■ပညာဟူသည် ...

■ပညာဟူသည် ...
Published 28 August 2023

ပညာသည် အသိဉာဏ်ပညာဟူသော အနက်သာမညကို ဟောသော်လည်း ထိုပုဒ်၏ အရ ဒေသနာဉာဏ်၊ ၀ိပဿနာပညာ၊ မဂ်ပညာ၊ ဖိုလ်ပညာ၊ အရဟတ္တမဂ်ပညာ၊ အရဟတ္တ ဖိုလ်ပညာ၊ လောကီလောကုတ္တရာပညာ စသည်တို့ကို အခါအားလျော်စွာ ကောက်ယူရသည်။ အထူးသဖြင့် ဝေဖန်၊ ပိုင်းခြား၊ စဉ်းစား၊ ဆင်ခြင်၊ သိမြင်တတ်သော သဘောတရားနှင့် အသိ၊ အလိမ္မာ၊ ဉာဏ်၊ ပညာ၊ ပညိန္ဒြေ စေတသိက်ကို ရည်ညွှန်းသည်။ ပညာသည် အကောင်းအဆိုး အကြောင်းအကျိုးအမျိုးမျိုးသော သဘောတရားတို့ကို အထူးထူးအပြားပြား အားဖြင့်ထိုးထွင်းသိမြင်ခြင်း လက္ခဏာရှိသည်။ ဆီးမီးကဲ့သို့ အာရုံ၏ သဘောမှန်ကို ထွန်းပြသည်။ မတွေမဝေသိတတ်သော တရားအဖြစ်ဖြင့် ရှေးရှုထင်လာမှုအခြင်းအရာ အာကာရပစ္စုပဋ္ဌာန်ရှိသည်၊ သမာဓိဟူသော နီးသောအကြောင်း ပဒဋ္ဌာန်ရှိသည်။ ၀ိညာဉ်သည် အာရုံကို ရအောင်ယူ၍ သညာသည် အမှတ်ပြုသည်။ ပညာကား ထိုအာရုံ၏ သဘောမှန်ကို သိသည်။

ယင်းပညာသည် အသေးစားဖြစ်သော လူမှုကိစ္စမှစ၍ သစ္စာလေးပါး တရားတိုင်အောင် မိမိအစွမ်းသတ္တိအားလျော်စွာ အမျိုးမျိုး သိစွမ်းနိုင်သည်။ အဋ္ဌကထာတို့၌ ပညာ၏ ဗျုပ္ပတ်ကို ဖွင့်ပြရာဝယ် “သစ္စာလေးပါးတို့ကို အပြားအားဖြင့် သိတတ်သောကြောင့် ပညာမည်၏”ဟု မိန့်ဆိုခြင်းကား မဟာဝေဒလသုတ်နှင့်အညီ ဥက္ကဋ္ဌနည်းအားဖြင့် ဆိုခြင်းသာ ဖြစ်သည်။ ထို့ကြောင့် ၀ိဘင်းပါဠိတော်၌ အသက်မွေးဝမ်းကျောင်းဖြစ်သည့် လယ်လုပ်မှု ကုန်သွယ်မှုစသော ကမ္မာယတန၊ ယက်ကန်းအတတ် အိုးထိန်းသည်အတတ်စသော သိပ္ပာယတန၊ မြွေဆိပ်ချမန္တန်စသော ၀ိဇ္ဇာဌာနတို့၌ တတ်သိနားလည်မှုကိုလည်း ပညာဟု ဟောတော်မူသည်။

လောကရေးရာ လိမ္မာပါးနပ်မှုနှင့် စပ်လျဉ်း၍ ပညာအစစ်၊ ပညာအတုဟု ခွဲထားပြုခဲ့ကြသည်။ အဋ္ဌကနိပါတ် သုလသာဇာတ်၌ ပစ္စုပ္ပန်ဝတ္ထုနှင့် အတိတ်ဝတ္ထုတို့ဝယ် လက်ဝတ်တန်ဆာများကို ယူလို၍ လူကိုသတ်ရန် အကောက်ကြံသော ခိုးသူလင်ယောက်ျားကို ဥပါယ်တံမျဉ်ဖြင့် ပြန်လည်လှည့်ပတ်ကာ သတ်ဖြတ်အနိုင်ယူလိုက်သော ကျွန်မနှင့်ပြည့်တန်ဆာမတို့အား ဘုရားရှင်နှင့် အလောင်းတော်နတ်သားတို့က စူးစမ်းဆင်ခြင်တတ်သော ပညာရှိသည်ဟု ချီးကျူးကြသည်။ ထို့အတူပင် ကုဏ္ဍလကေသီထေရီဝတ္ထု၌ ထေရီလောင်းလျာ ဘဒ္ဒါမယ်အား တောင်စောင့်နတ်က ချီးကျူးလေသည်။ ဤဝတ္ထုတို့၌ လာသော လိမ္မာပါးနပ်မှုကို ပညာအစစ်ဟူ၍လည်းကောင်း၊ ပညာအစစ်မဟုတ်၊ အတုသာ ဖြစ်သည်ဟူ၍လည်းကောင်း ကျမ်းပြုပုဂ္ဂိုလ်တို့ အမျိုးမျိုးမိန့်ဆိုကြသည်။ ဤသည်နှင့် စပ်လျဉ်း၍ အဘိဓမ္မာဝိနိစ္ဆယကျမ်း၌ အပိုင်းလေးပိုင်းခွဲကာ ဤသို့ ဆုံးဖြတ်သည်။

