အတ္တလန်တာအသင်းမှ ဒိန်းမတ်တိုက်စစ်မှူး ဟွိုင်လန်းကို ပေါင် (၇၂)သန်းဖြင့် ခေါ်ယူရန် မန်ယူအသင်း သဘောတူညီမှုရရှိ

အတ္တလန်တာအသင်းမှ ဒိန်းမတ်တိုက်စစ်မှူး ဟွိုင်လန်းကို ပေါင် (၇၂)သန်းဖြင့် ခေါ်ယူရန် မန်ယူအသင်း သဘောတူညီမှုရရှိ
Photo : Getty Images
Photo : Getty Images
Published 30 July 2023

မန်ယူအသင်းသည် အတ္တလန်တာအသင်းမှ ဒိန်းမတ်တိုက်စစ်မှူး ဟွိုင်လန်းကို ပေါင်(၇၂)သန်းဖြင့် ခေါ်ယူရန် သဘောတူညီမှုရရှိခဲ့ပြီဖြစ်ကြောင်း သိရသည်။

မန်ယူအသင်းသည် ယခုနွေရာသီတွင် ချယ်လ်ဆီးကွင်းလယ်လူ မေဆန်မောင့်နှင့် အင်တာမီလန်ဂိုးသမား အိုနာနာတို့ကို ခေါ်ယူခဲ့ပြီးနောက် တတိယမြောက်ခေါ်ယူမှုအဖြစ် ဟွိုင်လန်းကို သဘောတူညီမှုရရှိခဲ့ခြင်းဖြစ်သည်။

မန်ယူနည်းပြ အဲရစ်တန်ဟက်ဂ်သည် တိုက်စစ်မှူးသစ် ခေါ်ယူအားဖြည့်ရန်စီစဉ်ရာတွင် စပါးအသင်းမှ အင်္ဂလန်တိုက်စစ်မှူး ဟာရီကိန်းကို ဦးစွာပစ်မှတ်ထားခဲ့သော်လည်း စပါးအသင်းက ပရီးမီးယား လိဂ်ပြိုင်ဘက်အသင်းထံ ပေါင်သန်း(၁၀၀)ထက်လျော့နည်းသည့် ပြောင်းရွှေ့ကြေးဖြင့် ရောင်းချလိုခြင်းမရှိသည့်အတွက် အတ္တလန်တာအသင်းမှ ဒိန်းမတ်လူငယ်ကြယ်ပွင့် ဟွိုင်လန်း (၂၀ နှစ်)ကို ဦးစားပေးပစ်မှတ်အဖြစ် ပြောင်းလဲသတ်မှတ်ခဲ့ခြင်းဖြစ်သည်။

သို့သော် အတ္တလန်တာအသင်းက အစောပိုင်းတွင် ဟွိုင်လန်းအတွက် ပြောင်းရွှေ့ကြေးကို ပေါင်(၈၆)သန်းအထိ အလိုရှိခဲ့ပြီး မန်ယူအသင်းကလည်း ပေါင်သန်း(၆၀)ထက် ပိုမသုံးလိုသောကြောင့် ဆွေးနွေးညှိနှိုင်းမှုများစွာ ပြုလုပ်ခဲ့ရပြီးမှ သဘောတူညီမှုရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မန်ယူအသင်းသည် ဟွိုင်လန်းအတွက် ကနဦးပြောင်း ရွှေ့ကြေးပေါင်(၆၄)သန်းနှင့် Add-ons ကြေး ပေါင်(၈)သန်းပေးချေရမည်ဖြစ်ပြီး ၂၀၂၈ ခုနှစ်အထိ (၅)နှစ်စာချုပ်ချုပ်ဆိုမည့်အပြင် တစ်နှစ်ထပ်မံသက်တမ်းတိုးနိုင်မည့် သဘောတူညီမှုလည်း ပါဝင်ကြောင်း သိရသည်။

အတ္တလန်တာအသင်းသည် ဟွိုင်လန်းကို ပြီးခဲ့သည့်နှစ် နွေရာသီကမှ သြစတြီးယားကလပ် စတမ်းဂရက်ဇ်အသင်းထံမှ ပေါင်(၁၅)သန်းဖြင့်သာ ခေါ်ယူခဲ့ခြင်းဖြစ်သည့်အတွက် တစ်နှစ်အတွင်း ပေါင်သန်း (၆၀)ဝန်းကျင် အမြတ်ထွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

သို့သော် မန်ယူအသင်းမှာလည်း ယခုနွေရာသီ ကစားသမား ခေါ်ယူမှုများတွင် တစ်ဖက်အသင်းတောင်းဆိုသည့် ပြောင်းရွှေ့ ကြေးထက် သက်သာအောင် စေ့စပ်ညှိနှိုင်းနိုင်ခဲ့သည့်အတွက် ချီးကျူးခံနေရကြောင်း သိရသည်။

မန်ယူအသင်း ချယ်လ်ဆီးအသင်း ပေါင်သန်း(၈၀)တောင်းဆိုခဲ့သည့် မေဆန်မောင့်ကို ပေါင်(၅၅)သန်း၊ အင်တာမီလန်အသင်း ပေါင်(၆၅)သန်းတောင်းဆိုခဲ့သည့် အိုနာနာကို ပေါင်(၄၃.၅)သန်း၊ အတ္တလန်တာအသင်း ပေါင်(၈၆)သန်းတောင်းဆိုခဲ့သည့် ဟွိုင်လန်းကို ပေါင်(၆၄)သန်းဖြင့် ခေါ်ယူနိုင်ခဲ့ခြင်းဖြစ်သည်။

မန်ယူအသင်းသည် နည်းပြ တန်ဟက်ဂ် ကိုင်တွယ်သည့် ကာလအတွင်း ကစားသမားသစ်ခေါ်ယူမှုအတွက် အပြောင်းအရွှေ့အသုံးစရိတ် ပေါင်သန်း(၄၀၀)ကျော် သုံးစွဲခဲ့ပြီဖြစ်ပြီး ဟွိုင်လန်းမှာ အန်တိုနီပြီးနောက် ဒုတိယတန်ဖိုးအကြီးဆုံး ကစားသမားအဖြစ် မှတ်တမ်းဝင်မည်ဖြစ်သလို၊ မန်ယူအသင်း၏ သမိုင်းတစ်လျှောက် စတုတ္ထမြောက် တန်ဖိုးအကြီးဆုံးကစားသမားအဖြစ် မှတ်တမ်းဝင်မည်ဟုလည်း သိရသည်။

မန်ယူအသင်းသည် သြဂုတ်(၅)တွင် လန်းစ်၊ သြဂုတ်(၆)တွင် ဘီလ်ဘာအိုနှင့် ရာသီကြိုခြေစမ်းပွဲနှစ်ပွဲ ယှဉ်ပြိုင်ကစားရန်ကျန်ရှိနေပြီး ယင်းပွဲများတွင် ဟွိုင်လန်း ပါဝင်လာနိုင်ဖွယ်ရှိကြောင်း သိရသည်။

Most Read

Most Recent