သင်္ကြန်အပြီးမှာ ခေါင်းပြန်ထောင်လာတဲ့ ကိုဗစ်

သင်္ကြန်အပြီးမှာ ခေါင်းပြန်ထောင်လာတဲ့ ကိုဗစ်
ရန်ကုန်မြို့တွင် COVID-19 ရောဂါကာကွယ်ဆေး ထိုးနှံပေးနေသည်ကို ယခင်နှစ်က တွေ့ရစဉ်
ရန်ကုန်မြို့တွင် COVID-19 ရောဂါကာကွယ်ဆေး ထိုးနှံပေးနေသည်ကို ယခင်နှစ်က တွေ့ရစဉ်
Published 7 May 2023
ဇော်မင်းနိုင်

၂၀၁၉ ခုနှစ် ဒီဇင်ဘာလဆန်းက တရုတ်နိုင်ငံ ဝူဟန်မြို့တွင် စတင်တွေ့ရှိခဲ့သည့် ကိုဗစ် ခေါ် ကိုရိုနာဗိုင်းရပ်စ်မှာ ၂၀၂၀ ပြည့်နှစ် မတ် ၁၁ ရက်တွင် ကမ္ဘာ့ကပ်ရောဂါအဖြစ် သတ် မှတ်ခံခဲ့ရသည်။

၂၀၂၁ ခုနှစ်က မြန်မာနိုင်ငံတွင် တတိယ ကိုဗစ်လှိုင်း ဖြစ်ပွားခဲ့ပြီးနောက် ကာလကြာ ငြိမ်သက်နေသည့် COVID-19 ကူးစက်မှုမှာ နှစ်နှစ်ကျော်အကြာ ၂၀၂၃ ခုနှစ် သင်္ကြန် ကာလနောက်ပိုင်းတွင် တဖြည်းဖြည်းမြင့်တက် လာသည်ဟု ဆိုရမည်ဖြစ်သည်။

သင်္ကြန်ကာလနောက်ပိုင်းတွင် နေ့စဉ်ကို ဗစ်ပိုးတွေ့ရှိမှုမှာ ၁၀၀ ကျော်သို့ တဖြည်းဖြည်း ရောက်ရှိလာခဲ့သည်ဟု သိရသည်။

တစ်ရက်ထက်တစ်ရက် ပိုမြင့်လာတဲ့ ကိုဗစ်ကူးစက်မှု

COVID-19 ကူးစက်မှုများမှာ ဧပြီလအစော ပိုင်းတွင် ကူးစက်မှု နေ့စဉ် လူ ၁၀၀ အောက်သာရှိရာမှ ဧပြီလလယ်ပိုင်းမှ စတင် ကာ နေ့စဉ် ကူးစက်မှု မြင့်တက်ခဲ့သည်။

ဧပြီ ၁ ရက်မှ မေ ၁ ရက်အထိ အိုမီခရွန် ဗီဇပြောင်းမျိုးကွဲအသစ် ကူးစက်ခံရသူ ၉၀၃ ဦးရှိပြီး ရန်ကုန်တိုင်းတွင် ကူးစက်ခံရသူ နှစ်ဦး သေဆုံးခဲ့သည်။

ဧပြီတစ်လအတွင်း ဧပြီ ၂၉ ရက်တွင် ရောဂါပိုးတွေ့ရှိသူ ၁၃၀၊ ကူးစက်မှုနှုန်း ၁ ဒသမ ၁၄ ရာခိုင်နှုန်းအထိ အမြင့်မားဆုံး ကူးစက်မှု ဖြစ်ပေါ်ခဲ့သည်ကို တွေ့ရှိခဲ့ရပြီး ကျန်သည့်ရက်များ၌ ကူးစက်မှုနှုန်းသည် တစ်-ရာခိုင်နှုန်းအောက်သာ ရှိခဲ့သည်။

သို့သော် မေလအစောပိုင်းမှစတင်ကာ နေ့စဉ်ကူးစက်မှု လူ ၁၀၀ အထက်သို့ ရောက် ရှိလာခဲ့သည်။

