ဝက်ဂ်နာ၏ပုန်ကန်မှုက ယူကရိန်းစစ်ပွဲအပေါ် မည်သို့သက်ရောက်နိုင်သနည်း

ဝက်ဂ်နာ၏ပုန်ကန်မှုက ယူကရိန်းစစ်ပွဲအပေါ် မည်သို့သက်ရောက်နိုင်သနည်း
Published 26 June 2023
TRANSLATED- ဖြိုးဟိန်းကျော်

ဝက်ဂ်နာ ကြေးစားလက်နက်ကိုင်တပ်ဖွဲ့ခေါင်းဆောင် ယက်ဗ်ဂျီနီ ပရီဂိုဇင်က ရုရှားစစ်တပ်သည် ၎င်း၏တပ်ဖွဲ့ဝင်များကို ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်ခဲ့သည်ဟုဆိုကာ ပုန်ကန်ထကြွမှု လုပ်ဆောင်ခဲ့သည်။ ပရီဂိုဇင်က တရားမျှတမှုကို တောင်းဆိုခဲ့ပြီး ယင်းသည် လက်နက်ကိုင်ပုန်ကန်မှုကို ဖြစ်ပေါ်စေခဲ့သည်။

ပရီဂိုဇင်သည် ဘီလာရုစ်ခေါင်းဆောင်နှင့် ဆွေးနွေးမှုများ ပြုလုပ်ပြီးနောက် နောက်ကြောင်းပြန်မလှည့်မီတွင် ရုရှား၏ တောင်ပိုင်းစစ်ဒေသဌာနချုပ်ဖြစ်သော ရော့စတော့ဗ်မြို့ရှိ အဓိက စစ်ဖက်ဆိုင်ရာ အဆောက်အအုံများကို ဝက်ဂ်နာအုပ်စုက ထိန်းချုပ်ခဲ့သည်။ လက်ရှိတွင်မူ ပရီဂိုဇင်သည် ဘီလာရုစ်သို့ ရှောင်တိမ်းသွားသည်ဟု သတင်းထွက်ပေါ်နေပြီးသူနှင့် သူ၏တပ်ဖွဲ့ဝင်များသည် နောက်ဆက်တွဲ ဂယက်ရိုက်မှုများကို ရှောင်ရှားမည်ဖြစ်သည်။

စင်စစ်အားဖြင့် ဝက်ဂ်နာအုပ်စုနှင့် ရုရှားစစ်တပ်တို့အကြား ပေါ်ပေါ်ထင်ထင် ရန်လိုမှုများသည် အသစ်အဆန်းတော့ မဟုတ်ပေ။ ရုရှား-ယူကရိန်းစစ်ပွဲ စတင်ပြီးကတည်းကပင် နှစ်ဖက်အပြန်အလှန် ပုတ်ခတ်ပြောဆိုမှုနှင့် ရန်လိုသည့်လုပ်ရပ်အများအပြား ဖြစ်ပွားခဲ့သည်။

ဝက်ဂ်နာ၏ ပုန်ကန်ရန်ကြိုးပမ်းမှုသည် ရုရှားစစ်တပ်နှင့် ဝက်ဂ်နာအုပ်စုကို ယူကရိန်းတွင် ဖြန့်ကြက်ခဲ့ခြင်းနှင့် ၎င်းတို့၏လုပ်ရပ်များကို ကျောထောက်နောက်ခံပြုနေသည့် နိုင်ငံရေးစနစ်တို့ကြောင့်ပင်ဖြစ်သည်။

 

ယုတ္တိတန်သော ငြင်းချက်ထုတ်မှု

ရုရှားစစ်တပ်နှင့် ဝက်ဂ်နာအုပ်စုအကြား အနှောင်အဖွဲ့များသည် ယူကရိန်းစစ်ပွဲ စတင်ပြီးနောက်တွင် ပျက်ပြားလာခဲ့သည်။ ယင်းစစ်ပွဲမတိုင်မီက ဝက်ဂ်နာသည် ရုရှားနိုင်ငံ၏ အကျိုးစီးပွားများကို တရားဝင်မဟုတ်သည့် အခန်းကဏ္ဍမှ သယ်ပိုးခဲ့သည်။

ရုရှား၏အကျိုးစီးပွားနှင့် ပတ်သက်နေသော်လည်း တိုက်ရိုက်ပါဝင်ပတ်သက်လိုခြင်းမရှိသည့် ဆီးရီးယားနှင့် ဆူဒန်ကဲ့သို့ နိုင်ငံများတွင် ဝက်ဂ်နာအုပ်စုသည် ရုရှားအစိုးရ၏ ယုတ္တိတန်သော ငြင်းချက်ထုတ်မှုအတွက် အထောက်အပံ့ဖြစ်စေသည်။

