ယူကရိန်းကို ကျူးကျော်မှုနှင့်ပတ်သက်ပြီး ဂျပန်က ရုရှားအပေါ် ပိတ်ဆို့မှုအသစ်များ ကြေညာ

ယူကရိန်းကို ကျူးကျော်မှုနှင့်ပတ်သက်ပြီး ဂျပန်က ရုရှားအပေါ် ပိတ်ဆို့မှုအသစ်များ ကြေညာ
မေ ၅ ရက်က တိုကျိုမြို့တော်ရှိ ဂျပန်ဝန်ကြီးချုပ်ရုံးတွင် သတင်းစာရှင်းလင်းပွဲပြုလုပ်နေသည့် ဂျပန်အစိုးရ ပြောရေးဆိုခွင့်ရှိသူ ဟီရိုကာဇူ မတ်ဆူနိုကို တွေ့ရစဉ် (Photo – AFP)
မေ ၅ ရက်က တိုကျိုမြို့တော်ရှိ ဂျပန်ဝန်ကြီးချုပ်ရုံးတွင် သတင်းစာရှင်းလင်းပွဲပြုလုပ်နေသည့် ဂျပန်အစိုးရ ပြောရေးဆိုခွင့်ရှိသူ ဟီရိုကာဇူ မတ်ဆူနိုကို တွေ့ရစဉ် (Photo – AFP)
Published 26 May 2023
Ref: AFP

ယူကရိန်းကို ရုရှား၏ ကျူးကျော်မှုနှင့်ပတ်သက်ပြီး ဂျပန်က ရုရှားအပေါ် ပိတ်ဆို့မှုအသစ်များချမှတ်ကြောင်း မေ ၂၆ ရက်က ကြေညာခဲ့ပြီး ယင်း ပိတ်ဆို့မှုများသည် ဆောက်လုပ်ရေးနှင့် စက်မှုကဏ္ဍအပါအဝင် ရုရှားစစ်တပ်ကို ပစ်မှတ်ထားခဲ့သည်။

ရုရှားသည် ပြီးခဲ့သည့်နှစ် ဖေဖော်ဝါရီလက ယူကရိန်းနိုင်ငံအတွင်းသို့ ၎င်း၏တပ်ဖွဲ့များကို စေလွှတ်ခဲ့ပြီးနောက် ပိတ်ဆို့မှုများ ချမှတ်ခံခဲ့ရသော်လည်း  ရုရှားအစိုးရအပေါ် ပြင်းထန်သည့် အရေးယူမှုများ လုပ်ဆောင်ရန် ယူကရိန်းနှင့် ၎င်းမဟာမိတ်များ၏ တိုက်တွန်း မှုများမှာ မြင့်တက်ခဲ့သည်။

ဂျပန်၏ နောက်ဆုံး ပိတ်ဆို့မှုသည် ပြီးခဲ့သည့်သီတင်းပတ်က ဟီရိုရှီးမားမြို့တွင် ဂျပန်က အိမ်ရှင်အဖြစ်လက်ခံပြုလုပ်သည့် စက်မှုထိပ်သီး ခုနစ်နိုင်ငံ (ဂျီ-၇) အစည်းအဝေးအပြီးတွင် ကြေညာခဲ့ခြင်းဖြစ်သည်။

ယင်း ဂျီ-၇ အစည်းအဝေးတွင် အဖွဲ့ဝင်နိုင်ငံများမှ ခေါင်းဆောင်များသည် ရုရှားအား ၎င်း၏ စစ်ယန္တရားကို အထောက်အကူဖြစ်စေမည့် ဂျီ-၇ ၏ နည်းပညာ၊ စက်မှုပစ္စည်းနှင့် ဝန်ဆောင်မှုများကို ဖြတ်တောက်ရန် သဘောတူခဲ့ကြသည်။

ဂျပန်၏ ပိတ်ဆို့မှုအသစ်များထဲတွင် ရု ရှား၏ လူပုဂ္ဂိုလ် တစ်ဦးတစ်ယောက်ချင်းစီနှင့် အဖွဲ့များ၏ ပိုင်ဆိုင်မှုများကို ထိန်းချုပ်ခြင်း၊ ရုရှားစစ်တပ်နှင့် ဆက်နွှယ်သည့် အဖွဲ့အစည်းများထံသို့ ကုန်ပစ္စည်းများ တင်ပို့ရောင်းချမှုကို ပိတ်ပင်ခြင်းနှင့် ရုရှားထံသို့ ဆောက်လုပ်ရေးနှင့် စက်မှုဆိုင်ရာဝန်ဆောင်မှုများ တင်ပို့မှုကို ပိတ်ပင်ခြင်းတို့ ပါဝင်သည်ဟု ဂျပန်အစိုးရ၏ ပြောရေးဆိုခွင့်ရှိသူ ဟီရိုကာဇူ မတ်ဆူနိုက သတင်းထောက်များကို ပြောကြားခဲ့သည်။

