanmar Golden Star ကုမ္ပဏီ၊ ဦးဇော်ဇော် ပိုင်ဆိုင်တဲ့ Max Myanmar ကုမ္ပဏီတို့ပဲ ဖြစ်ပါတယ်။

အဲဒီကုမ္ပဏီရှစ်ခုက ရရှိထားတဲ့မြေနေရာတွေကတော့ Magic Land ကုမ္ပဏီက ၁၃ ဒသမ ၈၆၄၃ ဧက၊ Inya Palace ကုမ္ပဏီက ၁ ဒသမ ၈၃ ဧက၊ Ryuji ကုမ္ပဏီက ၁ ဒသမ ၃၇၇ ဧက၊ Nay La Pwint ကုမ္ပဏီက ၂ ဒသမ ၆၀၆ ဧက၊ Edin  ကုမ္ပဏီက ၄ ဒသမ ၇၂၉ ဧက၊ Good Shan Brother ကုမ္ပဏီက ၇ ဒသမ ၇၈၉ ဧက၊ Myanmar Golden Star ကုမ္ပဏီက ၄ ဒသမ ၁၂၅ ဧက၊ Max Myanmar ကုမ္ပဏီက ၆ ဒသမ ၈၆၅ ဧက တို့ပဲ ဖြစ်ပါတယ်။

ကုမ္ပဏီရှစ်ခုရဲ့ နှစ် ၆၀ သက်တမ်းနဲ့ ငှားရမ်းခွင့်ရထားတဲ့ မြေဧကစုစုပေါင်းက ၄၃ ဧကကျော် ဖြစ်ပါတယ်။ အဲဒီနေရာတွေကို ၂၀၁၀ ပြည့်လွန်နှစ်များက တစ်ဧက ကျပ် ၁၀ သိန်းနှုန်းနဲ့ ငှားရမ်းခဲ့တာဖြစ် ပြီးတော့ အဲဒီအချိန်စျေးကွက်ပေါက် စျေးက တစ်စတုရန်းပေ ကျပ်လေး သိန်းတန်ဖိုးရှိပါတယ်။ အဲဒီလိုနေရာ ကို တစ်ဧက ကျပ် ၁၀ သိန်းနှုန်းနဲ့ ငှားရမ်းခဲ့တဲ့အတွက်ကြောင့် ပြည်သူ့ဘဏ္ဍာ နစ်နာဆုံးရှုံးမှုတွေ ဖြစ်ပေါ်ခဲ့တဲ့အတွက်ကြောင့် အများပြည်သူဝေဖန်မှုတွေကိုခံခဲ့ရပြီး အဂတိလိုက်စားမှုတွေ ရှိ၊ မရှိ စုံစမ်းစစ်ဆေးဖို့ တောင်းဆိုခဲ့တာတွေလည်း ရှိခဲ့ပါတယ်။

၂၀၁၆ ခုနှစ်မတ်လမှာတော့ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီဝင်တစ်ဦးဖြစ်တဲ့ ဇောတိက ဦးခင်လှိုင်က မြကျွန်းသာထဲမှာရှိတဲ့ စီမံကိန်းတွေကို ဝင်ရောက်စစ်ဆေးခဲ့ရာမှာတော့ စာချုပ်ပါ စည်းကမ်းချက်များအတိုင်း လိုက်နာဆောင်ရွက်ခြင်းမရှိသော ဆောက်လုပ်ဆဲ ကုမ္ပဏီလေးခုအား လုပ်ငန်းများ ရပ်ဆိုင်းရန်၊ လုပ်ငန်း ဆောင်ရွက်မှု လုံးဝမရှိသေးသော ကုမ္ပဏီလေးခုအား စာချုပ်ပါ စည်းကမ်းအတိုင်း ကော်မတီ၏ ဆုံးဖြတ်ချက်ကို လိုက်နာရန်အတွက် ကုမ္ပဏီ ရှစ်ခု၏ တာဝန်ခံများအား အသိပေးခဲ့ပါသည်ဟု အများပြည်သူကို ထုတ်ပြန်ကြေညာခဲ့ပါတယ်။

ဦးသိန်းစိန်အစိုးရလက်ထက်က စာချုပ် ပြင်ဆင်ချုပ်ဆိုရာမှာ အများပြည်သူဘဏ္ဍာ ငွေနစ်နာမှုတွေ ရှိသလို စာချုပ်ပါစည်းမျဉ်း စည်းကမ်းများအတိုင်း လိုက်နာဆောင်ရွက်ခြင်းမရှိတဲ့အတွက်ကြောင့် ဦးသိန်းစိန်အစိုးရ ဆင်းခါနီး အချိန်မှာ ရပ်တန့်ဖို့ အမိန့်ထုတ်ထားတဲ့ မြကျွန်းသာစီမံကိန်းတွေကို NLD အစိုးရလက်ထက်မှာလည်း စီမံကိန်းတွေ အကောင်အထည် ဖော်ခြင်းမရှိခဲ့ပါဘူး။