ဥပမာဆိုရသော် ရုရှားသည် ၂၀၁၄ ခုနှစ်တွင် ခရိုင်းမီးယားကျွန်းဆွယ်ကို သိမ်းယူခဲ့စဉ်က ဝက်ဂ်နာ၏ အကူအညီကို ရယူခဲ့သည်။ ၂၀၁၄ ခုနှစ်က ယူကရိန်းအရှေ့ပိုင်း ဒွန်းဘတ်စ်ဒေသတွင်လည်း ရုရှားစစ်တပ်က ၎င်းတို့ပါဝင်ပတ်သက်မှုမရှိကြောင်း ငြင်းဆိုရန် ဝက်ဂ်နာအုပ်စုကို အသုံးချခဲ့သည်။ တစ်နည်းဆိုရသော် ရုရှားစစ်တပ်နှင့် ဝက်ဂ်နာတို့သည် ၎င်းတို့၏ရည်မှန်းချက်များအတွက် တစ်ဦးနှင့်တစ်ဦး အပြန်အလှန် ဖေးမကူညီနေခြင်းဖြစ်သည်။

သို့သော် ယူကရိန်းစစ်ပွဲသည် ၎င်းတို့ကြားက ဆက်ဆံရေးကို ပြောင်းလဲစေခဲ့သည်။ ယူကရိန်းတွင် အလျင်အမြန်အောင်ပွဲခံနိုင်လိမ့်မည်ဟု ရုရှားစစ်တပ်က မျှော်လင့်ခဲ့သော်လည်း စစ်ပွဲ၏အစောပိုင်း ကာလများ ကပင် အတားအဆီးပြဿနာများနှင့် ရင်ဆိုင်ခဲ့ရသည်။ ထိုပြဿနာများ ကြီးထွားလာခဲ့ရာ ရုရှားအနေဖြင့် ၎င်း၏စစ်ဆင်ရေးများကို တိုက်ရိုက်အကူအညီပေးရန် ဝက်ဂ်နာ ကြေးစားလက်နက်ကိုင်တပ်ဖွဲ့ကို စေလွှတ်ခဲ့ရသည်။

 

ယူကရိန်းစစ်ပွဲတွင် ရုရှားကိုကူညီနေ

စစ်ရေးအရဆိုလျှင် ဝက်ဂ်နာအုပ်စုကို ဖြန့်ကြက်ခြင်းဖြင့် ယူကရိန်း၌ ရုရှား၏စစ်ဆင်ရေးများကို တည်ငြိမ်အောင် လုပ်ဆောင်ရာတွင် အထောက်အပံ့ ဖြစ်စေခဲ့သည်။

၂၀၂၂ ခုနှစ်၌ ဝက်ဂ်နာအုပ်စုသည် ရုရှားစစ်တပ်မှ တပ်ဖွဲ့ဝင်အများစုကဲ့ သို့မဟုတ်ဘဲ အထူးလေ့ကျင့်ထားသော လက်နက်ကိုင်တပ်ဖွဲ့ဖြစ်သည်။ စင်စင်အားဖြင့် ဝက်ဂ်နာကြေးစားစစ်သားများသည် ဆီဗယ်ရို ဒိုးနက်တိုက်ပွဲကဲ့သို့ ယူကရိန်းစစ်မြေပြင်၌ ရုရှား၏အစောပိုင်း အောင်မြင်မှုအများအပြား၏ အကြောင်းရင်းဖြစ်သည်။

သို့သော် ယင်းစစ်ဆင်ရေးများတွင် ထိခိုက်ဆုံးရှုံးမှု မရှိခဲ့ခြင်းတော့ မဟုတ်ပေ။ ဝက်ဂ်နာအုပ်စုသည် စစ်ဆင်ရေးများတွင် အကျအဆုံးများပြားခဲ့သဖြင့် ၎င်းတို့၏ အစဉ်အလာ နည်းဗျူဟာများကို ဆက်လက်ကျင့် သုံးနိုင်ခြင်း မရှိတော့ပေ။ ယင်းအစား ဝက်ဂ်နာအုပ်စုသည် လျော့နည်းလာသည့် တပ်ဖွဲ့ဝင် အင်အားကို ပြန်လည်ဖြည့်တင်းရန် ရုရှားရှိ အကျဉ်းထောင်များမှ အပါအဝင် တပ်သားသစ်အလုံးအရင်း စုဆောင်းမှုကို လုပ် ဆောင်ခဲ့ရသည်။