ပိုင်ဆိုင်မှုများ ထိန်းချုပ်ခြင်းအတွက် ပစ်မှတ်ထားခံရသူများထဲတွင် ရုရှားစစ်တပ်မှ အဆင့်မြင့်အရာရှိများအပါအဝင် လူပုဂ္ဂိုလ် ၁၇ ဦးနှင့် အဖွဲ့အစည်း ၇၈ ခု ပါဝင်ခဲ့ပြီး ရုရှား မိုဘိုင်းဖုန်း အော်ပရေတာ Megafon အပါအဝင် အဖွဲ့အစည်း ၈၀ သည် ပို့ကုန်တားမြစ်ကန့်သတ်မှုများ ပြုလုပ်ခံခဲ့ရသည်ဟု ဂျပန်အစိုးရ၏ အဆိုအရ သိရသည်။

အမေရိကန်၊ ဗြိတိန်နှင့် ဥရောပသမဂ္ဂတို့သည် F-16 တိုက်လေယာဉ်များအပါအဝင် ယူကရိန်းကို စစ်ရေးအထောက်အပံ့များ ပိုမိုပေးအပ်မည်ဟု ကတိပြုခဲ့သည့်အပြင် မကြာသေးမီက ရုရှားကို ဆန့်ကျင်သည့် အရေးယူမှုအသစ်များကို ကြေညာခဲ့သည်။

ထို့ပြင် ဘီလာရုစ်နိုင်ငံတွင် နည်းဗျူဟာမြောက် နျူကလီးယားလက်နက်များ ဖြန့်ကြက်ချထားမည့် ရုရှား၏အစီအစဉ်ကိုလည်း မတ်ဆူနိုက ဝေဖန်ခဲ့သည်။

ဘီလာရုစ်ခေါင်းဆောင် အလက်ဇန်းဒါး လူကာရှန်ကိုကမူ ရုရှားသည် ၎င်း၏နယ်နိမိတ်အတွင်းသို့ နျူကလီးယားလက်နက်များ စတင်ရွှေ့ပြောင်းခဲ့ကြောင်း မေ ၂၅ ရက်က ပြောကြားခဲ့သည်။

ယင်းလုပ်ဆောင်မှုသည် အခြေအနေကို ပိုမိုဆိုးရွားလာစေလိမ့်မည်ဟု မတ်ဆူနိုကဆိုသည်။

“စစ်ပွဲကာလအတွင်း နျူကလီးယားဗုံးတွေ ကြဲချခံခဲ့ရတဲ့ တစ်ခုတည်းသောနိုင်ငံအနေနဲ့ပြောရမယ်ဆိုရင် ဂျပန်ဟာ ရုရှားရဲ့ နျူကလီးယားလက်နက်ခြိမ်းခြောက်မှုကို ဘယ်တော့မှ သည်းခံနိုင်မှာ မဟုတ်ပါဘူး။ အဲဒီလက်နက်တွေကို အသုံးပြုမယ်လို့ ရည်ညွှန်းပြောဆိုတာလည်း မလုပ်ရပါဘူးဟု မတ်ဆူနိုက ပြောကြားခဲ့သည်။

မေ ၂၄ ရက်ကလည်း ဂျပန်သည် ယူကရိန်းကို စစ်ဘက်သုံးယာဉ် အစီး ၁၀၀ ခန့် ထောက်ပံ့မည့် ၎င်း၏အစီအစဉ်ကို အထိန်းအမှတ်ပြုသည့်အနေဖြင့် အခမ်းအနားတစ်ခု ပြုလုပ်ခဲ့သည်။ ထို့ပြင် ဒဏ်ရာရရှိသည့် ယူကရိန်းစစ်သားများကို ဂျပန်စစ်ဆေးရုံတွင် ဆေးဝါးကုသပေးမည်ဟုလည်း ဂျပန်က ကမ်းလှမ်းခဲ့သည်။

Most Read

Most Recent