ဇယားထိပ်ဆုံးအသင်းသာ ရေပန်းအစားဆုံးဖြစ်ပြီး မိမိတို့လက်ထဲတွင်မရှိတော့ကြောင်း မန်စီးတီးအသင်းနည်းပြ ဂွါဒီယိုလာ ဝန်ခံ

ဇယားထိပ်ဆုံးအသင်းသာ ရေပန်းအစားဆုံးဖြစ်ပြီး မိမိတို့လက်ထဲတွင်မရှိတော့ကြောင်း မန်စီးတီးအသင်းနည်းပြ ဂွါဒီယိုလာ ဝန်ခံ
Photo: X
Photo: X
Published 1 April 2024

မန်စီးတီးအသင်းနည်းပြ ဂွါဒီယိုလာက အာဆင်နယ်အသင်းနှင့် သရေကျပြီးနောက် ဇယားထိပ်ဆုံးအသင်းသာ ရေပန်းအစားဆုံးဖြစ်ပြီး မိမိတို့လက်ထဲတွင်မရှိတော့ကြောင်း ဝန်ခံပြောကြားခဲ့သည်။

မတ် ၃၁ ရက်က ယှဉ်ပြိုင်ကစားသည့် ပရီးမီးယားလိဂ်ပွဲစဉ်တွင် မန်စီးတီးအသင်းအနေဖြင့် အာဆင်နယ်အသင်းအား ဘောလုံးပိုင်ဆိုင်မှု ၇၃ ရာခိုင်နှုန်းအထိ အသာစီးရယူ၍ ဖိအားပေးနိုင်ခဲ့သော်လည်း ဂိုးပေါက်တည့်သည့်ခြိမ်းခြောက်မှု တစ်ကြိမ်သာရှိခဲ့သလို ၂၀၂၁ ခုနှစ် အောက်တိုဘာနောက်ပိုင်း အီတီဟတ်ကွင်း၌ကစားသည့် အမှတ်ပေးပွဲများတွင် ဂိုးမသွင်းနိုင်သည့် ပထမဆုံးပွဲအဖြစ် မှတ်တမ်းဝင်ခဲ့သည်။

ယင်းပွဲရလဒ်ကြောင့် ၂၉ ပွဲစီကစားအပြီးတွင် လီဗာပူးလ်အသင်းက ၆၇ မှတ်ဖြင့် ဇယားထိပ်ဆုံးသို့ရောက်ရှိသွားပြီး အာဆင်နယ်အသင်းက ၆၅ မှတ်၊ မန်စီးတီးအသင်းက ၆၄ မှတ်ဖြင့် ရပ်တည်လျက်ရှိသည်။

သို့ဖြစ်ရာ ချန်ပီယံဆုအတွက် ရေပန်းစားမှုနှင့်ပတ်သက်၍ မေးမြန်းမှုအပေါ် ဂွါဒီယိုလာက ''ဟုတ်ပါတယ်။ ပထမနေရာက အသင်းကသာ ရေပန်းအစားဆုံးပါ။ အာဆင်နယ်က ဒုတိယနဲ့ ကျွန်တော်တို့က တတိယပေါ့။ အဲဒါက ကျွန်တော်တို့လက်ထဲမှာမရှိတော့ပါဘူး။ ကျွန်တော်တို့လုပ်နိုင်တာက အက်စတွန်ဗီလာနဲ့ကစားရမယ့် ပွဲအကြောင်း စဉ်းစားဖို့ပါပဲ။ ကျွန်တော်တို့ အရင်ကဖြစ်ခဲ့သလိုပဲ ခင်ဗျားက အမှတ်ပေးဇယားထိပ်ဆုံး ရောက်နေတဲ့အခါ ခင်ဗျားက ရေပန်းစားမှာ ပါ'' ဟု ဖြေကြားခဲ့သည်။

Most Read

Most Recent