ယခုနွေရာသီ (၈) ဦးမြောက်အဖြစ် မူဆက်ချ်အား အေစီမီလန်ခေါ်ယူခဲ့ပြီး အသင်း၏အပြောင်းအလဲများအား ကျေနပ်မိသည်ဟု ဥက္ကဋ္ဌဖာလာနီဆို

ယခုနွေရာသီ (၈) ဦးမြောက်အဖြစ် မူဆက်ချ်အား အေစီမီလန်ခေါ်ယူခဲ့ပြီး အသင်း၏အပြောင်းအလဲများအား ကျေနပ်မိသည်ဟု ဥက္ကဋ္ဌဖာလာနီဆို
Photo : Getty Images
Photo : Getty Images
Published 30 July 2023

စီးရီးအေထိပ်သီးကလပ် အေစီမီလန်အသင်းသည် ယခုနွေရာသီအပြောင်းအရွှေ့ကာလ (၈)ဦးမြောက်ကစားသမားခေါ်ယူမှုအဖြစ် ဗလင်စီယာအသင်းမှ အမေရိကန်ကွင်းလယ်လူယူနက်စ်မူဆက်ချ်အားခေါ်ယူရန် သဘောတူညီမှုရရှိခဲ့ပြီဖြစ်ကြောင်း အီတလီမီဒီယာများက ဖော်ပြခဲ့ကြသည်။

အေစီမီလန်အသင်းသည် အသက် (၂၀)နှစ်အရွယ် မူဆက်ချ်အတွက် ပြောင်းရွှေ့ကြေး ယူရိုသန်း (၂၀)+Add-ons ပေးချေခဲ့ရပြီး လာမည့်ရက်သတ္တပတ်အတွင်း ဆေးစစ်မှုပြုလုပ်သွားမည်ဖြစ်ကာ၂၀၂၈ ခုနှစ်အထိ သက်တမ်းရှိမည့် (၅)နှစ်စာချုပ် ချုပ်ဆိုသွားမည်ဖြစ်ကြောင်း သိရသည်။

အာဆင်နယ်နှင့် ဗလင်စီယာလူငယ်အကယ်ဒမီများတွင်ကစားခဲ့သူ မူဆက်ချ်သည် ၂၀၂၀ ခုနှစ်တွင် ဗလင်စီယာအသင်းကြီးအတွက် စတင်ပွဲကစားခွင့်ရရှိခဲ့ပြီး အသင်းအတွက် (၃)ရာသီအတွင်း ပြိုင်ပွဲစုံ (၁၀၈)ပွဲအထိ ကစားပေးခဲ့သူဖြစ်သည်။ မူဆက်ချ်သည် အမေရိကန် လက်ရွေးစင်အသင်းအတွက်လည်း နိုင်ငံတကာပွဲ (၂၇) ပွဲအထိကစားပေးထားသူဖြစ်ပြီး ကွန်ကာကပ်ဖ်ဒေသ (မြောက်အမေရိကဇုန်) အနာဂတ်ကြယ်ပွင့်ကွင်းလယ်လူများထဲမှ တစ်ဦးအဖြစ် သတ်မှတ်ခံထားရသူဖြစ်သည်။

အေစီမီလန်အသင်းသည် ယခုနွေရာသီတွင် ကစားသမားခေါ်ယူများ ဆက်တိုက်ပြုလုပ်နေပြီး မူဆက်ချ်အပါအဝင် စပေါ်တယ်လို (ဂိုး)၊ လော့ဖ်တပ်ချိခ် (ကွင်းလယ်)၊ လူကာရိုမဲရိုး (ကွင်းလယ်)၊ ပူလီဆစ် (တောင်ပံ)၊ ရိုင်ဒါ (ကွင်းလယ်)၊ အိုကာဖော် (တိုက်စစ်)နှင့် ချူကွာဇီ (တိုက်စစ်)တို့ကို ခေါ်ယူထားပြီး စုစုပေါင်းပြောင်းရွှေ့ကြေးအသုံးစရိတ် ယူရိုသန်း (၁၁၀)အထိသုံးပြုထားကြောင်းသိရသည်။

ယင်းပမာဏမှာ အေစီမီလန်အသင်းအတွက် နောက်ဆုံး (၄)ရာသီအတွင်း ပြောင်းရွှေ့ကြေးအသုံးစရိတ် အများဆုံးဖြစ်ခဲ့သလို၊ ယခုနွေရာသီအပြောင်းအရွှေ့ကာလ စီးရီးအေပြိုင်ပွဲ၏ ငွေကြေးသုံးစွဲမှုအများဆုံးအသင်း ဖြစ်ခဲ့သည်။

ထို့ပြင် အေစီမီလန်အသင်း၏ လက်ရှိဈေးကွက်လှုပ်ရှားမှုများ၊ အသင်းတွင်းစီမံခန့်ခွဲမှုများ၊ အပြောင်းအလဲများအပြင် ပြီးခဲ့သည့်ရာသီများက ရယူနိုင်ခဲ့သည့် အောင်မြင်မှုများနှင့်ပတ်သက်ပြီး လက်ရှိအေစီမီလန်အသင်း ဥက္ကဋ္ဌ ဖြစ်သူ ဖာလာနီက ကျေနပ်အားရမိကြောင်းပြောကြားခဲ့သည်။

ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် နိုဝင်ဘာလက အေစီမီလန်အသင်း ဥက္ကဋ္ဌအဖြစ် စတင်တာဝန်ထမ်းဆောင်ခဲ့သူ ဖာလာနီက အသင်းအနေဖြင့် ပြီးခဲ့သည့် ဆယ်စုနှစ်အတွင်း ခက်ခဲသောအခြေအနေများမှ ရုန်းထလာနိုင်ခဲ့ပြီး လက်ရှိတွင် အလွန်ကောင်းမွန်သည့် လမ်းကြောင်းပေါ်တွင်ရှိနေကြောင်းနှင့် အသင်းအနေဖြင့် အရာအားလုံးကိုအကောင်းဆုံးလုပ်ဆောင်နိုင်ခဲ့ကြောင်း ပြောကြားခဲ့သည်။

ဖာလာနီက "အသင်းရဲ့ လက်ရှိအခြေအနေဟာ အလွန်ကောင်းမွန်တယ်လို့ ကျွန်တော်ပြောနိုင်ပါတယ်။ ဒီအသင်းဟာ ပြီးခဲ့တဲ့ ဆယ်စုနှစ်အတွင်း အခက်အခဲတွေကိုကြုံတွေ့ခဲ့ရပေမယ့် အကောင်းဆုံးကျော်ဖြတ်နိုင်ခဲ့ပါတယ်။ လာမယ့်ရာသီဟာ ကျွန်တော်တို့အတွက် အကောင်းဆုံးရာသီဖြစ်လာမယ်လို့ ထင်ပါတယ်" ဟု ပြောကြားခဲ့သည်။

အေစီမီလန်အသင်းသည် ယခုနွေရာသီတွင် အသင်းအားကစားဒါရိုက်တာ မာလ်ဒီနီအားရာထူးမှထုတ်ပယ်ခဲ့သလို၊ အသင်းအဓိကကွင်းလယ်လူ တိုနာလီကိုလည်း နယူးကာဆယ်အသင်းထံရောင်းချထားသည်။

Most Read

Most Recent