ဘရစ်အုပ်စုနိုင်ငံများနှင့် ဂလိုဘယ်ငွေကြေးသစ် မျှော်လင့်ချက်

 ဘရစ်အုပ်စုနိုင်ငံများနှင့် ဂလိုဘယ်ငွေကြေးသစ် မျှော်လင့်ချက်
Published 7 May 2023
      စောနိုင် (အသုံးချဘောဂဗေဒ) 

(၁)

ရွက်စိမ်းခေါ် အမေရိကန်ဒေါ်လာ နိုင်ငံတကာသုံးငွေကြေးဖြစ်နေခဲ့သည်မှာ နှစ်ပေါင်းများစွာ ကြာမြင့်နေခဲ့ပြီ။ ယခုတော့ ဒေါ်လာကိုအန်တုမည့်၊ ဒေါ်လာ၏ နေရာကို အစားထိုးဝင်ရောက်နိုင်မည့် ငွေကြေးသစ်တစ်မျိုး ဖြစ်ပေါ်လာရေးအတွက် ဆွေးနွေးပွဲများပြုလုပ်လာကြသည်ဟု သိရသည်။  ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်သည် ဒေါ်လာငွေကြေးအတွက် စိန်ခေါ်မှုအများဆုံးဖြစ်ခဲ့သောအချိန်ဖြစ်၏။  ရုရှား-ယူကရိန်းစစ်ပွဲသည် ထင်ထားသည်ထက် ပိုမိုကြောက်စရာကောင်းသွား၏။ ရုရှားနိုင်ငံအပေါ် စီးပွားရေးပိတ်ဆို့မှု၊ ရုရှားငွေကြေးအပေါ် တိုက်ခိုက်မှုစသည့် အခြေအနေများ၊ ဆက်စပ်သက်ရောက်မှုများ ကျယ်ပြန့်စွာဖြစ်ပေါ်လျက် ဒေါ်လာ၏ရပ်တည်မှုကို စိုးရိမ်စရာဖြစ်လာစေခဲ့သည်။   

(၂)

ယခုအခါ  နိုင်ငံအချို့သည် ဒေါ်လာအသုံးပြုမှု လျှော့ချသည့်ဖြစ်စဉ် (ဒီဒေါ်လာရိုက်ဇေးရှင်း) ထဲတွင်  အရှိန်တက်နေသည်။ ထိုသို့ ဒေါ်လာကိုရှောင်လွှဲနိုင်စေရန်လည်းကောင်း၊ ဒေါ်လာငွေကြေး၏ လွှမ်းမိုးမှုအားပျော့စေရန်လည်းကောင်း လုပ်ဆောင်နေခြင်းသည် ငွေကြေးစစ်ပွဲပုံသဏ္ဍန်ဆီသို့ ဦးတည်လျက်ရှိသည်။ ရုရှားနိုင်ငံရေးသမား၊ လွှတ်တော်ဒုတိယအကြီးအကဲ အလက်ဇန္ဒား ဘာဘက်ကော့ဗ် (Alexander  Babakov) က ဒီဒေါ်လာလိုက်ဇေးရှင်း အခြေ အနေသည် ၂၀၂၃ ခုနှစ် မတ်လ ၃၀ ရက်တွင် အရှိန်မြှင့်ခဲ့သည်ဟု ဆိုထားသည်။ ၎င်းက “ နိုင်ငံများကြားရှိ ငွေပေးငွေယူများကိစ္စများတွင် နိုင်ငံသုံးငွေကြေးများဖြင့် ပေးချေမှုများပြုလုပ်ခြင်းသည် ပထမခြေလှမ်းဖြစ်သည်။ ဒုတိယခြေလှမ်းမှာ အနီးဆုံးအနာဂတ်ကာလများ၌ ဒစ်ဂျစ်တယ်ငွေကြေး သို့မဟုတ် အခြားသော ငွေကြေးပုံစံသစ်တစ်ခုဖြင့် လည်ပတ်နိုင်ရေးအတွက် လုပ်ဆောင်ရန်ဖြစ်သည်။ လာမည့်ဘရစ် (BRICS) အုပ်စုနိုင်ငံများ၏ ထိပ်သီးအစည်းအဝေး၌ ထိုအစီအစဉ်ကို  အကောင်အထည်ဖော်ရန် အဆင်သင့်ဖြစ်ကြောင်း ကြေညာမည့်အခြေအနေရှိသည်” ဟု ဆိုသည်။   