NLD အစိုးရလက်ထက်မှာတော့ မြကျွန်းသာအပန်းဖြေဥယျာဉ်ထဲက စီမံကိန်းတွေကို ရပ်ဆိုင်းထားတဲ့အတွက်ကြောင့် ဘယ်အချိန်မှာ ပြန်စခွင့်ပြုမလဲဆိုတာကို အဲဒီအချိန်တုန်းက ရန်ကုန်တိုင်း ဘဏ္ဍာရေး စီမံကိန်းနှင့် စီးပွားရေးကော်မတီဥက္ကဋ္ဌ တာဝန်ယူခဲ့တဲ့ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်စန္ဒာမင်းက ၂၀၁၆ ခုနှစ်က ရန်ကုန်တိုင်းလွှတ်တော်မှာ မေးမြန်းခဲ့ပါတယ်။

ရန်ကုန်တိုင်းလွှတ်တော်မှာတော့ အဲဒီအချိန်တုန်းက ရန်ကုန်မြို့တော်ဝန်အဖြစ် တာဝန်ယူထားတဲ့ ဦးမောင်မောင်စိုးက မြကျွန်းသာ စီမံကိန်းတွေနဲ့ ပတ်သက်ပြီး Master Plan ရေးဆွဲနေဆဲဖြစ်တယ်လို့ ပြန်လည် ဖြေကြားခဲ့ပါတယ်။ ဒါပေ မဲ့ ၂၀၁၈ ခုနှစ်အထိ မြကျွန်းသာအတွက် Master Plan ကို ရေးဆွဲတာ ပြီးစီးခြင်းမရှိခဲ့ဘူးလို့ သိရပါတယ်။

မြေနေရာတွေကို သတ်မှတ် ပေါက်စျေး ထက်နည်းပါးတဲ့နှုန်းနဲ့ အငှားချထားပေးတာတွေ၊ ငှားရမ်း သက်တမ်းကို နှစ် ၃၀ ကနေ နှစ် ၆၀ အထိ တိုးမြှင့်လိုက်တာတွေ၊ ဖြစ်စဉ်တွေမှာ အဂတိတွေကင်းရှင်းရဲ့လားဆိုတာတွေနဲ့ ပြည်သူတွေရဲ့ဘဏ္ဍာ၊ အစိုးရရဲ့ ရပိုင်ခွင့်တွေ အပြည့်အဝ ရရှိခဲ့ရဲ့လားလို့ မေးခွန်း ပေါင်းများစွာ ထွက်ပေါ်ခဲ့ပြီး ရှင်းရှင်းလင်းလင်း မရှိတဲ့ မြကျွန်းသာစီမံကိန်းလည်း ဖြစ်ပါတယ်။

ဘာကြောင့်အဂတိလို့ ပြောရတာလဲ

ရန်ကုန်မြို့ရဲ့ မြေစျေးအကြီးဆုံးမြို့နယ်ထဲကတစ်ခုဖြစ်တဲ့ မရမ်းကုန်းမြို့နယ် နေရာကောင်းမှာတည်ရှိတဲ့ မြကျွန်းသာအပန်းဖြေဥယျာဉ် နေရာမှာ တည်ဆောက်ခွင့်ရရှိခဲ့တဲ့ ကုမ္ပဏီရှစ်ခုက စည်းကမ်းမလိုက် နာမှုတွေကြောင့် လုပ်ငန်းလုပ်ကိုင်ခွင့်တွေကို ၂၀၁၆ ခုနှစ် မတ်လကတည်းက ရပ်ဆိုင်းခံခဲ့ရပါတယ်။

မြကျွန်းသာစီမံကိန်းတွေနဲ့ ပတ်သက်ပြီး သတ်မှတ်ထားတဲ့ အရေးကြီး စည်းကမ်းချက်တွေကတော့ ‘လုပ်ငန်းတည်ဆောက်ဆဲကာလအဖြစ် စာချုပ်ချုပ်ဆိုသည့်နေ့ ၂၀၁၃ ခုနှစ်၊ ဧပြီလ ၁၀ ရက်နေ့မှ စတင်ပြီး (၂) နှစ်သတ်မှတ်သည်။ ပထမအဆင့် လုပ်ငန်းတည်ဆောက်မှုများကို (၃၁.၃.၂၀၁၅) ရက်နေ့ အပြီးဆောင်ရွက်ပြီး ဖွင့်ပွဲ အခမ်းအနား ပြုလုပ်နိုင်ရမည်။ မပြီးပါက လုပ်ငန်းလုပ်ကိုင်ခွင့်ရုပ်သိမ်းကာ စာချုပ်ကိုဖျက်သိမ်းမည်။

ငှားရမ်းခွင့်ပြုသော မြေပေါ်တွင် အဆောက်အအုံ ဆောက်လုပ်ပါက သက်ဆိုင်ရာ အုပ်ချုပ်ရေးမှူးနှင့် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ အင်ဂျင်နီယာဌာန (အဆောက်အအုံ)တို့၏ ခွင့်ပြုချက်ရရှိမှသာ ဆောက်လုပ်ရမည်။ ငှားရမ်းထားသည့်မြေကွက်ပေါ်တွင် လုပ်ငန်းဆိုင်ရာတည်ဆောက်မှုများကို ပုံစံဖြင့် ရေးဆွဲတင်ပြ ခွင့်ပြုချက်ရယူရမည်ဖြစ်ပြီး ခွင့်ပြုထားသည့်နေရာ၊ ခွင့်ပြုထားသည့် ပုံစံအတိုင်းသာ ဆောက်လုပ်ရမည်။ ခွင့်ပြုချက်နှင့်ကွဲလွဲနေကြောင်း စစ်ဆေးတွေ့ရှိရပါက ချက်ချင်းဖျက်သိမ်းပေးရမည်။