(၁) မိမိအသက်ဘေးမှ လွတ်မြောက်အောင် ကြံစည်ခိုက်ကျွန်မနှင့် ကုဏ္ဍလကေသီတို့ သန္တာန်၌ ဉာဏသမ္ပယုတ်ဝီထိဖြစ်၌ ပညာအစစ်ဖြစ်သည်။ ဤကိုရည်၍ ဘုရားရှင်နှင့် တောင်စောင့်နတ်တို့က ပညာရှိပါပေသည်ဟု ချီးကျူးကြခြင်းဖြစ်သည်။

(၂) ခိုးသူယောက်ျားကို မသတ်မီလှည့်ပတ် ဖြားယောင်းနေခိုက် ပညာနှင့်အလားတူသည့် မိစ္ဆာဉာဏ်ခေါ် မောဟသာ ဖြစ်သည်။

(၃) ခိုးသူယောက်ျားကို သတ်ဖြတ်အဆုံးစီရင်လိုက်သောအခါ ဝဓကစေတနာ ပြဌာန်းသော ဒေါသမူစိတ္တုပ္ပာဒ် ဖြစ်သည်။

(၄) လက်ဝတ်တန်ဆာများကို ရယူလို၍ ခိုးသူယောက်ျား၏ လှည့်ပတ်ဖြားယောင်းမူသည် ပညာနှင့်အလားတူသော မာယာခေါ်လောဘသာဖြစ်သည်။                                               

ဤအဆုံးအဖြတ်သည် စိတ်တို့၏ အလွန်လျင်မြန်စွာ ဖြစ်ပျက်ပြောင်းလဲတတ်သာ နိယာမသဘောတရားနှင့် ကိုက်ညီသဖြင့် ယုတ္တိရှိလှပေသည်။

ကျမ်းဂန်တို့၌ ပညာ၏ ဂုဏ်ကျေးဇူးကို အမျိုးမျိုး ချီးကျူးမိန့်ဆိုကြသည်။ သတ္တဝါတို့တွင် ဘုရားရှင်သည် အမြတ်ဆုံး ဖြစ်သကဲ့သို့ ရုပ်နာမ်သင်္ခါရတို့တွင် ပညာသည်အမြတ်ဆုံးဖြစ်သည်။ အဘယ့်ကြောင့်ဆိုသော် ပညာပြီးမြောက်လျှင် အပြစ်မရှိသော တရားအားလုံးပြီးမြောက်သောကြောင့်တည်း။ အမြိုက်နိဗ္ဗာန်သို့ ရောက်စေတတ်သော တရားတို့တွင် ပညာသည်အမြတ်ဆုံးဖြစ်၍ ကျန်တရားတို့သည် ပညာ၏အခြံအရံများဖြစ်သည်။ အသက်ရှင်နေသည့် သတ္တဝါအပေါင်းတွင် ပညာဖြင့်အသက်ရှင်သူသည် အမြတ်ဆုံးဖြစ်သည်။ ပညာရှိသောသူသည် ဥစ္စာပစ္စည်း ကုန်ခန်းသွားသော်လည်း အပြစ်ကင်းသော အသက်မွေးမှုဖြင့် ကြာမြင့်စွာ အသက်မွေးနိုင်သည်။ ပညာမရှိသောသူကား ဥစ္စာပစ္စည်း ရှိငြားသော်လည်း ပညာမရသဖြင့် အသက်မမွေးနိုင်။ အမျိုးမြတ်သော မင်းသားပင်ဖြစ်သော်လည်း မင်းအဖြစ်ကို ရပြီးနောက် ပညာမရှိလျှင် မင်းစည်းစိမ်ဖြင့် ကြာမြင့်စွာ အသက်မရှည်နိုင်။ ပညာကို ရခြင်းသည် ချမ်းသာခြင်း၏ အကြောင်းဖြစ်သည်။ သို့သော် လူအပေါင်းတွင် အနည်းငယ်သော လူတို့သည်သာ ပညာမျက်စိရှိသည်။

မည်သို့ပင်ဆိုစေကာမူ ပညာရှိသော သူသာ မျက်စိအမြင်နှင့် ပြည့်စုံသူဖြစ်ပြီး ပညာမျက်စိမရှိသူကား အကန်းသာဖြစ်ပါကြောင်း The Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။

သြဂုတ် ၂၉ ရက် The Daily Eleven သတင်းစာ အယ်ဒီတာ့အာဘော်

Most Read

Most Recent