မေ ၁ ရက်တွင် ရောဂါ ဓာတ်ခွဲအတည် ပြုလူနာသစ် ၁၀၆ ဦး၊ မေ ၂ ရက်တွင် ဓာတ်ခွဲ အတည်ပြုလူနာသစ် ၁၁၉ ဦး၊ မေ ၃ ရက်တွင် ဓာတ်ခွဲအတည်ပြု လူနာသစ် ၁၅၅ ဦး တွေ့ရှိ ခဲ့သည်ဟု ကျန်းမာရေးဝန်ကြီးဌာန၏ ထုတ် ပြန်ချက်အရ သိရသည်။

ယခုဆောင်းပါးရေးသားချိန်အထိ မေ လအတွင်း ကူးစက်မှုအများဆုံးမှာ မေ ၅ ရက် ဖြစ်သည်။ မေ ၅ ရက်တွင် ထုတ်ပြန်သည့် ကျန်းမာရေးဝန်ကြီးဌာန၏ ကြေညာချက်အရ ဓာတ်ခွဲနမူနာစုစုပေါင်း ၁၀၈၃၉ ခု စစ်ဆေး ပြီးစီးခဲ့ရာ COVID-19  ရောဂါ ဓာတ်ခွဲအ တည်ပြုလူနာသစ် ၁၉၅ ဦး တွေ့ရှိရပြီး ရာခိုင် နှုန်းအားဖြင့် ၁ ဒသမ ၈ ရာခိုင်နှုန်းရှိခဲ့သည်။

ကူးစက်ခံရသူအများဆုံးဒေသတွင် ရန် ကုန်တိုင်းမှ  ဦးဆောင်နေပြီး ရောဂါပိုးတွေ့ရှိ သူ စုစုပေါင်း၏ ရာခိုင်နှုန်း ၅၀ ခန့်အထိရှိ နေသည်။ မေ ၁ ရက်တွင် အတည်ပြုလူနာ ၁၀၆ ဦးအနက် ရန်ကုန်တိုင်းမှ ၅၈ ဦး၊ မေ ၂ ရက်တွင် အတည်ပြုလူနာ ၁၁၉ ဦးအနက် ရန်ကုန်တိုင်းမှ ၆၂ ဦး၊ မေ ၃ ရက်တွင် အတည် ပြုလူနာ ၁၅၅ ဦးအနက် ရန်ကုန်တိုင်းမှ ၉၈ ဦးအထိ ပါဝင်ခဲ့ကြောင်း ကျန်းမာရေးဝန်ကြီး ဌာနက ထုတ်ပြန်သည်။

မြန်မာနိုင်ငံတွင် လက်ရှိအချိန်အထိ ကိုဗစ်ကူးစက်ခံရသူ မေ ၅ ရက်အထိ စာရင်း အရ ခြောက်သိန်း သုံးသောင်းကျော်အထိရှိနေ သည်။

ယခင် ကိုဗစ်ပိုးတွေထက် ကူးစက်မှု ၁ ဒသမ ၂၇ ဆ ပိုမြန်တဲ့ ဗီဇပြောင်းကိုဗစ်ပိုး

သင်္ကြန်ကာလနောက်ပိုင်းတွင် တွေ့ရှိခဲ့ သည့် ကိုဗစ်ပိုးမှာ ကူးစက်မြန်ဗီဇပြောင်း ကိုဗစ်ပိုးဖြစ်သည်။

COVID-19 ရောဂါပိုးတွေ့ရှိသူများ၏ ဓာတ်ခွဲနမူနာများအနက် COVID-19 မျိုးရိုး ဗီဇပြောင်းရောဂါ ပိုးတွေ့ရှိနိုင်သည့် သံသယ ဖြစ်ဖွယ် ဓာတ်ခွဲနမူနာ ၂၂ ခုကို ဆေးသုတေ သနဦးစီးဌာနတွင် မျိုးရိုးဗီဇစစ်ဆေးခြင်း ဆောင်ရွက်ခဲ့ရာ ဧပြီ ၂၉ ရက်တွင် SARS-CoV-2 Variant Omicron