ယင်းသည် ဝက်ဂ်နာနှင့် ရုရှားစစ်တပ်တို့ အကြား ရပ်တည်ချက်များကို ဝေ၀ါးစေခဲ့သည်။ ယခင်က ကွဲပြားခြားနားသည့် သြဇာနယ်ပယ်ရှိခဲ့သော ယင်းအဖွဲ့အစည်းနှစ်ရပ်သည် လက်ရှိတွင် သမားရိုးကျ တပ်များအဖြစ် လှုပ်ရှားလျက်ရှိသည်။

အခြေအနေ လိုအပ်ချက်အရ သြဇာနယ်ပယ်ချင်း ရောယှက်လာခြင်းသည် ရုရှားအတွက် သာလွန်ကောင်းမွန်သည့် အခြေအနေမျိုး မဟုတ်ပေ။

စင်စစ်အားဖြင့် ၎င်းတို့သည် ရုရှားနိုင်ငံရေးစနစ်၏ အစီအစဉ်တစ်ခုဖြစ်ပြီး ထို့အတွက်တာဝန်ရှိသည့် ပုဂ္ဂိုလ်တစ်ဦးမှာ သမ္မတ ဗလာဒီမာပူတင်ပင်ဖြစ်သည်။

 

ပူတင်၏သြဇာလွှမ်းမိုးမှု

လက်အောက်ငယ်သားများအကြား အငြင်းပွားမှုကို သမ္မတကသာလျှင် ကြားဝင်စေ့စပ်ပေးခွင့်ရှိသည်။ ယင်းသည် သမ္မတပူတင်၏ လက်အောက်ငယ်သားများအနေဖြင့် ၎င်းကိုစိန်ခေါ်နိုင်မည့် သြဇာအာဏာကို တည်ဆောက်နိုင်ခြင်း မပြုစေရန် ထိန်းချုပ်ကန့်သတ်မှု ဖြစ်သကဲ့သို့ ရုရှားနိုင်ငံရေး စနစ်တွင် ပူတင်၏ အရေးပါမှုကို ခိုင်မာအားကောင်းအောင် လုပ်ဆောင်မှုလည်းဖြစ်သည်။

ရုရှားနိုင်ငံရေးစနစ်၏ ယင်းသွင်ပြင်လက္ခဏာသည် ငြိမ်းချမ်းသောကာလတွင် အလွန်ထိရောက်မှုရှိပြီး ပူတင်၏ သြဇာအာဏာကို ထိန်းသိမ်းရန်ရည်ရွယ်သည်။ ဖြစ်လာဖွယ်ရှိသော ပဋိပက္ခ သို့မဟုတ် လုံးလုံးလျားလျား စစ်ပွဲကြီးဖြစ်ပွားနေချိန်တွင် လုပ်ငန်းတာဝန်များ ရောယှက်လာခြင်းသည် ဝန်ထုပ်ဝန်ပိုးတစ်ခု ဖြစ်လာစေနိုင်သည်။

ယူကရိန်းစစ်ပွဲ မဖြစ်ပွားမီက ပူတင်၏လက်အောက်မှ တာဝန်ရှိသူများသည် ယူကရိန်းစစ်တပ်နှင့် ရုရှားစစ်တပ်၏ စွမ်းဆောင်ရည်တို့နှင့် ပတ်သက်၍ ၎င်းကိုရှင်းလင်းတိကျစွာ အစီရင်ခံခဲ့ခြင်း မရှိသည်မှာ ပေါ်လွင် ထင်ရှားလာခဲ့သည်။

အားပြိုင်နေသည့် အုပ်စုနှစ်စုဖြစ်သည့် ရုရှားစစ်တပ်နှင့် အကူလက်နက်ကိုင် တပ်များအကြား စစ်ပွဲအတွင်း ပူးပေါင်းဆောင်ရွက်မှုများသည် မည်ကာမတ္တသာဖြစ်သည်။ အဆိုးဆုံးဖြစ်လာနိုင်သည့် အခြေအနေမှာ ၎င်း တင်းမာမှုများသည် ဝက်ဂ်နာအုပ်စုနှင့် ရုရှားစစ်တပ်တို့အကြား ကြုံတွေ့ရသကဲ့သို့ ပေါ်ပေါ်ထင်ထင် ပဋိပက္ခအသွင်သို့ ဦးတည်သွားနိုင်ခြင်းဖြစ်သည်။          

လက်ရှိတွင် ပူတင်အဖို့ မုန်တိုင်းထန်သည့် အခြေအနေမှ လွန်မြောက်ခဲ့ဖွယ်ရှိသည့် တိုင်ဝက်ဂ်နာအုပ်စုသည် ရုရှားအပေါ် ၎င်း၏အကူလက်နက်ကိုင်တပ်များအကြား မကျေနပ်ချက်များ တအုံနွေးနွေး ဖြစ်ပေါ်လာသည့် အထင်ရှားဆုံး ဥပမာတစ်ခုဖြစ်သည်။