အငှားချထားသောမြေပေါ်တွင် တရားဝင်ခွင့်ပြုသတ်မှတ်ထားသော လုပ်ငန်းကိုသာ လုပ်ကိုင်ရမည်။ အခြားစီးပွားရေးလုပ်ငန်းများ ပြောင်းလဲဆောင်ရွက်ရန် လိုအပ်ပါက ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီသို့ ကြိုတင်ခွင့်ပြုချက်တောင်းခံ၍ ခွင့်ပြုချက်ရရှိမှသာ လုပ်ငန်းများဆောင်ရွက်ရမည်။ အငှားချထားသော မြေပေါ်တွင် လုပ်ကိုင်သောလုပ်ငန်းနှင့်စပ်လျဉ်း၍ ရန်ကုန်မြို့တော်စည်ပင် သာယာရေးကော်မတီမှ လုပ်ငန်းအလိုက် သတ်မှတ်ထားသည့် လုပ်ငန်းလိုင်စင်များကိုရယူ၍ လုပ်ကိုင်ရမည်ဖြစ်ပြီး သက်ဆိုင်ရာဥပဒေပြဋ္ဌာန်းချက်များနှင့် လုပ်ငန်းစည်းကမ်းချက်များကို လိုက်နာရမည်။

အထပ်အမြင့်(၃)ထပ်နှင့်အထက် (ပေ ၆၀ ထက်ကျော်လွန်၍) အဆောက်အအုံများ လုံးဝ ဆောက်လုပ်ခွင့်မပြုပါ။ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ ခွင့်ပြုချက်မရရှိဘဲ အဆောက်အအုံအား တိုးချဲ့ခြင်း၊ အဖီချခြင်း၊ ပြင်ဆင်ဆောက်လုပ်ခြင်း၊ ဖျက်သိမ်းခြင်းများ မပြုလုပ်ရ။

အငှားချထားသော မြေနေရာအား ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၏ ခွင့်ပြုချက် တစ်စုံတစ်ရာမရရှိဘဲ မြေနေရာ တစ်ခုလုံးကိုသော်လည်းကောင်း၊ တစ်စိတ်တစ်ပိုင်းကိုသော်လည်းကောင်း ပေါင်နှံခြင်း၊ ရောင်းချခြင်း၊ အဖွဲ့အစည်းတစ်ခုခု (သို့မဟုတ်) တစ်ဦးတစ်ယောက်သို့ တစ်ဆင့်ငှားရမ်းခြင်း၊ တစ်နည်းနည်းဖြင့် လွှဲပြောင်းခြင်း မပြုရ။ မြေနေရာငှားရမ်းရာတွင် ကျွန်း၏ကုန်းမြေပိုင်းနှင့် သက်ဆိုင်ပြီး ရေပြင်နှင့်ပတ်သက်သည့် လုပ်ငန်းများ လုံးဝဆောင်ရွက်ခွင့်မပြု။ ရေပြင်ရေထိန်းနံရံမှ ပေ ၃၀ အကွာမှသာ အဆောက်အအုံများ ဆောက်လုပ်ရန်။

ကျွန်း၏ သဘာဝအလှပျက်စီးစေမည့် လုပ်ငန်းများနှင့် ရေပြင်ညစ်ညမ်းစေသည့် လုပ်ငန်းများကို ဆောင်ရွက်ခြင်း မပြုရ။ ရေပြင်ပေါ်တွင်ဖြစ်စေ၊ ရေပြင်ကို မြေဖို့၍ဖြစ်စေ အသုံးချခြင်းမပြုရ၊ မြေဧရိယာ ကျယ်ဝန်းလာအောင် မပြုလုပ်ရ။

မြကျွန်းသာ သဘာဝအပန်းဖြေဥယျာဉ်အတွင်း အများပြည်သူအနားယူအပန်းဖြေနိုင်မည့် အဆောက်အအုံနှင့် လုပ်ငန်းများကိုသာ ဆောင်ရွက်ရန်၊ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမှ သတ်မှတ်ထားသည့် ဤစာချုပ်ပါ စည်းကမ်းချက် တစ်ခုခုကိုသော်လည်းကောင်း၊ စည်းကမ်းချက်များကိုသော်လည်းကောင်း အငှားချထားခြင်းခံရသူက ဖောက်ဖျက်ခဲ့သော် အငှားချထားသည့် မြေကွက်အား ကော်မတီက ပြန်လည်ဝင်ရောက်ရယူခြင်းကို အငှားချထားခြင်းခံရသူက သဘောတူ လက်ခံရမည်၊ ယင်းသို့ ဝင်ရောက်ရယူခြင်းသည် အငှားချထားခြင်းခံရသူထံမှ ရရန်ရှိသော ငှားရမ်းခ (သို့မဟုတ်) ပျက်စီးဆုံးရှုံးမှုအတွက် လျော်ကြေးတောင်းဆိုခွင့်ကို ထိခိုက်ခြင်းမရှိစေရ’ အစရှိတဲ့ စည်းကမ်းချက်တွေ ဖြစ်ပါတယ်။

