ကြိမ်ဒဏ်ပေးမှုနှင့် စီရင်ကွပ်မျက်မှုများကို အဆုံးသတ်ရန် ကုလသမဂ္ဂက တာလီဘန်အဖွဲ့ကို တိုက်တွန်း

ကြိမ်ဒဏ်ပေးမှုနှင့် စီရင်ကွပ်မျက်မှုများကို အဆုံးသတ်ရန် ကုလသမဂ္ဂက တာလီဘန်အဖွဲ့ကို တိုက်တွန်း
၂၀၂၂ ခုနှစ် ဒီဇင်ဘာ ၂၆ ရက်က အာဖဂန်နစ္စတန်နိုင်ငံ ကဘူးမြို့တော်၌ တာလီဘန်လက်နက်ကိုင်တစ်ဦးအနီးတွင် လမ်းလျှောက်နေသည့် အမျိုးသမီးတစ်ဦးကို တွေ့ရစဉ် (Photo: AP)
၂၀၂၂ ခုနှစ် ဒီဇင်ဘာ ၂၆ ရက်က အာဖဂန်နစ္စတန်နိုင်ငံ ကဘူးမြို့တော်၌ တာလီဘန်လက်နက်ကိုင်တစ်ဦးအနီးတွင် လမ်းလျှောက်နေသည့် အမျိုးသမီးတစ်ဦးကို တွေ့ရစဉ် (Photo: AP)
Published 8 May 2023
Ref: AP

အာဖဂန်နစ္စတန်တွင် တာလီဘန်တို့ အာဏာရလာပြီးကတည်းက လူမြင်ကွင်းတွင် စီရင်ကွပ်မျက်မှုများ၊ ကြိမ်ဒဏ်ပေးမှုများနှင့် ကျောက်ခဲဖြင့် ပစ်ပေါက်ပြီးသတ်ဖြတ်မှုများ လုပ်ဆောင်နေခြင်းအတွက် မေ ၈ ရက်က ကုလသမဂ္ဂ၏ အစီရင်ခံစာထဲတွင် တာလီဘန်အဖွဲ့ကို ပြင်းထန်စွာဝေဖန်ခဲ့ပြီး နိုင်ငံကို အုပ်ချုပ်သူများအနေဖြင့် အဆိုပါ လုပ်ဆောင်မှုများကို ရပ်တန့်ရန် တောင်းဆိုခဲ့သည်။

အာဖဂန်နစ္စတန်တွင် ပြီးခဲ့သည့် ခြောက်လအတွင်းမှာပင် အမျိုးသား ၂၇၄ ဦး၊ အမျိုးသမီး ၅၈ ဦး၊ ယောက်ကျားလေးနှစ်ဦးတို့သည် လူမြင်ကွင်းတွင် ကြိမ်ဒဏ်ပေးခံခဲ့ရသည်ဟု အာဖဂန်နစ္စတန်ဆိုင်ရာ ကုလသမဂ္ဂ ထောက်ကူရေးမစ်ရှင် (UNAMA)၏ ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။

ခန္ဓာကိုယ်ကို နာကျင်စေသည့် အပြစ်ပေးမှုပုံစံသည် ညှင်းပန်းနှိပ်စက်မှုကိုဆန့်ကျင်သည့် သဘောတူညီချက်ကို ချိုးဖောက်ခြင်းဖြစ်ပြီး ယင်းကို အဆုံးသတ်ရမည်ဟု ယင်းအေဂျင်စီ၏ အကြီးအကဲ ဖီအိုနာဖရေဇာက ပြောကြားခဲ့သည်။

ထို့ပြင် စီရင်ကွပ်မျက်မှုများကို ချက်ချင်းဆိုင်းငံ့ရမည်ဟုလည်း ၎င်းက တိုက်တွန်းခဲ့သည်။

ဖရေဇာ၏ ပြောကြားချက်ကို တာလီဘန်နိုင်ငံခြားရေးဝန်ကြီးဌာနက တုံ့ပြန်ရာတွင် အာဖဂန်နစ္စတန်၏ ဥပဒေများသည် အစ္စလာမ်မစ်ဥပဒေများ၊ လမ်းညွှန်ချက်များနှင့်အချီ ဆုံးဖြတ်ခြင်းဖြစ်ပြီး အာဖဂန်ပြည်သူ အများစုသည် ယင်းဥပဒေများကို လိုက်နာကြောင်း ပြောကြားခဲ့သည်။