 

ပူတင်အတွက် အရေးပေါ်ထွက်ပေါက်လော

တပ်ဖွဲ့ဝင်အင်အား ၁၂,၀၀၀ ရှိသည့် အကူလက်နက်ကိုင်တပ်ကို ကွပ်ကဲနေသည့် ချေချင်းခေါင်းဆောင် ရမ်ဇန် ကာဒီရော့ဗ်က ရုရှားစစ်တပ်နှင့် ၎င်း၏တပ်ဖွဲ့ဝင်များအကြား ပြဿနာများရှိနေကြောင်း ဖွင့်ဟပြောဆိုခဲ့ဖူး သည်။

ပူတင်အနေဖြင့် ပရီဂိုဇင်နှင့် ဝက်ဂ်နာအုပ်စု၏ ပုန်ကန်မှုကို ပြစ်တင်ရှုတ်ချရန် တိုင်းပြည်ကို အရေးပေါ်မိန့်ခွန်း ပြောကြားခဲ့စဉ်က ပရီဂိုဇင်ကို အမည်တပ်၍ ပြောဆိုခဲ့ခြင်းမရှိပေ။ ယင်းသည် ပရီဂိုဇင်၏ပုန်ကန်မှု အောင် မြင်ခြင်း သို့မဟုတ် ကျဆုံးခြင်းအပေါ်မူတည်၍ ရွေးချယ်စရာ နည်းလမ်းများကိုဆုံးဖြတ်ရန် ၎င်း၏နာမည်ကို တမင်တကာ ချန်လှပ်ခဲ့ခြင်းဖြစ်သည်။

အချိန်တိုတောင်းသည့် ၎င်းပုန်ကန်မှုသည် ယူကရိန်းစစ်ပွဲတွင် အလှည့်အပြောင်းတစ်ခုဖြစ်လာဖွယ် ရှိနေသေးသော်လည်း စစ်ပွဲကို မည်သို့မည်ပုံ အပြောင်းအလဲဖြစ်စေမည် ဆိုသည်မှာ ရေရေရာရာမရှိသေးပေ။

အချိန်ကြာညောင်းခဲ့သော် ထိုပုန်ကန်မှုသည် ပူတင်အား စစ်ပွဲကိုအဆုံးသတ်ကာ သိက္ခာဆယ်သည့် နည်းလမ်းတစ်ခုကို ပေးနိုင်ဖွယ်ရှိသည်။ ပူတင်အဖို့ ယူကရိန်းတွင် ရှုံးနိမ့်၍မရကြောင်းကို စစ်ပွဲစတင်ချိန်ကတည်းကပင် သိရှိထားပြီးဖြစ်သည်။

ပူတင်အနေဖြင့် ရည်မှန်းချက်မအောင်မြင်မှုအတွက် ဝက်ဂ်နာအုပ်စု သို့မဟုတ် ရုရှားအပေါ် ကျေနပ်မှုမရှိသည့် အခြားအကူ လက်နက်ကိုင်တပ်များအပေါ် အပြစ်ပုံချနိုင်မည်ဆိုလျှင် အရေးပေါ်ထွက်ပေါက်တစ်ခု ဖြစ်လာနိုင်သည်။

သို့သော် ပူတင်လက်အောက်တွင် အာဏာချိန်ညှိမှု အပြောင်းအလဲ ဖြစ်ပေါ်ဖွယ်ရှိနေဆဲဖြစ်သည်။ မည်သို့ဆိုစေ ပူတင်အဖို့ ၂၀၀၀ ခုနှစ် ရွေးကောက်ပွဲတွင် အနိုင်ရပြီးနောက်ပိုင်း ၎င်းအတွက် စိန်ခေါ်မှုအရှိဆုံး အခြေအနေတစ်ရပ်နှင့် ရင်ဆိုင်နေရသည့်တိုင် ၎င်း၏အာဏာချုပ်ကိုင်မှုကို လွယ်လင့်တကူ စွန့်လွှတ်လိမ့်မည် မဟုတ်ပေ။

ပူတင်သည် ၎င်း၏သြဇာအာဏာကို ဆက်လက်ထိန်းထားနိုင်ရန်အတွက် ရုရှားနိုင်ငံအပေါ် ကြီးစိုးမှုကို အခိုင်အမာပြန်လည် ပြသရန်ဖြစ်နိုင်ဖွယ် နည်းလမ်းမှန်သမျှကို စဉ်းစားသွားမည်ဖြစ်ပြီး ယူကရိန်းစစ်ပွဲ အတွက်လည်း တိုက်ရိုက်သက်ရောက်မှုများ ရှိလာပေလိမ့်မည်။        Ref: Asia Times

Most Read

Most Recent