အဲဒီအချိန်တုန်းက ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီရဲ့ ကော်မတီဝင် (၇) ဖြစ်တဲ့ ဇောတိက ဦးခင်လှိုင်က စစ်ဆေးခဲ့တဲ့အချိန်မှာ စာချုပ်မှာပါဝင်တဲ့ စည်းကမ်းချက်တွေကို လိုက်နာမှုမရှိတဲ့အတွက်ကြောင့် စီမံကိန်းတွေကို ရပ်ဆိုင်းထားဖို့ ကော်မတီက ဆုံးဖြတ်ခဲ့တာပဲဖြစ်ပါတယ်။

မြကျွန်းသာကိစ္စမှာ နစ်နာမှုအရှိဆုံးလို့ ဆိုရမယ့်ကိစ္စကတော့ မြေငှားရမ်းခစာချုပ်ပဲ ဖြစ်ပါတယ်။

တပ်မတော်အစိုးရလက်ထက်မှာ ချုပ်ဆိုခဲ့တဲ့ မြေငှားရမ်းခစာချုပ်ကို ပြင်ဆင်ချုပ်ဆိုရာမှာ မြေငှားရမ်းခကို တစ်ဧက ကျပ်  ၁၀ သိန်းနှုန်းနဲ့သာ ချုပ်ဆိုခဲ့တာပဲဖြစ်ပါတယ်။

၂၀၁၃ ခုနှစ်ထဲမှာချုပ်တဲ့ မြကျွန်းသာ ငှားရမ်းတဲ့ စာချုပ်ဟာ မြေငှားရမ်းခနဲ့ ငှားရမ်းခွင့်ပြုလိုက်တဲ့ သက်တမ်းစည်းကမ်းချက်နဲ့တင် နိုင်ငံတော်က ကျပ်ဘီလျံပေါင်းများစွာ နစ်နာသွားရတဲ့ စာချုပ်တစ်ခုလည်း ဖြစ်ပါတယ်။ မြေတစ်ဧကကို တစ်လ ကျပ် ၁၀ သိန်းနဲ့ ငှားလိုက်တဲ့ အပြင်နှစ်ပေါင်း ၆၀ အထိ လုပ်ကိုင်ခွင့်ပြုပေးလိုက်တာ ဖြစ်ပါတယ်။

အဲဒီအချိန်ကာလတုန်းက မြကျွန်းသာလိုနေရာမှာ တစ်စတုရန်းပေကို ကျပ်လေးသိန်းပေါက်ခဲ့ တဲ့နေရာပဲဖြစ်ပါတယ်။ လုပ်ကိုင်ခွင့်ပြုလိုက်တဲ့မြေဧကက ၄၃ ဧက ကျော်ရှိတဲ့အတွက်ကြောင့် အနည်းဆုံး ကျပ်ဘီလျံရှစ်ရာနီးပါးတန်ဖိုး ရှိတဲ့နေရာပဲဖြစ်ပါတယ်။ (ဒါဟာ ဦးသိန်းစိန် အစိုးရလက်ထက်က တန်ဖိုးမျှသာ ဖြစ်ပါတယ်။)

တစ်ဧက ကျပ် ၁၀ သိန်းနဲ့ နှစ်ပေါင်း ၆၀ ငှားလိုက်တဲ့အတွက် နိုင်ငံတော်အနေနဲ့ နှစ်ပေါင်း ၆၀ စာ ငှားရမ်းခ စုစုပေါင်း ခန့်မှန်း ကျပ် ၃၂ ဘီလျံကျော်ပဲ ရပါမယ်။ ငှားရမ်းခကို နှစ်တိုင်း ၁၀ ရာခိုင်နှုန်း တိုးတောင်းလို့ရတယ်ထားဦး ကျပ်ဘီလျံ ၅၀ ထက် နိုင်ငံတော်က ပိုရစရာ မရှိလောက်ပါဘူး။

အဲဒီအချိန်တုန်းက မြကျွန်းသာနဲ့ လမ်းမသာခြားတဲ့ မြန်မာပလာဇာကို တည်ဆောက်နေတဲ့ ဗီယက်နမ်ကုမ္ပဏီ ဟောင်အန်ဂယ်လိုင်ကဆိုရင် တစ်စတုရန်းမီတာကို အနည်းဆုံး ဒေါ်လာ ၂၀ ပေးရပါတယ်။ တစ်စတုရန်းမီတာမှာ ၁၀ ဒသမ ၇၆၄ စတုရန်းပေ ရှိပါတယ်။ ဒါကြောင့် တစ်စတုရန်းကို နှစ်ဒေါ်လာဝန်းကျင် ဖြစ်ပါတယ်။ တစ်ဧကဆိုရင် ၄၃၅၆၀ စတုရန်းပေရှိတဲ့အတွက်ကြောင့်  ဒေါ်လာရှစ်သောင်း ခုနစ်ထောင်ကျော် ကျသင့်မှာပဲ ဖြစ်ပါတယ်။ အဲဒီအချိန်တုန်းက ဒေါ်လာနဲ့ ကျပ်ငွေလဲနှုန်းက တစ်ဒေါ်လာကို ကျပ် ၁၃၀၀ ဝန်းကျင်လောက် ရှိတယ်။ တွက်ကြည့်မယ်ဆိုရင် တစ်စတုရန်းပေကို ကျပ်နှစ်ထောင်ကျော် လောက်ပေးရပါတယ်။ တစ်ဧကဆိုရင် ကျပ်သန်းပေါင်းများစွာ ရရှိမှာပဲဖြစ်ပါတယ်။ ဒါပေမဲ့ မြကျွန်းသာကို ငှားရမ်းခအနေနဲ့ တစ်ဧကကို ကျပ် ၁၀ သိန်းပဲပေးရပါတယ်။ ဒါကြောင့် အဲဒီအချိန်တုန်းက မြန်မာပလာဇာရဲ့ ငှားခစျေးနှုန်းနဲ့ နှိုင်းယှဉ်မယ်ဆိုရင် မြကျွန်းသာရဲ့ တစ်စတုရန်းပေ မြေငှားရမ်းခက များစွာ သက်သာနေပါတယ်။ ဒါ့အပြင် ပြင်ပမြေပေါက်စျေးတွေနဲ့  ထပ်မံနှိုင်းယှဉ်မယ်ဆိုရင်လည်း မြကျွန်းသာကို အစိုးရက ပုဂ္ဂလိကကို အငှားချပေးလိုက်တဲ့ စျေးနှုန်းဟာ အတော့်ကို ကွာဟနေပြီး ဒီလိုချပေးမှုမှာ အဂတိ ရှိနိုင်၊ မရှိနိုင်ဆိုတဲ့အပေါ် မေးစရာဖြစ်စေခဲ့ရပါတယ်။

