အပူပိုင်းဆိုင်ကလုန်းမုန်တိုင်းများကို ခြေရာခံရန် နာဆာက အသေးစားဂြိုဟ်တုနှစ်စင်း လွှတ်တင်

အပူပိုင်းဆိုင်ကလုန်းမုန်တိုင်းများကို ခြေရာခံရန် နာဆာက အသေးစားဂြိုဟ်တုနှစ်စင်း လွှတ်တင်
Photo: NASA
Photo: NASA
Published 8 May 2023
  Ref: AFP

ဖျက်အားပြင်းမုန်တိုင်းများနှင့် ပတ်သက်ပြီး မိုးလေဝသခန့်မှန်းချက်များကို ပိုမိုတိုးတက်စေနိုင်မည့် စီမံကိန်းတစ်ခုအဖြစ် အပူပိုင်းဆိုင်ကလုန်းမုန်တိုင်းများကို နာရီအလိုက် ခြေရာခံရန် အမေရိကန် အမျိုးသား လေကြောင်းနှင့် အာကာသအုပ်ချုပ်ရေးအဖွဲ့(နာဆာ)က မေ ၈ ရက်တွင် နယူးဇီလန်ရှိ စခန်းတစ်ခုမှ အသေးစားဂြိုဟ်တုနှစ်စင်းကို လွှတ်တင်ခဲ့သည်။

မုန်တိုင်းခြေရာခံ ဂြိုဟ်တုအသစ်နှစ်စင်းကို အမေရိကန်ကုမ္ပဏီ Rocket Lab က တည်ဆောက်ခဲ့သည့် ဒုံးပျံတစ်စင်းဖြင့် ပတ်လမ်းအတွင်း လွှတ်တင်ခဲ့ခြင်းဖြစ်ပြီး ယင်းဂြိုဟ်တုများသည် ဟာရီကိန်းမုန်တိုင်းများ သို့မဟုတ် ပစိဖိတ်တွင် တိုင်ဖွန်းမုန်တိုင်းများအပေါ်မှ တစ်နာရီလျှင် တစ်ကြိမ်ပျံသန်း နိုင်မည်ဖြစ်သည်။လက်ရှိ ဂြိုဟ်တုများသည် ခြောက်နာရီလျှင် တစ်ကြိမ်ပျံသန်းနေခြင်း ဖြစ်သည်။

ထို့ကြောင့် သုတေသနပညာရှင်များသည် မုန်တိုင်း၏ ပြောင်းလဲမှုကို နာရီအလိုက် မြင်တွေ့နိုင်လိမ့်မည်ဟု နာဆာ၏ သိပ္ပံပညာရှင် ဝီလ်မက်ကာတီက TROPICS မစ်ရှင်၏ ပထမဆုံး ဂြိုဟ်တုလွှတ်တင်မှုအတွက် ပြု လုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

“ကျွန်တော်တို့ ဒီထက်ပိုကြီးတဲ့ ဂြိုဟ်တုတွေ လိုအပ်နေဆဲဖြစ်ပါတယ်။ ဒီဂြိုဟ်တုတွေဆီက ကျွန်တော်တို့ ဘာတွေရနိုင်လဲဆိုတာကတော့ လက်ရှိကျွန်တော်တို့မှာ ရှိနေတဲ့ ဂြိုဟ်တုတွေဆီကရရှိတဲ့ အချက်အလက် တွေကို ပိုပြီးများပြားအောင် နောက်ထပ်အချက်အလက်တွေ ပေါင်းထည့်နိုင်စွမ်းဖြစ်ပါတယ်”ဟု ၎င်းက ပြောကြားခဲ့သည်။

Rocket Lab ကုမ္ပဏီက တည်ဆောက်ခဲ့သည့် ဒုတိယမြောက် ဒုံးပျံကို လာမည့် သီတင်းနှစ်ပတ်အတွင်း ဂြိုဟ်တုနှစ်စင်းဖြင့် ထပ်မံလွှတ်တင်ရန် စီစဉ်ထားပြီး မုန်တိုင်းခြေရာခံ ဂြိုဟ်တုလေးစင်း လွှတ်တင်မှုကို ပြီး စီးစေရန် လုပ်ဆောင်မည်ဖြစ်သည်။