(၃)

ဘရစ်(BRICS) အုပ်စုတွင် ဘရာဇီး၊ ရုရှား၊ အိန္ဒိယ၊ တရုတ်နှင့် တောင်အာဖရိကနိုင်ငံတို့ပါဝင်သည်။ ကမ္ဘာ့လူဦးရေ၏ ၄၀ ရာခိုင်နှုန်းကျော်ရှိပြီး ကမ္ဘာ့ ဂျီဒီပီ (GDP) ၏ လေးပုံတစ်ပုံနီးပါး ထုတ်လုပ်နိုင်သည့် နိုင်ငံများအစုဖြစ်သည်။ ဘရစ်အုပ်စုနိုင်ငံများသည် အဖွဲ့ဝင်နိုင်ငံများအကြား ကုန်သွယ်မှုမြှင့် တင်နိုင်ရေးအတွက် ဒေါ်လာငွေကြေးသုံးစွဲမှုရှောင်လွဲနိုင်ရန် ငွေကြေးသစ်တစ်မျိုး ဖြစ်ပေါ်လာရေး ဆွေးနွေးနေကြပြီ။  

    

 ဘရစ်အုပ်စုဝင်နိုင်ငံများ၏ ငွေကြေးသစ်စိတ်ကူးသည် စီးပွားရေး မဟာမိတ်အုပ်စုအဖြစ် အားထုတ်နေသကဲ့သို့ရှိပြီး ၂၁ ရာစု၏ အရေးပါသော ပထဝီ နိုင်ငံရေးမိတ်ဖက်အုပ်စုအဖြစ်လည်း မြှင့်တင်နေခြင်းဖြစ်သည်။ အနောက်အာရှနှင့် မြောက်အာဖရိကရှိ နိုင်ငံအများအပြား အထူးသဖြင့် ဆော်ဒီ အာရေးဗီးယားနှင့် အယ်လ်ဂျီးရီးယားနိုင်ငံတို့ကလည်း ဘရစ်အုပ်စုကိုဝင်ရောက်ရန် စိတ်ဝင်စားမှုများပြနေသည်။ လွန်ခဲ့သောနှစ်က အီရန်နိုင်ငံသည်လည်း ဘရစ်အုပ်စုသို့ ပါဝင်နိုင်ရေး ကြိုးပမ်းခဲ့သည်ကိုတွေ့ရသည်။ တစ်ချိန်တည်းတွင် ကာလရှည်ကြာ ကမ္ဘာ့စီးပွားရေးအကျပ်အတည်းများကြား၌  နိုင်ငံအသီးသီး၏ နိုင်ငံခြားအရန်ငွေများလည်း ကျဆင်းသွားခဲ့ရသည်။ အခြေအနေအရပ်ရပ်သည် ဘရစ်အုပ်စု၏ အခြေအနေကောင်းလာမှုနှင့် ဒေါ်လာငွေကြေး၏ စိုးရိမ်စရာအခြေအနေကို ပြနေပေသည်။ 

ဘရစ်အုပ်စုနိုင်ငံများသည် ဖြစ်ပေါ်နေသော အခြေအနေနှင့်အချိန်ကိုက် ဒေါ်လာငွေကြေး၏ အားနည်းချက်အပေါ် မျက်စောင်းထိုးလာသည်။ သို့သော် ၎င်းတို့အတွက် စဉ်းစားစရာများစွာရှိသည်။ အချိန်ယူရပေလိမ့်မည်။ ထိုကာလများအတွင်း "ငွေကြေးစစ်ပွဲ" ပုံစံတစ်မျိုးဖြစ်လာနိုင်ပြီး ကမ္ဘာ့ငွေကြေးများ၏ကံကြမ္မာကို အဆုံးအဖြတ်ပေးစရာ ရှိလာလိမ့်မည်ဟု ကောက်ချက်ချကြသည်။ 