အထက်မှာ တွက်ပြခဲ့တာက ၂၀၁၅ ခုနှစ်က ဒေါ်လာပေါက်စျေးနဲ့ တွက်ချက်ခဲ့တာ ဖြစ်ပါတယ်။ လက်ရှိ ပြင်ပငွေလဲနှုန်း တစ်ဒေါ်လာ ၃၃၀၀ ခန့်ရှိနေချိန်မှာ တွက်ချက်ကြည့်မယ်ဆိုရင် တစ်စတုရန်းပေကို ကျပ် ၆၆၀၀ ကျသင့်မှာ ဖြစ်ပါတယ်။ တစ်ဧကမှာ ၄၃၅၆၀ စတုရန်းပေရှိတဲ့အတွက် တစ်ဧက ငှားရမ်းခဆိုရင် ကျပ်သိန်းနှစ်သောင်းကျော် ရရှိမှာပဲ ဖြစ်ပါတယ်။ ၂၀၁၃ ခုနှစ်မှာ ချုပ်ဆိုထားတဲ့ စာချုပ်ဟောင်းအရဆို အစိုးရက တစ်ဧကကို ကျပ် ၁၀ သိန်းသာရရှိတဲ့ အတွက်‌ကြောင့် တိုင်းပြည်ဘဏ္ဍာများစွာ နစ်နာနေသလို အမှန်တကယ် ပြင်ပ ခန့်မှန်းပေါက်စျေးနဲ့ ဘယ်လောက်ကွာဟနေသလဲဆိုတာ သိသာစေပါတယ်။ လက်ရှိအချိန်မှာဆိုရင် မြကျွန်းသာလို နေရာမျိုးရဲ့ငှားရမ်းခကို ကြည့်မယ်ဆိုရင် အဆောက်အအုံပါရင် တစ်စတုရန်း‌ပေကို အနည်းဆုံး ကျပ်ရှစ်သိန်းကနေ ၁၀ သိန်းဝန်းကျင်ရှိတယ်ဆိုတာကို စျေးကွက်တွင်း လေ့လာချက်အရ သိရှိရပါတယ်။

ဒီနေရာမှာ ဥပမာအနေနဲ့  လုပ်ကိုင်ခွင့်ရထားတဲ့ ကုမ္ပဏီတွေထဲက တစ်ခုဖြစ်တဲ့ Inya Palace ကုမ္ပဏီရဲ့ ၁ ဒသမ ၈၃ ဧကကို တွက် ချက်ကြည့်မယ်ဆိုရင် ခန့်မှန်းခြေအနည်းဆုံး ကျပ် သိန်းနှစ်သောင်းကျော်

အစိုးရက ရရှိနိုင်မှာ ဖြစ်ပါတယ်။ မြကျွန်းသာမှာ လုပ်ကိုင်ခွင့်ရတဲ့ ကုမ္ပဏီတွေက အဆောက်အအုံကိုပါ ဆောက်လုပ်ရမယ့်အတွက် တစ်စတုရန်းပေကို ကာလပေါက်စျေး ထက်ဝက်ခန့်လျှော့ချပြီး မြေငှားရမ်းခ စာချုပ်ချုပ်ဆိုမယ်ဆိုရင်တောင် မြကျွန်းသာ စီမံကိန်းတွေကနေ အစိုးရအနေနဲ့ တစ်နှစ်ကို အနည်းဆုံး ငါးဘီလျံကနေ ၁၀ ဘီလျံကြား ရရှိနိုင်မှာ ဖြစ်ပါတယ်။

လက်ရှိမြကျွန်းသာမှာ စီမံကိန်းတွေပြန်စတင်နေပြီဆိုရင် အစိုးရအနေနဲ့ ပြည်သူ့ဘဏ္ဍာများစွာရရှိ မယ့်အနေအထားလည်း ဖြစ်ပြီးတော့ လုပ်ကိုင်ခွင့်ပြန်လည်အစပြုဖို့ အခြေအနေမှာ ကုမ္ပဏီတွေနဲ့ စာချုပ်တွေကို ပြန်ပြင်ချုပ်ဆိုသလား၊ ယခင်စာချုပ်အတိုင်း လုပ်ကိုင်ခွင့် ပေးထားသလားဆိုတာတွေအတွက် တိုင်းပြည်ဘဏ္ဍာ မနစ်နာစေရေး စနစ်တကျ စိစစ်ဖို့လိုမှာ ဖြစ်ပါတယ်။