 (အိုမီခရွန်) မျိုးရိုး ဗီဇပြောင်းရောဂါပိုး XBB.1.9.1 ကို ဓာတ်ခွဲ နမူနာရှစ်ခုတွင်လည်းကောင်း၊ XBB.1.16 ကို ဓာတ်ခွဲနမူနာ ရှစ်ခုတွင်လည်းကောင်း၊ XBB.2.3 ကို ဓာတ်ခွဲနမူနာနှစ်ခုတွင်လည်း ကောင်း၊  XBB.1.9.2 ကို ဓာတ်ခွဲနမူနာ တစ် ခုတွင်လည်းကောင်း၊  XBB.1.5ကို ဓာတ်ခွဲ နမူနာတစ်ခုတွင်လည်းကောင်း၊ XBB.1 ကို ဓာတ်ခွဲနမူနာ တစ်ခုတွင်လည်းကောင်း၊ BA.2.75 ကို ဓာတ်ခွဲနမူနာတစ်ခုတွင်လည်း ကောင်း အသီးသီးတွေ့ရှိရသည်ဟု ဝန်ကြီး ဌာနက ထုတ်ပြန်သည်။

မြန်မာနိုင်ငံတွင် တွေ့ရှိရသော XBB. 1.16 ရှစ်ဦးအနက် တစ်ဦးမှာ ပြည်ပမှမြန်မာ နိုင်ငံသို့ ပြန်လည်ရောက်ရှိလာသူဖြစ်ပြီး ကျန်ခုနစ်ဦးသည် ပြည်တွင်းကူးစက်မှုများမှ တွေ့ရှိရခြင်းဖြစ်ကြောင်း၊ ယခုတွေ့ရှိရသည့် မျိုးရိုးဗီဇပြောင်း ရောဂါပိုးများဖြစ်သည့် XBB.1I XBB.1.5? XBB.1.9.1? XBB.1.9.21 XBB.2.31 BA.2.75 တို့မှာလည်း ကမ္ဘာ့ နိုင်ငံများတွင် ယခင်ကပင် ကူးစက်ပြန့်ပွား လျက်ရှိသော မျိုးရိုးဗီဇပြောင်းရောဂါပိုးများ ဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။

အဆိုပါလူနာများအား COVID-19 ရောဂါပိုး ဓာတ်ခွဲအတည်ပြုခဲ့စဉ်ကပင် သတ် မှတ်ရက်အတိုင်း စနစ်တကျသီးခြားထားရှိ ကုသ မှုပေးခဲ့ပြီး ကျန်းမာရေးအခြေအနေများ မှာ ကောင်းမွန်လျက်ရှိသည်ဟု ဝန်ကြီးဌာနက ထုတ်ပြန်သည်။

COVID-19 ရောဂါ မျိုးရိုးဗီဇပြောင်း ရောဂါပိုး စောင့်ကြပ်ကြည့်ရှုခြင်း လုပ်ငန်းစဉ် များနှင့် COVID-19 ရောဂါ ကာကွယ်ထိန်း ချုပ်၊ ကုသခြင်းလုပ်ငန်းများကို ပိုမိုအရှိန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် ၂၀၂၃ ခုနှစ် ဧပြီလ ဆန်းမှစ၍ COVID-19 ရောဂါ ပြည်တွင်းကူး စက်ဖြစ်ပွားမှု အနည်းငယ်မြင့်တက်လာခဲ့ ကြောင်း၊ COVID-19 ရောဂါ မျိုးရိုးဗီဇပြောင်း ရောဂါပိုး XBB. 1.16 သည် ကူးစက်ဖြစ်ပွားမှု အားဖြင့် ယခင်တွေ့ရှိခဲ့သည့် မျိုးရိုးဗီဇပြောင်း ရောဂါပိုးများထက်  ၁ ဒသမ ၂၇ ဆအထိ ပိုမို မြန်ဆန်သော်လည်း ရောဂါပြင်းထန်မှု၊ ဆေးရုံတက်ရောက် ကုသခံယူရမှုနှင့် သေဆုံး မှု ပိုမိုမြင့်မားခြင်းမရှိကြောင်း၊ ကုသမှုတွင် လည်း လက်ရှိအသုံးပြုလျက်ရှိသော ဗိုင်းရပ်စ် ကုသဆေးဝါးများဖြင့် ကုသမှုပေးနိုင်ကြောင်း၊ ရောဂါကာကွယ်ရေးအတွက်လည်း မြန်မာ နိုင်ငံ၌ လက်ရှိအသုံးပြုလျက်ရှိသည့် COVID-19 ရောဂါကာကွယ်ဆေးများသည် ထိ ရောက်မှုရှိပြီး ထပ်ဆောင်းကာကွယ်ဆေး ထိုးနှံခြင်းဖြင့် ရောဂါကူးစက်ဖြစ်ပွားမှု၊ ရောဂါ ပြင်းထန်မှု၊ ရောဂါကြောင့် သေဆုံးမှုတို့ကို လျှော့ချနိုင်သည်ကို တွေ့ရှိရကြောင်း ကျန်း မာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

