စီးပွားရေးနာလန်ထမှု သဘာဝအမျိုးမျိုး

စီးပွားရေးနာလန်ထမှု သဘာဝအမျိုးမျိုး
Photo – Financial Times
Photo – Financial Times
Published 4 June 2023
 စောနိုင် (အသုံးချဘောဂဗေဒ)

ဘောဂဗေဒလေ့လာမှုတွင် အချိန်ကာလတစ်ခုအတွင်း စီးပွားရေးအခြေအနေ (စုစုပေါင်း ပြည်တွင်းထုတ်လုပ်မှု-ဂျီဒီပီ) အတက်အကျဖြစ်နေသည်ကို ရည်ညွှန်းသရုပ်ဖော်ထားသည့် စီးပွားရေးသံသရာဟူသော အယူအဆရှိသည်။ ဘိစနက်ဆိုက်ကယ် (Business Cycle) သို့မဟုတ် အီကော်နော်မစ်ဆိုက် ကယ် (Economic Cycle) ဟုခေါ်သည်။ စီးပွားရေးသံသရာ သရုပ်ဖော်ပုံကို လေ့လာရာတွင် စီးပွားရေး ဖြစ်ထွန်းတိုးတက်နေသည့်အခြေအနေ (Expansion)၊ အမြင့်ဆုံး အခြေအနေ (Peak)၊  စီးပွားရေး အခြေအနေ ကျုံ့လာသည့်အခြေအနေ (Contraction) နှင့် အနိမ့်ဆုံး အခြေအနေ (Trough) ဟူ၍ ဖြစ်စဉ်များကိုတွေ့ရသည်။  

စီးပွားရေးအတက်အကျကို ဖော်ပြနေသည့် စီးပွားရေးသံသရာ တစ်ခု၏ Expansion ဖြစ်စဉ်တွင် စီးပွားရေးပြန်လည်နာလန်ထလာသည့် အခြေအနေမှ စီးပွားရေး တိုးချဲ့ဖြစ်ထွန်းလာသည့်အခြေအနေများ ပါဝင်သည်။ အချိန်တစ်ချိန်တွင် ထိုအခြေအနေမှ စီးပွားရေးတိုးတက်မှု အမြင့်မားဆုံး အခြေအနေ (Peak) တစ်ရပ်သို့ရောက်ရှိလာမည်။ အမြင့်ဆုံးအခြေအနေသည် အချိန်ကာလတစ်ခုကြာအောင်

ဖြစ်ပေါ်ပြီးနောက် အတက်အကျသဘာဝအတိုင်း စီးပွားရေးအခြေအနေ ကျုံ့ခြင်းဖြစ်စေသည့် Contraction ဖြစ်စဉ်သို့ ရောက်ရှိလာမည်။ Contraction ဖြစ်စဉ်တွင် စီးပွားရေး ဆုတ်ယုတ်မှု၊ စီးပွားရေးပျက်ကပ်အခြေအနေများဖြစ်ပေါ်လာမည်။

အခြေအနေများသည်လည်း တဖြည်းဖြည်း အဆိုးရွားဆုံး စီးပွားရေး သို့မဟုတ် စီးပွားရေး အနိမ့်ဆုံး အမှတ် (Trough) သို့ ရောက်ရှိမည်။ ထိုအခြေအနေမှတစ်ဖန် စီးပွားရေး ပြန်လည်နာလန်ထသည့် အခြေအနေ၊ ပုံမှန်ကောင်းမွန်လာသည့် အခြေအနေ၊ အမြင့်ဆုံး အခြေအနေစသဖြင့် တစ်ကျော့ပြန် သံသရာလည်ဖြစ်လာမည်။ ထို့ကြောင့်  စီးပွားရေးအတက်အကျ အခြေအနေများကို စီးပွားရေး သံသရာဟု ခေါ်ကြခြင်းဖြစ်သည်။

Business Cycle ခေါ် စီးပွားရေးသံသရာ ယေဘုယျ ပုံသဏ္ဌာန်

စီးပွားရေးပြန်လည်နလန်ထမှု (Business Cycle) သည် စီးပွားရေးအဆိုးဆုံးအခြေအနေ သို့မဟုတ် အနိမ့်ဆုံးအမှတ် (Trough) အလွန်တွင်တွေ့ရသည်ဟု သရုပ်ဖော်ပုံအရ ပြောနိုင်သည်။

