ရုရှားသည် ယူကရိန်းနိုင်ငံတွင် စစ်ရေးအောင်မြင်မှုရလိမ့်မဟုတ်ဟု အမေရိကန်ဗိုလ်ချုပ်ကြီး မာ့ခ်မီလေး ထုတ်ဖော်ပြောကြား

ရုရှားသည် ယူကရိန်းနိုင်ငံတွင် စစ်ရေးအောင်မြင်မှုရလိမ့်မဟုတ်ဟု အမေရိကန်ဗိုလ်ချုပ်ကြီး မာ့ခ်မီလေး ထုတ်ဖော်ပြောကြား
မေလ ၂၅ ရက်က ပင်တဂွန်တွင် ပြုလုပ်သောသတင်းစာရှင်းလင်းပွဲ၌ ဗိုလ်ချုပ်ကြီး မိုက်မီလေး ရှင်းလင်းပြောကြားနေသည်ကို တွေ့ရစဉ် (Photo - AFP)
မေလ ၂၅ ရက်က ပင်တဂွန်တွင် ပြုလုပ်သောသတင်းစာရှင်းလင်းပွဲ၌ ဗိုလ်ချုပ်ကြီး မိုက်မီလေး ရှင်းလင်းပြောကြားနေသည်ကို တွေ့ရစဉ် (Photo - AFP)
Published 26 May 2023
Ref: AFP

ရုရှားသည် ယူကရိန်းတွင် စစ်ရေးအောင်မြင်မှုကို ရရှိလိမ်မည်မဟုတ်ဟု အမေရိကန်ဗိုလ်ချုပ်ကြီး မာ့ခ်မီလီက မေလ ၂၅ ရက်တွင် ပြောကြားလိုက်ပြီး ယူကရိန်းကလည်း ရုရှားတပ်ဖွဲ့အားလုံးကို မကြာမီ မောင်းထုတ်နိုင်ဖွယ်ရာမရှိဟု သတိပေးပြောကြားခဲ့သည်။

ယူကရိန်းစစ်ပွဲသည် နှစ်ဖက်စလုံးက ပြတ်ပြတ်သားသား အနိုင်ရမည့်ပုံမရှိခြင်း၊ လတ်တလောတွင် လုပ်ဆောင်နေသော စေ့စပ်ဆွေးနွေးမှုများမရိိှခြင်းတို့နှင့်အတူ ယူကရိန်းစစ်ပွဲသည် အချိန်ကြာသွားရန် ရှိနေသည်ဟူသော ခန့်မှန်းချက်များကို ဗိုလ်ချုပ်ကြီးမီလေး၏ ပြောဆိုမှုများက ထင်သာမြင်သာဖြစ်စေသည်။

“စစ်ရေးအရ ဒီစစ်ပွဲကို ရုရှား နိုင်မှာမဟုတ်ပါဘူး။ အနိုင်မရနိုင်ပါဘူး”ဟု ယူကရိန်းကို ထောက်ပံ့ပေးနေသာ နိုင်ငံများနှင့် အွန်လိုင်းအစည်းအဝေးအပြီးတွင် မီလေးက သတင်းထောက်များကို ပြောကြားသည်။

ယူကရိန်းအစိုးရကို ဖြုတ်ချရေးအပါ ဝင် ရုရှား၏ မူလ မဟာဗျူဟာမြောက် ရည်မှန်းချက်များသည် စစ်ရေးအားဖြင့် အောင်မြင်နိုင်မည်မဟုတ်ကြောင်း၊ ၎င်းရည်မှန်းချက် များ ပြီးမြောက်မည်မဟုတ်ဟု မီလေးက ပြောကြားသည်။

တစ်ချိန်တည်းတွင် ယူကရိန်း၌ ရုရှားစစ်သားရာပေါင်းများစွာရှိနေရာ ယူကရိန်းက ၎င်း၏နယ်မြေအားလုံးကို မကြာမီ ပြန်လည်သိမ်းပိုက်ရေး ရည်မှန်းချက်သည် ဖြစ်နိုင်ဖွယ်ရာမရှိဟု ၎င်းက ပြောကြားသည်။

“ဒီတော့ စစ်ပွဲက ဆက်ဖြစ်နေပါလိမ့်မယ်။ သွေးထွက်သံယို ဖြစ်နေလိမ့်မယ်။ ခက်ခဲနေလိမ့်မယ်။ တစ်ချိန်ချိန်မှာ နှစ်ဖက်စလုံးဟာ စေ့စပ်ဆွေးနွေးတာမျိုးလုပ်ရင်လုပ် မလုပ်ရင် သူတို့ဟာ စစ်ရေးနိဂုံးဆီ ရောက်သွားကြပါလိမ့်မယ်”ဟု မီလေးက ပြောကြားသည်။

အမေရိကန်သည် ယူကရိန်းအတွက် နိုင်ငံတကာထောက်ပံ့မှုကို ဦးဆောင်ပြုလုပ်နေသော နိုင်ငံဖြစ်သည်။ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီ ၂၄ ရက်တွင် ရုရှားကျူးကျော်ခဲ့ပြီးနောက် ယူကရိန်းကိုထောက်ပံ့ရန် ညွှန့်ပေါင်းဖွဲ့ခဲ့ပြီး နိုင်ငံအများအပြားထံမှ ချိတ်ဆက်ကူညီမှုများကို အမေရိကန်က ဦးဆောင် ပြုလုပ်ပေးလျက်ရှိသည်။

စုစုပေါင်းအားဖြင့် ယူကရိန်းကို ပံ့ပိုးပေးသော နိုင်ငံများသည် ယူကရိန်းထံ လုံခြုံရေးအကူအညီ အမေရိကန်ဒေါ်လာ ၆၅ ဘီလျံ နီးပါး ပံ့ပိုးထားသည်ဟု အမေရိကန်နိုင်ငံခြားရေးဝန်ကြီးလွိုက်အော်စတင်က ပြောကြားသည်။

အက်ဖ်-၁၆ တိုက်လေယာဉ်များကို ယခင်က ယူကရိန်းထံ ပေးလိုခြင်းမရှိသော အမေရိကန်သည် အဆင့်မြင့် အက်ဖ်-၁၆ တိုက်လေယာဉ်များကို ပံ့ပိုးပေးမည်ဟု လွန် ခဲ့သော သီတင်းပတ်တွင် အိမ်ဖြူတော်က   ပြောကြားသည်။

ယူကရိန်းကို ထောက်ပံ့သော နိုင်ငံများက အက်ဖ်-၁၆ တိုက်လေယာဉ်အပါအဝင် စတုတ္ထမျိုးဆက်လေယာဉ်များနှင့်ပတ်သက်၍ ယူကရိန်းလေယာဉ်မှူးများကို သင်တန်းပေးရန် အစီအစဉ်များကို မေလ ၂၅ ရက်တွင် ဆွေးနွေးခဲ့ကြသည်ဟု အော်စတင်က ပြောကြားသည်။

ယူကရိန်းလေတပ်ကို တည်ဆောက်ခြင်းသည် ရေရှည်လုပ်ဆောင်ရမည့် ကိစ္စဖြစ်သည်ဟု မာ့ခ်မီလေးက ပြောကြားပြီး အချိန်အများအပြားပေးမည့် ကိစ္စဖြစ်သည်ဟုဆိုသည်။

Most Read

Most Recent