ရုရှားက ဘီလာရုစ်ထံ နျူကလီးယားလက်နက်များ စတင်ရွှေ့ပြောင်းနေပြီဟု ဘီလာရုစ်သမ္မတ အလက်ဇန်းဒါးလူကာရှန်ကို ပြောကြား

ရုရှားက ဘီလာရုစ်ထံ နျူကလီးယားလက်နက်များ စတင်ရွှေ့ပြောင်းနေပြီဟု ဘီလာရုစ်သမ္မတ အလက်ဇန်းဒါးလူကာရှန်ကို ပြောကြား
မေလ ၂၅ ရက်က မော်စကိုမြို့၌ ကျင်းပသည့် Supreme Eurasian Economic Council အစည်းအဝေးကို လူကာရှင်ကို တက်ရောက်နေပုံ (Photo – AFP)
မေလ ၂၅ ရက်က မော်စကိုမြို့၌ ကျင်းပသည့် Supreme Eurasian Economic Council အစည်းအဝေးကို လူကာရှင်ကို တက်ရောက်နေပုံ (Photo – AFP)
Published 26 May 2023
Ref: AFP

နျူကလီးယားလက်နက်များ ရွှေ့ပြောင်းမည့် အစီအစဉ်များကို မတ်လတွင် ရုရှားသမ္မတ ဗလာဒီမာပူတင်က ကြေညာခဲ့ပြီးနောက် ရုရှားသည် ၎င်း၏အိမ်နီးချင်းလည်းဖြစ် မဟာမိတ်နိုင်ငံလည်းဖြစ်သော ဘီလာရုစ်ထံ နျူကလီးယားလက်နက်များ စတင်ရွှေ့ပြောင်းနေသည်ဟု မေလ ၂၅ ရက်တွင် ဘီလာရုစ်သမ္မတ အလက်ဇန်းဒါးလူကာရှန်ကိုက ပြောကြားသည်။

ဘီလာရုစ်ထံ နျူကလီးယားလက်နက်များ ပေးပို့နေခြင်းနှင့်စပ်လျဉ်း၍ ရုရှားဘက်မှ မှတ်ချက်စကားအသစ်များ ထွက်ပေါ်လာခြင်းမရှိပေ။

“နျူကလီးယားလက်နက်တွေ ရွှေ့ပြောင်းတာ စတင်နေပါတယ်”ဟု ရုရှားခရီးစဉ်အတွင်း လူကာရှန်ကိုက သတင်းထောက်များကို ပြောကြားသည်။

လူကာရှန်ကိုသည် ယူကရိန်း၊ ဥရောပသမဂ္ဂ(အီးယူ)၊ နေတိုးအဖွဲ့ဝင်နိုင်ငံများဖြစ်သော ပိုလန်၊ လစ်သူယေးနီးယားတို့နှင့် နယ်နိမိတ်ထိစပ်နေသော ၎င်း၏နယ်မြေကို ရုရှား၏ ယူကရိန်းထိုးစစ်အတွက် ခြေကုပ်နေရာအဖြစ် အသုံးပြုရန် ခွင့်ပြုထားသည်။

ဘီလာရုစ်နှင့် နယ်နိမိတ်ထိစပ်နေသော ဥရောပသမဂ္ဂ(အီးယူ)နှင့် နေတိုးတို့တွင် လက်နက်များ ချထားရန် ပူတင်၏ မတ်လ ၂၅ ရက်ကြေညာချက်ကို အနောက်အုပ်စုက ပြစ်တင်ရှုတ်ချလိုက်ပြီး ရုရှားကို အရေးယူ ပိတ်ဆို့မှုအသစ်များချမှတ်ရန် တောင်းဆိုထားကြသည်။

အနောက်နိုင်ငံများ၏ဝေဖန်မှုက အိမ်နီးချင်း ဘီလာရုစ်နိုင်ငံတွင် နည်းဗျူဟာ မြောက်နျူကလီးယားလက်နက်များ ဖြန့်ကြက်ရန် သမ္မတဗလာဒီမာပူတင် ကြေညာခဲ့သော အစီအစဉ်များကို ပြောင်းလဲစေလိမ့်မည်မဟုတ်ဟု မတ်လ ၂၇ ရက်တွင် ရုရှားအစိုးရပြောရေးဆိုခွင့်ရှိသူက ပြောကြားသည်။