ဒါတွေနဲ့ ပတ်သက်လို့ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီကို စာပို့ ဆက်သွယ်မေးမြန်းတဲ့ အခါမှာတော့ ယခုသတင်းဆောင်းပါးတင်ပြသည့်အချိန်အထိ ပြန်လည် ဖြေဆိုလာခြင်း မရှိသေးပါဘူး။

အဲဒီအပြင် လူမှုကွန်ရက်မှာ ကြော်ငြာထားတဲ့ Inya Palace Centre က ဆိုင်ခန်းတွေ ငှားရမ်းမယ်ဆိုတဲ့ ကြော်ငြာကို ကြည့်ရင်လည်း မူလစာချုပ်နဲ့ ကွဲလွဲနိုင်တဲ့ အချက်တွေကို တွေ့ရပြီး ဥပမာအနေနဲ့ ဆောက်လုပ်မယ့် အထပ်ကိုလည်း လေးထပ်အထိ ဆောက်လုပ်ပြီး ဆိုင်ခန်းတွေ ငှားရမ်းမှာဖြစ်လို့ ပြောထားပုံအရဆိုရင် မူလစာချုပ်မှာပါတဲ့ သုံးထပ်အထိသာ ဆောက်လုပ်ရမယ်ဆိုတဲ့ အချက်နဲ့လည်း လွဲနေတယ်လို့ ပြောရမှာဖြစ်ပါတယ်။

စာချုပ်မှာပါဝင်တဲ့ အဓိကအချက်ဖြစ်တဲ့ အငှားချထားသော မြေနေရာအား ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၏ ခွင့်ပြုချက် တစ်စုံတစ်ရာမရရှိဘဲ မြေနေရာတစ်ခုလုံးကိုသော်လည်းကောင်း၊ တစ်စိတ်တစ်ပိုင်းကိုသော်လည်းကောင်း ပေါင်နှံခြင်း၊ ရောင်းချခြင်း၊ အဖွဲ့အစည်းတစ်ခုခု (သို့မဟုတ်) တစ်ဦးတစ်ယောက်သို့ တစ်ဆင့်ငှားရမ်းခြင်း၊ တစ်နည်းနည်းဖြင့် လွှဲပြောင်းခြင်း မပြုရ’ ဆိုတဲ့ စည်းကမ်းချက်ကိုလည်း စီမံကိန်းမှာ ပါဝင်နေတဲ့ ကုမ္ပဏီတွေအနေနဲ့ ကျော်လွန်လုပ်ဆောင်လို့ မရတာဖြစ်ပါတယ်။

ဒါကြောင့် အခုအချိန်မှာ မြကျွန်းသာ အပန်းဖြေဥယျာဉ်မှာ လုပ်ငန်းတွေ ပြန်စဖို့ တာစူနေတဲ့ စီမံကိန်းတွေကို စည်ပင်သော်လည်းကောင်း၊ အစိုးရကသော်လည်းကောင်း သက်ဆိုင်ရာအနေနဲ့ မူလစာချုပ်ပါအတိုင်းပဲ လုပ်ကိုင်ခွင့်ပြုလိုက်သလား၊ ဒါမှမဟုတ် စာချုပ်တွေကို ပြင်ဆင်ချုပ်ဆိုထားပြီးပြီလားဆိုတာ အများပြည်သူကို ပွင့်ပွင့်လင်းလင်း ချပြသင့်တာ အမှန်ပဲ ဖြစ်ပါတယ်။ ဒီလိုမှ မဟုတ်ဘူးဆိုရင် နစကအနေနဲ့လည်း ဒီစီမံကိန်းရဲ့ နောက်ကွယ်က အခြေအနေတွေ ပါဝင်ပတ်သက် ဆုံးဖြတ်သူတွေ၊ လုပ်ကိုင်ခွင့်ရရှိမှု အခြေအနေတွေမှာ အဂတိ ရှိ၊ မရှိ ဆိုတာကို စိစစ်ကြပ်မတ်ဖို့ လိုပါလိမ့်မယ်။ ဘာကြောင့်လဲဆိုရင် ဒါဟာ အများပြည်သူနဲ့ဆိုင်တဲ့နေရာဖြစ်ပြီး ပြီးခဲ့တဲ့ အစိုးရနှစ်ဆက် အဂတိကိစ္စနဲ့ နာမည်ကြီးခဲ့တဲ့ အခြေအနေကြောင့်ပဲ ဖြစ်ပါတယ်။

မြကျွန်းသာနဲ့ ပွင့်လင်းမြင်သာမှု၊ မြကျွန်းသာနဲ့ အဂတိမေးခွန်း . . .