လက်တွေ့တွင်  အဆိုးရွားဆုံး စီးပွားရေး အခြေအနေဖြစ်ပေါ်နေရာမှ တိုးတက်မှုနှုန်း ပြန်လည်မြင့်တက်မှု စတင်ခဲ့သည့်အချိန်တွင် စီးပွားရေးနာလန်ထမှုဖြစ်ပေါ်လာသည် ဟု ဆိုရမည်။ 

စီးပွားရေးကျဆင်းမှု၊ ဆုတ်ယုတ်မှု၊ အဆိုးရွားဆုံးဖြစ်ပေါ်မှုတို့အလွန်တွင် စီးပွားရေးပြန်လည် နာလန်ထမှုအခြေအနေသည် အကြောင်းအမျိုးမျိုးပေါ်မူတည်၍  အချိန်ကာလရှည်လျားမှု၊ တိုတောင်းမှုဖြစ်တတ်သည်။ ထိုအခြေအနေများကိုထင်ဟပ်စေသည့် ကိန်းဂဏန်းအချက်အလက်များဖြင့်  အသုံးပြုရေးဆွဲထားသော ဂရပ်ပုံများသည်လည်း စီးပွားရေးဆုတ်ယုတ်မှု၊ ပြန်လည်နာလန်ထမှုတို့သည် အချိန်ကာလကြာမြင့်မှု အပေါ်မူတည်လျက် ကွဲပြားခြားနားသောပုံသဏ္ဌာန်များဖြစ်ပေါ်လာသည်ကို တွေ့ရသည်။ ဤသို့ဖြင့် စီးပွားရေးပြန်လည်နာလန်ထမှု ပုံသဏ္ဌာန်အမျိုးမျိုးဖြင့် စီးပွားရေး သံသရာဖြစ်စဉ်အသွင်သဏ္ဌာန်သည်လည်း စိတ်ဝင်စားဖွယ်ပြောင်းလဲဖြစ်ပေါ်နေပေသည်။ စီးပွားရေးပညာရှင်တို့ကမူ ထိုပုံသဏ္ဌာန်များကို အင်္ဂလိပ်အက္ခရာပုံသဏ္ဌာန်အချို့နှင့်သရုပ်ဖော်၍  ပြောဆိုလေ့ရှိကြသည်။

ကေ (K) - ပုံသဏ္ဌာန် စီးပွားရေး ပြန်လည်နာလန်ထမှု

ကေ (K)-ပုံသဏ္ဌာန်စီးပွား ရေးပြန်လည်နာလန်ထမှုသည် ကိုဗစ်ကပ်ရောဂါနှင့်အတူ ဖြစ်ပေါ်လာသော စီးပွားရေးပြန်လည်နာလန်ထနိုင်မှု၏ထူးခြားချက်ကို စီးပွားရေးပညာရှင်များ ရှုမြင်သော ပုံဖြစ်သည်။ ဤဖြစ်စဉ်တွင် အချို့သော စက်မှုလုပ်ငန်းများ (ဥပမာ အဆင့်မြင့်နည်း ပညာသုံးလုပ်ငန်းများနှင့် အီးကောမတ်စ်လုပ်ငန်းများ) သည်  ဆက်လက်လည်ပတ်နိုင်သော်လည်း၊ အချို့သော လုပ်ငန်းနယ်ပယ်များ (ဥပမာ-ခရီးသွားလုပ်ငန်း၊ ဝန်ဆောင်မှုနှင့် အနုပညာဖြေဖျော်မှု လုပ်ငန်းများ) မှာမူ အလွန်အမင်း နှေးကွေးနေခြင်း သို့မဟုတ် လုပ်ဆောင်ရန် မဖြစ်နိုင်သေးသည်ကို ရင်ဆိုင်နေရသော အခြေအနေမျိုးဖြစ်သည်။  စီးပွားရေးအုပ်စုအချို့အတွက် စီးပွားရေးပြန်လည်ကောင်းမွန်မှုများ ရှိနေသော်လည်း အခြားသောအုပ်စုများမှာမူ ဆက်လက်၍ စီးပွားရေးဆုတ်ယုတ်မှုကို ရင်ဆိုင်နေရသည့် အခြေအနေမျိုးဖြစ်သည်။ ထို့ကြောင့် ကေ -ပုံသဏ္ဍန်စီးပွားရေး ပြန်လည်နလန်ထမှုသည် ဆန့်ကျင်ဘက်အခြေအနေ နှစ်ခုကိုဖော်ပြနေသည့်သကဲ့သို့ရှိသည်။