ကူးစက်မှုမြန်သော်လည်း ရောဂါပြင်းထန်မှုမရှိသည့် ဗီဇပြောင်းကိုဗစ်

ပြည်တွင်းကူးစက်မှုများပါ ဖြစ်ပွားလာ နေသည့် ဗီဇပြောင်းကိုဗစ်မှာ ယခင်ကိုဗစ် လှိုင်းများတွင် ကူးစက်ခဲ့သည့် ရောဂါပိုးထက်  ပြင်းထန်သည့်လက္ခဏာမရှိကြောင်း သိရ သည်။

ယခုကူးစက်နေသည့် ဗီဇပြောင်း ကိုဗစ် ပိုးမှာ ထူးခြားချက်အနေဖြင့် ရောဂါပိုးတွေ့ ရှိသူ အများစုတွင် မျက်စိနာခြင်း၊ နားကိုက် ခြင်းများ ဖြစ်ပေါ်ကြသည်ကိုတွေ့ရှိရသည်ဟု ကျန်းမာရေးဝန်ဆောင်မှု ပေးသူများ၏ ပြော ကြားချက်များအရ သိရသည်။

“အခုက ရာသီဥတုကလည်းပူတော့ ဖျားတာနာတာတွေလည်း များတယ်။  အဲဒီအထဲမှာမှ ကိုဗစ်ကူးစက်ခံရတဲ့သူက အရင်ကလို အောက်ဆီဂျင်ကျတာမရှိဘူး။ မျက်စိတွေနီတယ်။ နားတွေကိုက်တယ်။ အဲဒါတစ်ခုတွေ့ရတယ်”ဟု ဆရာဝန်တစ်ဦး က မှတ်ချက်ပြု ပြောကြားသည်။

တတိယလှိုင်းကိုဗစ်ဖြစ်စဉ်တွင် အောက် ဆီဂျင်လိုအပ်သူအများအပြားရှိခဲ့ပြီး အောက် ဆီဂျင်စက်ရုံများတွင် အလှည့်ကျ တန်းစီစနစ် ဖြင့် စောင့်ဆိုင်းကာ ရယူခဲ့ရသည်။

သေဆုံးမှုမှာလည်း များပြားခဲ့သည်ဟု ဆိုနိုင်ပြီး ၂၀၂၁ ခုနှစ် ဇူလိုင်လတွင် ရန်ကုန် မြို့ရှိ သုသာန်များတွင် အဆိုင်းများခွဲကာ မီး သင်္ဂြိုဟ်ခဲ့ရသည့်ဖြစ်စဉ်များ ရှိခဲ့သည်။

သို့သော် ယခုကူးစက်နေသည့် ကိုဗစ်ပိုး မှာ သုတေသနတွေ့ရှိချက်များအရ COVID-19ရောဂါကာကွယ်ဆေးထိုးနှံထားသူများ တွင် ရောဂါပြင်းထန်မှု၊ ဆေးရုံတက်ရောက် ကုသခံယူရမှုနှင့် သေဆုံးမှုတို့ကိုလျှော့ချနိုင် ပြီး ထပ်ဆောင်းကာကွယ်ဆေး ထိုးနှံထားခြင်း  ဖြင့်ရောဂါပြင်းထန်မှု၊ ဆေးရုံတက်ရောက်ကု သခံရမှုနှင့် သေဆုံးမှုတို့ကို ပိုမိုလျှော့ချနိုင် သည်ကို တွေ့ရှိရသည်ဟု ကျန်းမာရေးဝန်ကြီး ဌာနက ထုတ်ပြန်ထားသည်။

