ဘာစီလိုနာတွင် ကစားရန်မှာ မိမိ၏ ငယ်ဘဝအိပ်မက်ဖြစ်သည်ဟု ဂျော်အိုဖေးလစ် ဖွင့်ဟခဲ့ပြီး ၎င်း၏ကလပ် အက်သလက်တီကိုအသင်းမှ ယူရိုသန်း (၉၀)ဖြင့်ရောင်းချရန် စီစဉ်နေ

ဘာစီလိုနာတွင် ကစားရန်မှာ မိမိ၏ ငယ်ဘဝအိပ်မက်ဖြစ်သည်ဟု ဂျော်အိုဖေးလစ် ဖွင့်ဟခဲ့ပြီး ၎င်း၏ကလပ် အက်သလက်တီကိုအသင်းမှ ယူရိုသန်း (၉၀)ဖြင့်ရောင်းချရန် စီစဉ်နေ
Photo: Getty Images
Photo: Getty Images
Published 20 July 2023

အက်သလက်တီကိုအသင်း၏ ပေါ်တူဂီတောင်ပံကစားသမား ဂျော်အိုဖေးလစ်က စပိန်ထိပ်သီးကလပ် ဘာစီလိုနာအသင်းတွင်ကစားခွင့်ရရန်မှာ မိမိ၏ ငယ်ဘဝအိပ်မက်ဖြစ်ကြောင်း 90 min နှင့်တွေ့ဆုံမှုတွင် ဖြေကြားခဲ့သည်။

အသက် (၂၃)နှစ်အရွယ်ရှိ ဂျော်အိုဖေးလစ်သည် ၂၀၁၉ နွေရာသီအပြောင်းအရွှေ့က ပေါ်တူဂီကလပ် ဘင်ဖီကာအသင်းမှ အက်သလက်တီကိုအသင်းထံ ကလပ်စံချိန်တင်ပြောင်း ရွှေ့ကြေး ယူရို (၁၂၆)သန်းဖြင့်ပြောင်းရွှေ့ခဲ့သူဖြစ်ပြီး မက်ဒရစ်မြေတွင် ခြေ စွမ်းပြရန် ရုန်းကန်နေရသူဖြစ်သည်။

ဂျော်အိုဖေးလစ်သည် အက်သလက်တီကိုအသင်းအတွက် (၄)ရာသီအတွင်း ပြိုင်ပွဲစုံ (၁၃၁)ပွဲကစားရာတွင် (၃၄) ဂိုးသာ သွင်းယူနိုင်ခဲ့သလို၊ ပြီးခဲ့သည့် ၂၀၂၃ ဇန်နဝါရီအပြောင်းအရွှေ့တွင် ချယ်လ်ဆီးအသင်းထံရာသီဝက်အငှားစာချုပ်ဖြင့် သွားရောက်ကစားခဲ့သော်လည်း ခြေစွမ်းမပြနိုင်သောကြောင့် အက်သလက်တီကိုအသင်းနှင့် ပြန်လည်ပူးပေါင်းခဲ့ခြင်းဖြစ်သည်။

သို့သော် ဂျော်အိုဖေးလစ်သည် အက်သလက်တီကိုအသင်းနည်းပြ ဆီမြွန်နီ နှင့် ဆက်ဆံရေးအဆင်မပြေသောကြောင့် အသင်းမှထွက်ခွာရန်နီးစပ်နေပြီး ဘာစီလိုနာအသင်းနှင့်လည်း အပြောင်းအရွှေ့သတင်းများထွက်ပေါ်နေသူဖြစ်သည်။

ယင်းအခြေအနေနှင့်ပတ်သက်ပြီး ဂျော်အိုဖေးလစ်က ''ဘာစီလိုနာအတွက် ကစားပေးရမှာကို ကျွန်တော်နှစ်သက်ပါတယ်။ ဘာစီလိုနာဟာ အမြဲတမ်းကျွန်တော့်ရဲ့ပထမဆုံးရွေးချယ်မှုဖြစ်ပြီး ဘာစီလိုနာကို အမြဲပြောင်းရွှေ့ချင်ခဲ့ပါတယ်။ ဒါဟာ ကျွန်တော့်ရဲ့ ငယ်ဘဝအိပ်မက်ပါပဲ။ ဒီအခွင့်အရေးသာ ရခဲ့မယ်ဆိုရင်တော့ ကျွန်တော့်ရဲ့အိပ်မက်တွေ အမှန်တကယ်ဖြစ်လာတာပါပဲ'' ဟုပြောကြားခဲ့သည်။

အက်သလက်တီကိုအသင်းသည် ၂၀၁၉ Golden Boy ဆုရှင် ဂျော်အိုဖေးလစ်အား ယူရိုသန်း (၉၀) ဖြင့် ယခုနွေရာသီတွင် ရောင်းချသွားရန် စီစဉ်နေပြီး PSG အသင်းမှ စိတ်ဝင်စားနေကြောင်းသိရသည်။

 

Most Read

Most Recent