(၄)

ဘရစ်အုပ်စုနိုင်ငံများသည် ငွေကြေးသစ်ကို အဘယ်ကြောင့် စဉ်းစားလာကြသနည်း။ မကြာသေးမီ ကဖြစ်ပေါ်ခဲ့သည့် ပထဝီနိုင်ငံရေးအခြေအနေများ၊ မဟာဗျူဟာရှုထောင့်များ၊ ကပ်ရောဂါအလွန်ကာလအခြေအနေများ၊ စစ်ပွဲ၏ နောက်ဆက်တွဲရလဒ်များအပေါ် အခြေခံလိမ့်မည်။ သို့သော်ဘရစ်အုပ်စုနိုင်ငံများ၏ငွေကြေးသစ်ဖန်တီးရေးအားထုတ်မှုသည် မကြာသေးခင်ကမှဖြစ်ပေါ်လာခဲ့ခြင်းမဟုတ်။ ယခင်ကတည်းက ရှိခဲ့သည့် အကြောင်းများ၏ အကျိုးဆက်ဖြစ်သည်။

ပထမအကြောင်း- ဘရစ်အုပ်စုနိုင်ငံများသည် စတင်ဖွဲ့စည်းစဉ်ကတည်းက တစ်နိုင်ငံချင်း၏ပြည်တွင်းငွေကြေးများကို အသုံးပြုလျက် အုပ်စုတွင်း ကုန်သွယ်မှုကို တွန်းအားပေးလုပ်ဆောင်ခဲ့ကြသည်။ ငွေကြေးသစ်တစ်မျိုး ဖန်တီးနိုင်ခဲ့လျှင် ၎င်းတို့၏ ကုန်သွယ်ရေးနှင့် စီးပွားရေးတည်ငြိမ်မှုကို များစွာအထောက် အကူပြုနိုင်ဖွယ်ရှိမည်။ ဒေသတွင်းလာရောက်ရင်းနှီးမြှုပ်နှံမှုများအတွက်လည်း ယုံကြည်မှုကို မြှင့်တင်ပေးလာနိုင်သည်။ အကျိုးဆက်အားဖြင့် အသုံးစရိတ်များ တိုးမြင့်မှုနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ဖြစ်လာလိမ့်မည်ဟု မျှော်လင့်ခဲ့ကြသည်။  

ဒုတိယအကြောင်း- အမေရိကန်ဒေါ်လာ၊ ယူရိုငွေကြေးတို့နှင့် နှိုင်းယှဉ်လျှင် ဘရစ်အုပ်စုနိုင်ငံများ၏ ငွေကြေးများ တန်ဖိုးကျဆင်းလာနေသည်။ ထို့ကြောင့် နှစ်နိုင်ငံချင်း ကုန်သွယ်မှုပြုရာတွင် ပြည်တွင်းငွေကြေးများအသုံးပြု၍ လုံခြုံစိတ်ချရသော စီးပွားရေးပတ်ဝန်းကျင်တစ်ခု ဖန်တီးနိုင်ရေး လုပ်ဆောင်ခဲ့ကြသည်။ ထို့ပြင် တစ်ခုတည်းသော ဘုံငွေကြေးတစ်ခုတည်းကို အသုံးပြုခြင်းဖြင့်  ငွေကြေးမတည်ငြိမ်မှုနှင့် အတိုးနှုန်းပြောင်းလဲမှုများကို ကန့်သတ်နိုင်သောကြောင့် စီးပွားရေးတည်ငြိမ်မှုကို မြှင့်တင်နိုင်ပြီး ငွေကြေးဆိုင်ရာအကျပ်အတည်း ဖြစ်နိုင်ခြေကို လျှော့ချနိုင်သည်ဟု ယုံကြည်ခဲ့ကြသည်။