လူ့အခွင့်အရေး ဥပဒေနှင့် အစ္စလာမ်မစ်ဥပဒေအကြား ၀ိရောဓိဖြစ်စေမည့် အခြေအနေမျိုးတွင် အစိုးရအနေနှင့် အစ္စလာမ်မစ်ဥပဒေကို လိုက်နာကျင့်သုံးကြောင်း တာလီဘန်နိုင်ငံခြားရေးဝန်ကြီးဌာနက အစီရင်ခံစာထဲတွင် ပြောကြားခဲ့သည်။

တာလီဘန်အဖွဲ့သည် လွန်ခဲ့သည့် နှစ်နှစ်နီးပါးက အာဏာရခဲ့ပြီးနောက် ၁၉၉၀ ပြည့်နှစ်ကာလများက ၎င်းတို့ အုပ်ချုပ်ခဲ့သည့် ပုံစံလောက် ပြင်းထန်မှုမရှိသည့် အုပ်ချုပ်မှုပုံစံကို ကျင့်သုံးသွားမည်ဟု အစောပိုင်းက ကတိပြုခဲ့သော်လည်း ပြင်းထန်သည့် အပြစ်ပေးမှုများကို စတင်လုပ်ဆောင်ခဲ့သည်။

တစ်ချိန်တည်းမှာပင် တာလီဘန်တို့သည် အမျိုးသမီးများကို ပန်းခြံများနှင့် အားကစားခန်းမများကဲ့သို့ အများပြည်သူပိုင်နေရာများကို သွားရောက်ခွင့် ပိတ်ပင်ကာ တားမြစ်ကန့်သတ်ချက်များကို တဖြည်းဖြည်း တင်း ကျပ်ခဲ့သည်။

ယင်းတားမြစ်ကန့်သတ်မှုများသည် နိုင်ငံတကာကို ဒေါသထွက်စေခဲ့ပြီး အာဖဂန်နစ္စတန်ကို ပိုမိုအထီးကျန်စေခဲ့ကာ နိုင်ငံ့စီးပွားရေးပြိုလဲခဲ့ပြီး လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်းကို ပိုမိုဆိုးရွားစေခဲ့သည်။

တာလီဘန်တို့ အာဏာရလာခဲ့ပြီး နောက်ပိုင်း ၂၀၂၁ ခုနှစ် အောက်တိုဘာလတွင် ကာပီဆာပြည်နယ်တွင် ပထမဆုံးအကြိမ်အဖြစ် လူမြင်ကွင်းတွင် ကြိမ်ဒဏ်ပေးမှု ပြုလုပ်ခဲ့သည်ဟု ကုလ၏အစီရင်ခံစာတွင် ဖော်ပြခဲ့သည်။

၂၀၂၂ ခုနှစ် ဒီဇင်ဘာလထဲတွင် ပထမဆုံးအကြိမ် လူမြင်ကွင်း၌ သေဒဏ်စီရင်ကွပ်မျက်မှုအဖြစ် လူသတ်မှုကျူးလွန်သူကို ကွပ်မျက်ခဲ့သည်ဟု အစီရင်ခံစာတွင် ဖော်ပြခဲ့သည်။ တာလီဘန်တို့သည် ၎င်းတို့၏ လက်နက်ကိုင် သောင်းကျန်းမှု အရှိန်အမြင့်ဆုံးဖြစ်သည့် ၂၀၁၀ ပြည်နှစ်မှ ၂၀၂၁ ခုနှစ်အကြား ၎င်းတို့၏ ကိုယ်ပိုင်ပြစ်ဒဏ်ချမှတ်မှုများ ပြုလုပ်ခဲ့ပြီး လူ ၂၁၃ ဦးသေဆုံးကာ ၆၄ ဦးဒဏ်ရာရခဲ့သည်ဟု UNAMA က ပြောကြားခဲ့သည်။

Most Read

Most Recent