 ဂရပ်ပုံသဏ္ဍန်အရ အလျင်အမြန် ပြန်လည်ဦးမော့လာသည့် အခြေအနေသည်  ဗွီ(V)- ပုံသဏ္ဌာန် အားဖြင့်လည်းကောင်း၊ သို့မဟုတ်  အနည်းငယ်နှေးကွေးလျက် ပြန်လည် နာလန်ထလာသည့် အခြေအနေသည် ယူ (U)- ပုံသဏ္ဌာန်အား ဖြင့်လည်းကောင်းရှိနေပြီး အခြားသောခက်ခဲမှုများကြောင့် ပြန်လည် နာလန်မထူနိုင်သေးဘဲ အခက်အခဲများ ဆက်လက်ရင်ဆိုင်နေသည့် အခြေအနေသည်လည်း အယ်လ် (L) ပုံသဏ္ဌာန်ပြန်လည်ဖြစ်နေသည်။ မတူညီသောအခြေအနေ နှစ်ရပ်သည် အင်္ဂလိပ်အက္ခရာ ကေ (K) ပုံသဏ္ဌာန်သဖွယ်ဖြစ်‌ပေါ်နေသည်ဟု ရှုမြင်ကြသည်။

အယ်လ် (L)- ပုံသဏ္ဌာန် စီးပွားရေး ပြန်လည်နာလန်ထမူ

အဆိုးဆုံးပုံစံမှာ အယ်လ် (L) - ပုံသဏ္ဌာန်စီးပွားရေးသည် အဆိုးရွားဆုံးစီးပွားရေးပြန်လည် နာလန်ထမှုတွင်  အဆိုးရွားဆုံးပုံသဏ္ဌာန်ဖြစ်သည်ဟုဆိုကြသည်။  အယ်လ်- ပုံသဏ္ဌာန်နှင့်ဆင်တူသည့် စီးပွားရေးနာလန်ထမှုသည် စီးပွားရေး ပြန်လည်နာလန်ထမှုဟု ခေါ်ထားသော်လည်း စီးပွားရေးပြန်လည် ကောင်းမွန်လာနိုင်သည့် အရိပ်အယောင် ကောင်းစွာမမြင်ရသေးသည့်အခြေအနေဖြစ်သည်။ စီးပွားရေးနာလန်ထမှု အချိန်ကာလကြာရှည်မှုကို ပြသနေသည်။ တစ်ခါတစ်ရံ စီးပွားရေးပျက်ကပ်ဟုပင် သတ်မှတ်ကြသည်ဟု သိရသည်။ မူလရှိခဲ့သော စီးပွားရေးအခြေအနေမျိုး ပြန်လည်ရရှိရန် နှစ်ပေါင်းများစွာ အချိန်ယူရပြီး အချို့စီးပွားရေးလုပ်ငန်းများ ပြန်လည်နာလန်ထနိုင်ရေးမှာ အချိန်အကန့်အသတ် မရှိပင် ဖြစ်သွားနိုင်သည်။    

ဗွီ (V) -ပုံသဏ္ဌာန် စီးပွားရေး ပြန်လည်နာလန်ထမှု

ဗွီ (V)- ပုံသဏ္ဌာန် စီးပွားရေး ပြန်လည်နာလန်ထမှုသည် အချိန်ကာလအတိုတောင်းဆုံး ဖြစ်သည်။ စီးပွားရေးကျဆင်းမှုသည် ရုတ် တရက်ဖြစ်ပေါ်တတ်ပြီး  အချိန်ကြာ မြင့်မှုလည်းမရှိပေ။  စီးပွားရေး အဆောက်အအုံသည် ချက်ချင်းပင် စီးပွားရေးပြန်လည်ကောင်းမွန်လာ ပြီး စီးပွားရေး ဆုတ်ယုတ်ကျဆင်းမှု မတိုင်ခင် အခြေအနေမျိုးကို ပြန် လည်ရောက်ရှိလာခြင်းဖြစ်သည်။ အစိုးရ၏ စီးပွားရေးမူဝါဒများက စီးပွားရေး ဆုတ်ယုတ်ကျဆင်းမှု အကျိုးသက်ရောက်မှုများကို ထိ ရောက် အောင်မြင်စွာ ကုသနိုင်သည်ကိုဖော်ပြနေသည်။ 

