ဆိုက်ဘာရာဇဝတ်မှုများအတွက် မြောက်ကိုရီးယားကို အမေရိကန်က ဒဏ်ခတ်အရေးယူမှုအသစ်များချမှတ်

ဆိုက်ဘာရာဇဝတ်မှုများအတွက် မြောက်ကိုရီးယားကို အမေရိကန်က ဒဏ်ခတ်အရေးယူမှုအသစ်များချမှတ်
၂၀၁၈ ခုနှစ် ဇွန်လ ၁၂ ရက်က စင်ကာပူနိုင်ငံ ဆန်တိုဆာကျွန်းရှိ Capella ဟိုတယ်တွင် အမေရိကန်နှင့် မြောက်ကိုရီးယားအလံ လွှင့်ထူထားပုံကို တွေ့ရစဉ် (Photo – AFP)
၂၀၁၈ ခုနှစ် ဇွန်လ ၁၂ ရက်က စင်ကာပူနိုင်ငံ ဆန်တိုဆာကျွန်းရှိ Capella ဟိုတယ်တွင် အမေရိကန်နှင့် မြောက်ကိုရီးယားအလံ လွှင့်ထူထားပုံကို တွေ့ရစဉ် (Photo – AFP)
Published 25 May 2023
Ref: AFP

မြောက်ကိုရီးယား၏ လက်နက်အစီအစဉ်များအတွက် ငွေကြေးရှာဖွေရန် ဟက်ကာများကို အသုံးချနေသည်ဟုဆိုသော မြောက်ကိုရီးယားမှ အဖွဲ့အစည်းများကို အမေရိကန် အစိုးရက မေ ၂၃ ရက်တွင် ဒဏ်ခတ်အရေးယူမှုအသစ်များ ချမှတ်ကြေညာခဲ့သည်။

ကမ္ဘာလုံးဆိုင်ရာ ဘဏ္ဍာရေးအဖွဲ့အစည်းများနှင့် အခြားအဖွဲ့အစည်းများထံမှ ရန်ပုံငွေများကို မသမာသည့်နည်းဖြင့် ရယူနေသူများအပေါ် ပစ်မှတ်ထား ဒဏ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကင်က ကြေညာချက် ထုတ်ပြန်ခဲ့သည်။

မြောက်ကိုရီးယားသည် ၎င်း၏အစိုးရကို အထောက်အကူပေးရန်အတွက် မသမာသည့် ဆိုက်ဘာနည်းပညာဆိုင်ရာ လှုပ်ရှားမှုများလုပ်ဆောင်ရန် ပြည်ပသို့ ထောင်နှင့်ချီသည့် နည်းပညာလုပ်သားများကို စေလွှတ်ထားသည်ဟု အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာနကလည်း ကြေညာချက် ထုတ်ပြန်ခဲ့သည်။

Pyongyang University of Automation နှင့် ရုရှားနှင့် လာအိုနိုင်ငံသို့ အိုင်တီလုပ်သားများ စေလွှတ်မှုကို ထိန်းချုပ်ထားသည်ဟုဆိုသော ချင်ယုံ သတင်းအချက်အလက် နည်းပညာပူးပေါင်းဆောင်ရွက်မှုကုမ္ပဏီအပါအဝင် အဖွဲ့အစည်းလေးခုကို အမေရိကန်က ဒဏ်ခတ်အရေးယူခဲ့ခြင်းဖြစ်သည်။

နောက်ထပ်ဒဏ်ခတ်ပိတ်ဆို့ခံ အဖွဲ့အစည်းနှစ်ခုမှာ မြောက်ကိုရီးယား၏ ထိပ်တန်းထောက်လှမ်းရေးဌာန လက်အောက်ရှိ ဆိုက်ဘာနည်းဗျူဟာဌာနဖြစ်သည့် Technical Reconnaissance Bureau နှင့် တောင်ကိုရီးယားရှိ ပုဂ္ဂလိက ကာကွယ်ရေးကုမ္ပဏီများနှင့် မီဒီယာများကို ပစ်မှတ်ထား၍ ဆိုက်ဘာတိုက် ခိုက်မှုများ လုပ်ဆောင်နေသည့် အမှတ် ၁၁၀ သုတေသနစင်တာတို့ ပါဝင်ကြောင်း အမေရိကန်ဘဏ္ဍာရေးဝန်ကြီးဌာနက ဆိုသည်။

