ခုန်ကျော်ကောက်ချက်ချခြင်း

ခုန်ကျော်ကောက်ချက်ချခြင်း
Published 25 September 2023

“ဂျီသြမေတြီဟာ သိပ်လှတဲ့လောဂျစ်ပါ။ သူက ဘယ်လိုတွေးရမလဲ၊ အရာရာကို ဘယ်လိုတစ်ဆင့်ချင်း သက်သေပြရမလဲဆိုတာ သင်ပေးပါတယ်။ ဆင်ခြင်ခြင်းမှာ သက်သေပြချက်တွေဆိုတာ အကောင်းဆုံး သင်ခန်းစာတွေပါ။ လောဂျစ်နဲ့ ဆင်ခြင်ခြင်း မပါရင် ရှင်တို့အနေနဲ့ ခုန်ကျော်ကောက်ချက်ချခြင်းကို မှီခိုနေရမယ်၊ ပိုဆိုးတာက ဘာထင်မြင်ယူဆချက်တွေမှ မရတာပါပဲ” မာရီလင်ဗွန်ဆားဗန့် (၁၉၄၆ ဖွား)၊ အမေရိကန်သူ မဂ္ဂဇင်းပင်တိုင်ဆောင်းပါးရှင် စာရေးဆရာ၊ ကထိကနှင့် ပြဇာတ်ရေးသူ

ခုန်ကျော်ကောက်ချက်ချခြင်း (Jumping to Conclusions)သည် ဘက်လိုက်မှု (Bias) တစ်ရပ်ဖြစ်ပြီး JTC ဟု အတိုကောက် ခေါ်ဝေါ်လေ့ရှိသကဲ့သို့  ‘ကောက်ချက်ဆွဲခြင်း - လေ့လာခြင်းဆိုင်ရာ ရှုပ်ထွေးမှုတစ်ရပ် (Inference-Observation Confusion) အဖြစ် ရည်ညွှန်းလေ့ရှိသည်။ ခုန်ကျော်ကောက်ချက်ချခြင်းဟူသည် ဇာစ်မြစ်အရ စိတ်ပညာဆိုင်ရာ စကားရပ်ဖြစ်ပြီး တစ်စုံတစ်ဦးအနေဖြင့် တစ်စုံတစ်ရာကို အချက်အလက် အပြည့်အစုံမရှိဘဲ အကဲဖြတ်ခြင်း သို့မဟုတ် ဆုံးဖြတ်ခြင်းကို ဆိုလိုသည်။ ထိုအခါ ကျိုးကြောင်းမဲ့သည့် ကောက်ချက်များကို ထွက်ပေါ်လာစေသည်။ အခြားနည်းဖြင့် ရှင်းပြရပါက “မိမိအနေဖြင့် ထင်မှတ်ထားမှုများ သို့မဟုတ် ယူဆထားမှုများသက်သက်မှနေ၍ မိမိအနေဖြင့် ပထမဆုံး လေ့လာတွေ့ရှိထားမှုများအား ခွဲခြားသုံးသပ်ရန် ပျက်ကွက်သည့်အခါ” ခုန်ကျော် ကောက်ချက်ချခြင်း ဖြစ်ပေါ်သည်။  ယင်းတွင် တစ်စုံတစ်ရာသည် မှန်ကန်ကြောင်း သေချာပါသည်ဟု လုံလောက်သော အချက်အလက်များမရှိဘဲ ဆုံးဖြတ်ချက်များ ချမှတ်မှုပါဝင်သောကြောင့်  ဆိုးရွားသော သို့မဟုတ် မဆင်မခြင် ကမူးရှူးထိုးနိုင်သော ဆုံးဖြတ်ချက်များ ဖြစ်ပေါ်ခြင်းဆီသို့ ဦးတည်သွားစေနိုင်သည်။

မည်သည့်အခက်အခဲအကျပ်အတည်း အမျိုးအစားကိုမဆို ဖြေရှင်းရာတွင် လူတို့သည် ပထမဆုံးနှင့် သိသာထင်ရှားမှုအရှိဆုံး ကောက်ချက်များ အလျင်အမြန် ထွက်ပေါ်လာခြင်း လွယ်ကူစွာ ဖြစ်လေ့ရှိသည်။ သို့သော်အရေးကြီးသည့်အချက်မှာ သိသာထင်ရှားမှုအရှိဆုံးကောက်ချက်သည် အမြဲတမ်းမှန်ကန်သည့်အရာ မဖြစ်နိုင်ခြင်းပင်ဖြစ်သည်။ ကံမကောင်း အကြောင်းမလှစွာပင် လူတစ်ဦးအနေဖြင့် ကောက်ချက်တစ်ရပ် ရရှိပြီဆိုသည်နှင့် အခြားသော ကောက်ချက်များကို နေရာပေးရန်အတွက် ပထမဆုံးရရှိသည့် ကောက်ချက်ကို စွန့်လွှတ်ရန် ခက်ခဲတတ်ကြသည်။ မည်သို့ပင်ဆိုစေကာမူ လူတို့သည် ၎င်းတို့ လုပ်သမျှ အရာများ မှားယွင်းသွားမည်ကိုကား လိုလားမည်မဟုတ်ကြပါ။