မိုးရွာသွန်းမှု၊ အပူချိန်၊ စိုထိုင်းဆနှင့် ပတ်သက်သည့် အချက်အလက်များ စုဆောင်းရရှိမှုသည် သိပ္ပံပညာရှင်များအတွက် ဟာရီကိန်းမုန်တိုင်းတစ်ခုသည် မည်သည့်နေရာတွင် ကုန်းတွင်းပိုင်းဝင်ရောက်မည်နှင့် မည်မျှပြင်းထန်မည်ကို လေ့လာဆုံးဖြတ်ရာတွင် အထောက်အကူပြုနိုင်ပြီး ကမ်းရိုးတန်းဒေသများတွင် နေထိုင်သူများအား ဘေးကင်းရာရွှွေ့ပြောင်းမှုအတွက် ကြိုတင်ပြင်ဆင်မှုများကို ပိုမိုကောင်းမွန်စေရန် အကူအညီပေးရာရောက်မည် ဖြစ်သည်။

အမျိုးသား ဟာရီကိန်းစင်တာနဲ့ ပူးတွဲ တိုင်ဖွန်းသတိပေးရေးစင်တာလို အဖွဲ့အစည်းအများအပြားဟာ သူတို့ရဲ့ ခန့်မှန်းချက်တွေအတွက် မုန်တိုငးနဲ့ပတ်သက်တဲ့ ဓာတ်ပုံတွေကို လက်ခံရယူဖို့ အသင့်ရှိနေကြပါတယ်” ဟု နာဆာ၏ ပရိုဂရမ် အလုပ်အမှုဆောင် ဘန်ကင်က ပြောကြားခဲ့သည်။

ရေရှည်တွင် မုန်တိုင်း၏ ဖွဲ့စည်းမှုနှင့် ပြောင်းလဲမှုများကို ပိုမိုကောင်းမွန်စွာ နားလည်ခြင်းသည် ရာသီဥတုဆိုင်ရာစံများကို ပိုမိုတိုးတက်စေနိုင်မည်ဟု ဆိုသည်။

ယခင်က မုန်တိုင်းခြေရာခံဂြိုဟ်တုများကို ခြောက်စင်းအထိ လွှတ်တင်ရန် ရည်ရွယ်ခဲ့သော်လည်း ပြီးခဲ့သည့်နှစ်က အမေရိကန် Astra ဒုံးပျံသည် လွှတ်တင်ပြီးနောက် မကြာမီအချိန်အတွင်း ပျက်ကျခဲ့သဖြင့် ဂြိုဟ်တု နှစ်စင်းဆုံးရှုံးခြင်းဖြစ်သည်။

သမုဒ္ဒရာမျက်နှာပြင်များ ပူနွေးလာသဖြင့် ဟာရီကိန်း သို့မဟုတ် တိုင်ဖွန်းမုန်တိုင်းများသည် ပိုမိုအင်အားပြင်းထန်လာကြောင်း သိပ္ပံပညာရှင်များက ပြောကြားခဲ့သည်။

၂၀၂၂ ခုနှစ်က အမေရိကန်နိုင်ငံ ဖလော်ရီဒါပြည်နယ်တွင် တိုက်ခတ်ခဲ့သည့် ဟာရီကိန်း အီရင်ကြောင့် လူပေါင်းဒါဇင်ချီ သေဆုံးခဲ့ကာ ဆုံးရှုံးနစ်နာမှုတန်ဖိုး ဒေါ်လာ ၁၀၀ ဘီလျံကျော်ရှိခဲ့ဖြင့် ၂၀၂၂ ခုနှစ်၏ ပျက် စီးဆုံးရှုံးမှုတန်ဖိုး အများဆုံးဖြစ်စေသည့် မုန်တိုင်းတစ်ခုအဖြစ် မှတ်တမ်းဝင်ခဲ့သည်။

                                                       

Most Read

Most Recent