အသက် ငါးနှစ်နှင့်အထက် ပြည်သူများ ကျန်းမာရေးဝန်ကြီးဌာနမှ အခမဲ့ထိုးနှံပေး လျက်ရှိသော COVID-19 ရောဂါ ကာကွယ် ဆေးကို အကြိမ်ပြည့်ထိုးနှံခြင်းနှင့် ကာကွယ် ဆေးထိုးနှံပြီး ခြောက်လပြည့်ပြီးပါက ထပ် ဆောင်း ကာကွယ်ဆေးများ ထိုးနှံခြင်းတို့ကို နီးစပ်ရာကျန်းမာရေးဌာနများ၊ ကျေးရွာ/ရပ် ကွက်အုပ်ချုပ်ရေးမှူးရုံးများနှင့် ဆက်သွယ်၍ မပျက်မကွက်ခံယူရန်၊ အလုံပိတ်အခန်းများ၊ လူထူထပ်သောနေရာများ၊ အများပြည်သူနှင့် သက်ဆိုင်သော နေရာများ၌ရှိနေစဉ် ပါးစပ် နှင့်နှာခေါင်းစည်းကို စနစ်တကျတပ်ဆင်ရန်၊

အလုံပိတ်အခန်း၌ လူတစ်ဦးထက်ပို၍ရှိနေ စဉ် လေဝင်/လေထွက်ကောင်းမွန်စေရေး အတွက် ဖြစ်နိုင်ပါက ပြတင်းပေါက်များ ဖွင့် ထားရန်၊ လက်ကို ဆပ်ပြာ၊ ရေ (သို့မဟုတ်) အယ်လ်ကိုဟော (အနည်းဆုံး ၆၀ ရာခိုင်နှုန်း) ပါဝင်သော လက်သန့်ဆေးရည်ဖြင့် စက္ကန့် ၂၀ ကြာ မကြာခဏ ဆေးကြောရန်၊ လူတစ်ဦး နှင့်တစ်ဦး ခပ်ခွာခွာနေရန်၊ တတ်နိုင်သမျှ လူစုလူဝေးရှောင်ကြဉ်ရန် ကျန်းမာရေးဝန်ကြီး ဌာနက တိုက်တွန်းထားသည်။

ကမ္ဘာလုံးဆိုင်ရာ ကိုဗစ်ကူးစက်ဖြစ်ပွား မှုအခြေအနေများနှင့် ပတ်သက်ပြီး ၂၀၂၃ ခုနှစ် နှစ်စပိုင်းမှစတင်ကာ ကိုဗစ်ရောဂါ ကြောင့် သေဆုံးသူဦးရေသည် ၉၅ ရာခိုင်နှုန်း ကျဆင်းခဲ့သော်လည်း ကူးစက်မှုများမှာမူ ရှိ နေဆဲဖြစ်သည်ဟု ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က ဧပြီ ၂၆ ရက်က ပြောကြားခဲ့သည်။

မြန်မာနိုင်ငံတွင်လည်း ကိုဗစ်ကူးစက်မှု ကပ်ရောဂါကို လှိုင်းသုံးလှိုင်းဖြင့် ကူးစက်ခံခဲ့ ရပြီး တတိယလှိုင်းမှာ လူအသေအပျောက် အများဆုံးနှင့် ရောဂါ၏ တိုက်ခိုက်မှုဒဏ်ကို အများဆုံးခံခဲ့ရသည်။

လက်ရှိတွင်လည်း ကိုဗစ်ကူးစက်မှုများ ခေါင်းပြန်ထောင်လာသော်လည်း ယခင် COVID-19ပိုးများထက် ရောဂါပြင်းထန်မှု နည်းပါးသ ဖြင့် လူအသေအပျောက်သိပ်မရှိ သေး ပေ။ သို့သော် ကိုဗစ်ရောဂါကူးစက်မှုကိုမူ ပေါ့ဆ စွာနေထိုင်ရန် မသင့်ကြောင်း ကျန်းမာ ရေး ဝန်ထမ်းအချို့က ပြောကြား သည်။

“ကိုဗစ်က ကူးစက်ခံရပြီ နောက်ဆက် တွဲ ကျန်းမာရေးပြသာနာတွေ ရှိလာတတ် တယ်။ ဥပမာ အဆုတ်ခံနိုင်ရည်အား လျော့ သွားတာတို့ အဆုတ်မကောင်းတော့တို့ ဖြစ် တတ်တယ်။ ပေါ့ဆလို့တော့ မရဘူး”ဟု ကျန်းမာရေးဝန်ထမ်းတစ်ဦးက ပြောကြားသည်။