အစိုးရနှစ်ဆက် အဂတိကိစ္စနဲ့ နာမည်ကြီးလို့ ပြည်သူတွေ ဝေဖန်ခဲ့တဲ့ မြကျွန်းသာ စီမံကိန်းတွေကတော့ မြေပြင်အခြေ အနေတွေအရ ပြန်လည် စတင်လည်ပတ်နေပြီလို့တောင် ဆိုရတော့မှာ ဖြစ်ပါတယ်။

အမှန်တကယ်တော့ သက်ဆိုင်ရာအစိုးရက အမိန့်ထုတ် ရပ်တန့်ခိုင်းထားတဲ့ စီမံကိန်းနေရာမှာ ဘယ်လိုလှုပ်ရှားမှုကိုမှ လုပ်ဆောင်ရမှာ မဟုတ်ပါဘူး။ မြကျွန်းသာလို ပြည်သူလူထုဘဏ္ဍာတွေ နစ်နာနိုင်ခြေရှိတဲ့စီမံကိန်းမျိုးကို ပြန်စတင်ပြီဆိုရင်လည်း အများပြည်သူကို အကျယ်တဝင့် ချပြ အသိပေးရမှာပဲဖြစ်ပါတယ်။ ၂၀၁၀ မတိုင်မီကာလတုန်းက တပ်ပိုင်မြေ၊ နောက်ပိုင်းမှာတော့ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီပိုင်မြေ ဖြစ်ခဲ့ပြီးတော့ လက်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီလက်ထက်မှာတော့ မည်သည့်ဌာနက ပိုင်ပိုင် ပြည်သူ့ဘဏ္ဍာ နစ်နာဆုံးရှုံးမှုမရှိအောင်၊ ထိုက်သင့်တဲ့တန်ဖိုးအတိုင်း အစိုးရဘဏ္ဍာရရှိအောင် ဆောင်ရွက်ရမှာ အမှန်ပဲဖြစ်ပါတယ်။

ဒါကြောင့် မြကျွန်းသာမှာ လုပ်ကိုင်ခွင့်ရ ကုမ္ပဏီတွေအနက် လုပ်ငန်း ပြန်လည်လည်ပတ်နေတဲ့ ကုမ္ပဏီတွေရှိရင် ဘယ်လိုသဘောတူညီချက်၊ သတ်မှတ်ချက်စည်းကမ်းချက်တွေနဲ့ ပြန်လည်ခွင့်ပြုထားပါသလဲ။ အစိုးရအတွက် ထိုက်သင့်တဲ့ အခွန်အခတွေ အဲဒီ စီမံကိန်းက  အမှန်တကယ်ရရှိပါသလား။ ပြည်သူ့ဘဏ္ဍာ နစ်နာဆုံးရှုံးမှုမရှိရေး၌ ကြီးမားတဲ့ စီမံကိန်းလုပ်ငန်းတစ်ခုမှာ အဂတိ ရှိ၊ မရှိ စတာတွေကို မေးခွန်းထုတ်ရတော့မှာဖြစ်သလို တာဝန်ရှိသူတွေအနေနဲ့ ဒါတွေနဲ့ပတ်သက်လို့ သိရှိပါသလား။ စိစစ် ကြပ်မတ်ဖို့ လိုတယ်ဆိုတာကတော့အမှန်ပဲ ဖြစ်ပါတယ်။

အစိုးရနှစ်ဆက်မှာ စီမံကိန်းတွေ ဆက်အကောင်အထည်မဖော်ဖို့ အမိန့်ထုတ်ထားတဲ့ မြကျွန်းသာဟာ အများပြည်သူ အပန်းဖြေစရာ နေရာတစ်ခုလည်း ဖြစ်ပါတယ်။ လက်ရှိမှာတော့ ပြန်စနေပြီလို့ ယူဆရတဲ့ အခြေအနေတွေကိုလည်း တွေ့ရှိရပြီး မြကျွန်းသာထဲက ကုမ္ပဏီတစ်ခုဖြစ်တဲ့ Good Shan Brother International ကုမ္ပဏီဆိုရင် ဆောက်လုပ်ခွင့်ပြုမိန့်ကို နစကလက်ထက်မှာ ရရှိထားတဲ့ အခြေအနေမျိုးလို့ စုံစမ်းသိရှိခဲ့ရပါတယ်။

ဒါကြောင့် ဒီလိုအခြေအနေနဲ့ မြကျွန်းသာက စီမံကိန်းလုပ်ငန်းတွေနဲ့ပတ်သက်လို့ ရန်ကုန်တိုင်းဝန်ကြီးချုပ် သိရှိပါသလား။ စီမံကိန်းတန်ဖိုးကြီးပြီး ပြည်သူ့ဘဏ္ဍာ မနစ်နာရအောင် စိစစ်ကြပ်မတ်သင့်တဲ့ ယခုလို စီမံကိန်းမျိုးနဲ့ပတ်သက်ပြီး နစက တာဝန်ရှိသူတွေအနေနဲ့ရော သိရှိပါသလား။