အိမ်နီးချင်းဖြစ်သည့် မဟာမိတ်ဘီလာရုစ်နိုင်ငံတွင် နည်းဗျူဟာမြောက် နျူကလီးယားလက်နက်များ ဖြန့်ကြက်ချထားမည်ဟု ရုရှားသမ္မတဗလာဒီမာပူတင်က မတ်လ ၂၅ ရက်တွင် ပြောကြားခဲ့ရာ ယင်းသည် ဥရောပသမဂ္ဂ၏ ဝင်ပေါက်တွင်တည်ရှိသော ဘီလာရုစ်ကိုနျူကလီးယားလက်နက်များ ရောက်လာစေမည်ဖြစ်သည်။

“ဒါဟာ ထူးထူးခြားခြားမဟုတ်ပါဘူး။ အမေရိကန်ပြည်ထောင်စုဟာ ဒါကို လုပ်နေတာ ဆယ်စုနှစ်ချီရှိနေပါပြီ။ သူတို့ဟာ သူတို့ မဟာမိတ်တွေရဲ့နယ်မြေမှာ နည်းဗျူဟာမြောက်နျူကလီးယားလက်နက်တွေကို ချထားတာ ကြာပါပြီ”ဟု မတ်လ ၂၅ ရက်တွင် ပူတင်က ပြောကြားသည်။

ဘီလာရုစ်တွင် နျူကလီးယားလက်နက် များချထားမည့်အစီအစဉ်မှာ အမေရိကန်ပြည်ထောင်စုက ဘယ်လ်ဂျီယမ်၊ ဂျာမနီ၊ အီတလီ၊ နယ်သာလန်၊ တူရကီတို့ရှိအခြေစိုက်စခန်းများတွင် ယင်းသို့သော လက်နက်များ သိုလှောင်သည့် ပုံစံနှင့်ဆင်တူသည်ဟု ပူတင်က ပြောကြားခဲ့သည်။

ပူတင်ကနျူကလီးယားလက်နက်များ ရွှေ့ပြောင်းခြင်းနှင့်သက်ဆိုင်သော အမိန့်ကို ရေးထိုးခဲ့သည်ဟု မတ်လ ၂၅ ရက်တွင် ၎င်းထံ အကြောင်းကြားခဲ့ကြောင်း လူကာရှင်ကိုက ပြောကြားသည်။

ယခု လုပ်ရပ်သည် ဘီလာရုစ်ပြည်သူများ၏ အသက်များကိုသာမက ယူကရိန်းနှင့် ဥရောပတစ်ခုလုံးကို ခြိမ်းခြောက်မှုအသစ်ကိုလည်း ဖန်တီးပေးနေသည်ဟု ဘီလာရုစ်အတိုက်အခံခေါင်းဆောင် ဆဗီတလာနာ တစ်ခါနိုဗာဆကာယာက မေလ ၂၅ ရက်တွင် ပြောကြားသည်။

“ဒါဟာရုရှား နယ်ချဲ့ ရည်မှန်းချက်တွေအတွက် ဘီလာရုစ်သားတွေကို ဓားစာခံဖြစ်စေပါလိမ့်မယ်” ၎င်းက ဖြည့်စွက် ပြောကြားသည်။

ဧပြီ ၃ ရက်မှစပြီး ရုရှားသည် ဘီလာရုစ်အမှုထမ်းများကို သင်တန်းပေးမည်ဖြစ်ကာ ဇူလိုင် ၁၁ ရက်တွင် နည်းဗျူဟာမြောက် နျူကလီးယားလက်နက်များ သိုလှောင်သည့် အထူးသိုလှောင်ရုံတစ်ခု ဆောက်လုပ်မှုကို အပြီးသတ်ရန် စီစဉ်ထားပြီးဘီလာရုစ်ထံ နျူကလီးယားလက်နက်များ သယ်ဆောင်နိုင်သည့် Iskander စနစ်ကို ပေးအပ်ထားသည်ဟု ပူတင်က ပြောသည်။

Most Read

Most Recent