ယူ (U)-ပုံသဏ္ဌာန်စီးပွားရေး ပြန်လည်နာလန်ထမှု

ယူ (U)- ပုံသဏ္ဌာန်စီးပွားရေး ပြန်လည်နာလန်ထမှုသည် ဗွီ-ပုံသဏ္ဌာန်စီးပွားရေး ပြန်လည်နာလန်ထမှုကဲ့သို့ပင် ရုတ်တရက်စီးပွား ရေးကျဆင်းမှု ဖြစ်ပေါ်ပြီး စီးပွားရေး နာလန်ထူနိုင်ရန် အချိန်ကာလအတိုင်းအတာတစ်ခုအထိကြာတတ်သည်။ စီးပွားရေးကျဆင်းမှုသည် အလွန်အမင်းပြင်းထန်သည့် အခြေ အနေမျိုးမဟုတ်ပေ။ ပြည်တွင်း ထုတ်လုပ်မှု ဂျီဒီပီကဲ့သို့သော စီးပွားရေးအညွှန်းကိန်းများ အလွန်အမင်း ထိုးဆင်းသွားသည့် အခြေအနေ မရှိဘဲ အနည်းငယ်သာ ပြေပြေပြစ်ပြစ် ကျဆင်းနေခြင်းဖြစ်သည်။ အချိန်ပြည့်အလုပ်လုပ်ကိုင်သူ အတော်တော်များများမှာလည်း ဆက်လက်လုပ်ကိုင်နေသည့် အခြေအနေရှိတတ်သဖြင့် ထူးခြားသောအလုပ်လက်မဲ့ အခြေအနေတစ်ရပ်ကိုလည်း ဖော်ပြနေသည်ဟု စီးပွားရေးပညာရှင်အချို့ကဆိုကြသည်။ စီးပွားရေးပြန်လည်နာလန်ထမှုမှာ ပထမဦးစွာသင့်လျော်သည့်အခြေအနေဖြင့် အနေတော်ဖြစ်ပေါ်လာပြီးနောက် အရှိန်မြင့်တက်လာသည့် အခြေအနေမျိုး ရရှိလာတတ်သည်။

■ ဒဗလျူ (W)-ပုံသဏ္ဌာန်စီးပွားရေး ပြန်လည်နာလန်ထမှု

ဒဗလျူ (W)-ပုံသဏ္ဌာန်စီးပွားရေးပြန်လည်နာလန်ထမှုသည် နှစ်ထပ်ကွမ်းစီးပွားရေး ကျဆင်းမှုကို သရုပ်ဖော်ညွှန်းနေသည်။ စီးပွားရေး ဆုတ်ယုတ်ကျဆင်းမှုသည် ပထမဦးစွာ အချိန်တိုအတွင်း စီးပွားရေး ပြန်လည်ဦးမော့လာသည့် လက္ခဏာ အနည်းငယ်ပြလာသည်။ ထိုအခြေအနေကို ရုတ်တရက် ဗွီ-ပုံသဏ္ဌာန်စီးပွားရေး ပြန်လည်နာလန်ထမှုဟု ထင်မှတ်လိုက်ကြသည်။ သို့သော် မကြာမီ  စီးပွားရေးကျဆင်းကို ပြန်လည်ရင်ဆိုင်လိုက်ရသည်။ ထို့ကြောင့်  နှစ်ထပ်ကျဆင်းမှု ကျဆင်းမှုဟုဆိုကြခြင်းဖြစ်သည်။

နိုင်ငံတစ်နိုင်ငံသည် စီးပွားရေးကျဆင်းမှုကိုကုစားရန် ကျင့်သုံးလိုက်သော ဘဏ္ဍာရေးနှင့် ငွေကြေးမူဝါဒများသည် စီးပွားရေးကိုရုတ်တရက် ပြန်လည်ဦးမော့လာစေသော်လည်း အကျိုးသက်ရောက်မှုများသည် ကံဆိုးစွာဖြင့် စီးပွားရေးကို ပြန်လည် ထိခိုက်စေနိုင်သည့် အခြေအနေများ ဖြစ်လာခြင်းမျိုးလည်းရှိသည်။

တစ်ခါတစ်ရံတွင် ကမ္ဘာ့စီးပွားရေးပတ်ဝန်းကျင်အခြေအနေများကလည်း စီးပွားရေးဆုတ်ယုတ်မှုထဲ သို့ထပ်မံတွန်းပို့လိုက်သည့် အခြေအနေမျိုးလည်း ဖြစ်လာနိုင်ပေသည်။ 

 https://www.businessinsider.com/