ထို့အပြင် ရုရှားအရှေ့ဖျားရှိ ဗလာဒီဗော့စတော့မြို့တွင် အခြေစိုက်ကာ နောက်ကွယ်မှ ကြိုးကိုင်ခြယ်လှယ်နေသည့် ကင်ဆန်မန်ဆိုသူကိုလည်း ဒဏ်ခတ်အရေးယူခဲ့သည်ဟုသိရသည်။

အဆိုပါ ဒဏ်ခတ်အရေးယူမှုများကို တောင်ကိုရီးယားအစိုးရနှင့် ပေါင်းစပ်ညှိနှိုင်း လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်ဟု ဘလင်ကင်က ဆိုသည်။

မြောက်ကိုရီးယားသည် အထူးသဖြင့် တရုတ်နှင့် ရုရှားအပါအဝင် ကမ္ဘာတစ်ဝန်း၌ ကျွမ်းကျင်အိုင်တီပညာရှင် ထောင်နှင့်ချီရှိသည့် လုပ်သားအင်အားကို ဖြန့်ကြက်ထားသည်ဟု အမေရိကန်က ပြောကြားခဲ့သည်။

၎င်းတို့သည်  ခိုးယူထားသော သက်သေခံအထောက်အထားများနှင့် ပရောက်စီအကောင့်များဖြင့် ပြည်ပကုမ္ပဏီများတွင် အလုပ်လျှောက်ထားခြင်းများ ပြုလုပ်ကာ တရားဝင်အလုပ်အကိုင်ကို အကာအကွယ်ယူလျက် အခြားလှုပ်ရှားများကို ဖုံးကွယ်လေ့ရှိသည်ဟု အမေရိကန်က ပြောကြားသည်။

မြောက်ကိုရီးယား ဟက်ကာများသည် ၂၀၂၂ ခုနှစ်တွင် ဒစ်ဂျစ်တယ်ငွေကြေး ခိုးယူမှုများကို ယခင်နှစ်များထက် ပိုမိုလုပ်ဆောင်လာခဲ့ပြီး ခန့်မှန်းတန်ဖိုးအားဖြင့် ဒေါ်လာ သန်း ၆၃၀ မှ ဒေါ်လာတစ်ဘီလျံကြား ရှိနိုင်သည်ဟု ကုလသမဂ္ဂ၏ အစီရင်ခံစာကိုကိုးကား၍ အမေရိကန်ဘဏ္ဍာရေးဝန်ကြီးဌာနက မတ်လတွင် ထုတ်ပြန်ခဲ့သည်။ ယင်းသည် ၂၀၂၁ ခုနှစ်တွင် မြောက်ကိုရီးယားက လုပ်ဆောင်ခဲ့သည့် ဆိုက်ဘာတိုက်ခိုက်မှုမှတစ်ဆင့် ခိုးယူခဲ့သည့်ပမာဏထက် နှစ်ဆမြင့်တက်လာသည်ဟု သိရသည်။

မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်ကို သရော်ထားသည့် The Interview ဟုအမည်ရသော ရုပ်ရှင်ဇာတ်ကားအတွက် လက်တုံ့ပြန်သည့်အနေဖြင့် ၂၀၁၄ ခုနှစ်တွင် Sony Pictures ကုမ္ပဏီကို ဆိုက်ဘာတိုက်ခိုက်ခဲ့ခြင်းကြောင့် မြောက်ကိုရီးယားဟက်ကာများကို လူသိများလာခဲ့သည်။ တောင်ကိုရီးယားကလည်း မြောက်ကိုရီးယားမှ လူပုဂ္ဂိုလ်ခုနစ်ဦးနှင့် အဖွဲ့အစည်းသုံးခုကို သီးခြားဒဏ်ခတ်ပိတ်ဆို့ခဲ့သည်။ 

Most Read

Most Recent