ဒုက္ခတွင်းထဲ ကျရောက်ပြီးမှ ပြန်လည်ရုန်းထွက်ရန် ကြိုးပမ်းခြင်းထက် ဒုက္ခကို ရှောင်လွှဲနိုင်ခြင်းကသာ ပို၍ကောင်းသောကြောင့် ဝေဖန်ပိုင်းခြားမှုရှိသော စဉ်းစားပုံသည် စေ့စပ်သေချာစွာ စဉ်းစားခြင်းကိုလည်း အထူးဂရုစိုက်ရသည်။ အဓိပ္ပာယ်မှာ မိမိအနေဖြင့် ဖြစ်နိုင်ပါက ခုန်ကျော်ကောက်ချက်ချခြင်းမျိုးအား ရှောင်ရှားနိုင်ရန်ဖြစ်သည်။ သို့သော် ပထမဆုံးထွက်ပေါ်လာသည့် သိသာထင်ရှားသော ကောက်ချက်သည်လည်း တစ်လျှောက်လုံး၌ မှန်နိုင်ခြေရှိသောကြောင့် ယင်းကို စွန့်ပစ်ရမည်ဟု မဆိုလိုပေ။ ယင်းကို အသိအမှတ်ပြုသော်လည်း ရှေ့သို့ဆက်သွားရန်လိုသည်။ နောက်ထပ်ရွေးချယ်စရာကောက်ချက်များ မရသေးမချင်း ပထမဆုံးရရှိသည့်ကောက်ချက်ကိုသာ အတည်မပြုလိုက်ရန်လိုသည်။

အခြေခံယုတ္တိဗေဒ၏ ရှုထောင့်များကို ကျော်လွှားနိုင်ရန်မှာ ခက်ခဲတတ်သည်။ သို့သော်အဆုံးတွင် အဆင်ပြေညီညွတ်သည့် ကောက်ချက်ဆီသို့ ရောက်ရှိရန် လမ်းတစ်လမ်းကား ရှိသည်သာဖြစ်၏။  ဥပမာအားဖြင့် မိမိအနေဖြင့် အမည်စာရင်းတစ်ခုကို မှတ်သားရုံဖြင့် ယုတ္တိဗေဒအမှားများကို ဖော်ထုတ်ခြင်း၌ ကျွမ်းကျင်လာမည်မဟုတ်ပါ။ ယင်းအစား မိမိအနေဖြင့် ငြင်းခုံဆွေးနွေးမှုများ သို့မဟုတ် အကြောင်းပြချက်များကို စေ့စပ်သေချာစွာ ဖတ်ရှုရန်အတွက် အချိန်ယူပြီး ယုတ္တိဗေဒအမှားများကို ဖော်ထုတ်မှုအား လေ့လာသင်ယူရမည်ဖြစ်သည်။ အခြေခံယုတ္တိဗေဒ၌ အခြားစိတ်ကူးထည်များနှင့် ပတ်သက်၍လည်း ဤနည်းနှင်နှင်ပင်ဖြစ်သည်။ မိမိအနေဖြင့် ၎င်းတို့နှင့်ပတ်သက်၍ စဉ်းစားလျှင်၊ ၎င်းတို့ကို အသုံးပြုလျှင် မိမိသည် ၎င်းတို့နှင့် အကျွမ်းတဝင်ဖြစ်လာမည်ဖြစ်ပြီး အမှန်တကယ် တကူးတကအားမထုတ်ရဘဲ မိမိဖတ်ရှုသမျှအရာရာ၌ အလုပ်ဖြစ်သော မဟာဗျူဟာနှင့် နည်းစနစ်များကို သတိပြုမိလာမည်ဖြစ်သည်။

မည်သို့ပင်ဆိုစေကာမူ မှန်ကန်သည့်ဆုံးဖြတ်ချက်များ ချမှတ်နိုင်ရန်အတွက် ခုန်ကျော်ကောက်ချက်ချခြင်းမျိုး မလုပ်မိစေရန် အလွန်အရေးကြီးပါကြောင်း The Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။

 

■စက်တင်ဘာ ၂၆ ရက်ထုတ် The Daily Eleven သတင်းစာ အယ်ဒီတာ့အာဘော်

Most Read

Most Recent