အချုပ်ဆိုရင် တပ်ထိပ်ပိုင်း ခေါင်းဆောင်တစ်ဦးလည်းဖြစ် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီရဲ့ ထိပ်ပိုင်းခေါင်းဆောင်တစ်ဦးဖြစ်ခဲ့တဲ့ ဒုတိယဗိုလ်ချုပ်ကြီးဟောင်း မိုးမြင့်ထွန်းကို အဂတိမှုနဲ့ ထောင်ဒဏ် တစ်သက်ကဲ့သို့ ပြင်းထန်သော ပြစ်ဒဏ်မျိုးနဲ့ အရေးယူချိန်မှာ အဂတိ၊ တိုင်းပြည်ဘဏ္ဍာနစ်နာနိုင်မှုတွေနဲ့ ပတ်သက်လို့ နာမည်ကျော်ခဲ့တဲ့ မြကျွန်းသာလို စီမံကိန်းမျိုးတွေ ဆောင်ရွက်မယ်၊ ပြန်လည်လုပ်ဆောင်ခွင့်ပြုမယ်ဆိုရင် ပွင့်လင်းမြင်သာစွာနဲ့ အဂတိကင်းဖို့ စိစစ် ဆောင်ရွက်ဖို့လိုတာ အမှန်ပဲဖြစ်ပါတယ်။

မြကျွန်းသာအပန်းဖြေဥယျာဉ်မှာ စီမံကိန်းတွေ ပြန်စဖို့ အရိပ်အယောင်ရှိနေတဲ့အချိန်မှာ ဒီစီမံကိန်းတွေကို မူလစာချုပ်တွေအတိုင်း ပြန်လုပ်ခွင့်ပေးလိုက်သလား။ ဒါမှမဟုတ် စာချုပ်တွေကိုပြင်ဆင်ပြီး လုပ်ကိုင်ခွင့်ပြုခဲ့တာလား။ ဒါမှမဟုတ်ရင်တော့ အဂတိ ရှိ၊ မရှိဆိုတာကို တာဝန်ရှိသူတွေအနေနဲ့ စိစစ်ပေးဖို့ လိုလာပြီဖြစ်ပါတယ်။

အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၆၃ ကိုကြည့်မယ်ဆိုရင် ‘မည်သူမဆို ဤဥပဒေပါ ပြစ်မှုတစ်ရပ်ရပ်ကို ကျူးလွန်ရန် လှုံ့ဆော်ခြင်း၊ အားထုတ်ခြင်းပူးပေါင်း ကြံစည်ခြင်း သို့မဟုတ် စီမံခန့်ခွဲခြင်း ပြုလျှင်ဖြစ်စေ ပြစ်မှုကျူးလွန်ရာတွင် အားပေးကူညီလျှင်ဖြစ်စေ ယင်းပြစ်မှုအတွက် ပြဋ္ဌာန်းထားသည့် ပြစ်ဒဏ်ကို ချမှတ်ခြင်းခံရမည်’ လို့ ပြဋ္ဌာန်းထားပါတယ်။

အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေမှာ လာဘ်ယူသူ သာမက လာဘ်ပေးသူကိုလည်း အရေးယူရမယ်လို့ ပြဋ္ဌာန်းထားပေမဲ့ အဂတိနဲ့ အရေးယူမှုတွေမှာ လာဘ်ပေးသူကို အရေးယူတယ်ဆိုတဲ့ဖြစ်စဉ် မရှိသလောက်ဖြစ်နေတာ တွေ့နေရပါတယ်။ အဂတိနဲ့ပတ်သက်ရင် ပေးသူကိုရော ယူသူကိုပါ အရေးယူနိုင်တဲ့ ပုဒ်မပြဋ္ဌာန်းချက်တွေ ဖော်ပြထားပေမဲ့ လာဘ်ပေးလာဘ်ယူတွေမှာ ပေးသူကို အရေးယူမှုမရှိဘူးဆိုရင်လည်း အဂတိတိုက်ဖျက်ရေး ဆောင်ရွက်ချက်တွေမှာ ယိုပေါက်တွေ ဖြစ်စေနိုင်ပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ် ယခင်အစိုးရနှစ်ဆက်မှာ နာမည်ကြီးခဲ့တဲ့ မြကျွန်းသာစီမံကိန်းဟာ ပြည်သူ့ဘဏ္ဍာနဲ့ ပတ်သက်လို့ အငြင်းပွားမှုတွေ၊ ဝေဖန်မှုတွေကြောင့် ရပ်နားထားခဲ့တဲ့ အခြေအနေကနေ အခုချိန်မှာ စီမံကိန်းတွေ ပြန်လည်စတင်နေပြီလား၊ စီမံကိန်းမှာပါတဲ့ မြေနေရာတွေကို ကုမ္ပဏီတွေကို လုပ်ပိုင်ခွင့်ပေးတဲ့အခါ ဘယ်လိုသဘောတူညီချက် စာချုပ်မျိုးတွေနဲ့ ခွင့်ပြုထားခဲ့ပြီလဲ။ ပွင့်လင်းမြင်သာစွာ ချပြရှင်းလင်းဖို့ လိုလာပြီဖြစ်ပါတယ်။

ပြီးခဲ့တဲ့ အစိုးရနှစ်ဆက် အဂတိနဲ့ နာမည်ကြီးတဲ့အတွက် ရပ်ဆိုင်းထားခဲ့ရတဲ့ မြကျွန်းသာစီမံကိန်းတွေကို ပြန်စပြီဆိုရင်တော့ ဒီစီမံကိန်းနဲ့ ပတ်သက်လို့ အဂတိရှိ၊ မရှိဆိုတဲ့ အချက်ကို တာဝန်ရှိသူတွေအနေနဲ့ စိစစ်ပေးဖို့ လိုအပ်မှာ အမှန်ပဲဖြစ်ပါတယ်။     

Most Read

Most Recent