တတိယအကြောင်း- ၁၉၄၄ခုနှစ်ကတည်းက ကမ္ဘာ့တရားဝင်ငွေကြေးအဖြစ်လက်ခံသုံးစွဲခြင်းခံရသော အမေရိကန်ဒေါ်လာကို ငွေကြေးများ၏ဘုရင် (King of Currencies) ဟု တင်စားခဲ့ကြသည်။ ဒေါ်လာသည် ကမ္ဘာ့စီးပွားရေးအပေါ် ဩဇာညောင်း၏။ အမေရိကန်စီးပွားရေးသည် အခြားသောစီးပွားရေးများအပေါ် သိသိသာသာ ပါဝါလွှမ်းမိုးမှုများရှိ၏။ ထိုအခြေအနေများကို အသုံးပြု၍ အမေရိကန်နိုင်ငံသည်  ၎င်းတို့၏ နိုင်ငံခြားရေးမူဝါဒရည်မှန်းချက်များကို အကောင်အထည်ဖော်သည်။ ပိတ်ဆို့အရေးမှုများကို လက်နက်သဖွယ် အစဉ်အဆက် အသုံးပြုခဲ့ကြသည်။ အမေရိကန်၏လုပ်ကိုင်ပုံများကို သဘောမကျသည့်နိုင်ငံများရှိသကဲ့သို့ ကမ္ဘာ့စီးပွားရေးတွင် ဒေါ်လာငွေကြေး၏ ဗိုလ်ကျစိုးမိုးမှုကို အဆုံးသတ်စေချင်သော ရုရှားနှင့် တရုတ်ကဲ့သို့ နိုင်ငံများလည်းရှိသည်။ ထို့ကြောင့်ဘရစ်အုပ်စုနိုင်ငံများသည် အမေရိကန်ငွေကြေးနှင့် အမေရိကန်စီးပွားရေးအပေါ် မှီခိုအားထားမှုကျဆင်းလာစေမည့် ငွေကြေးသစ်တစ်ရပ် ဖန်တီးမည့်အစီအစဉ်အကောင်အထည်ဖော်လိုစိတ်ပြင်းထန်လာခြင်းဖြစ်သည်။ 

စတုတ္ထအကြောင်း-ဒေါ်လာကိုအခြေခံထားသည့် ကမ္ဘာ့လုံးဆိုင်ရာ အရန်ငွေပမာဏသည် ပြီးခဲ့သော ဆယ်စုနှစ်နှစ်ခုအတွင်း ဆက်လက်ကျဆင်းလျက်ရှိရာ ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် နောက်ဆုံးသုံးလပတ်တွင် ၅၉ ရာခိုင်နှုန်းအောက်အထိ ကျဆင်းသွားခဲ့သည်။ ရုရှား၏ နိုင်ငံခြားအရန်ငွေ ဒေါ်လာ ၃၀၀ ဘီလျံသည် ပိတ်ဆို့ကန့်သတ်မှုခံခဲ့ရပြီး ရုရှားဘဏ်များသည်လည်း SWIFT နိုင်ငံတကာ ငွေပေးချေမှုစနစ်ကို အသုံးပြုခြင်းမှ တားမြစ်ခြင်းခံခဲ့ရသည်။ ထိုအခြေအနေများသည် ဘရစ်အုပ်စုနိုင်ငံများကို ထိခိုက်မှုဖြစ်စေခဲ့သည်။ ထိုကဲ့သို့ ပိတ်ပင်တားဆီးမှုများ၊ အခက်အခဲများသည် ဘရစ်အုပ်စုနိုင်ငံများကို ပိုမိုစုစည်းလာစေပြီးငွေကြေးယူနစ်တစ်ခုထူထောင်ရန် တွန်းအားပေးသကဲ့သို့ဖြစ်ခဲ့သည်။     

နောက်ဆုံးအကြောင်း-ဘရစ်အုပ်စုနိုင်ငံတစ်နိုင်ငံစီတွင် ရှုထောင့်အမျိုးမျိုးနှင့် အကြောင်းအမျိုးမျိုးရှိနိုင်သည်။ အမေရိကန်နှင့် တရုတ်နိုင်ငံတို့ကြား ဆက်ဆံရေးယိုယွင်းလာခြင်းသည် အမေရိကန်ဒေါ်လာအပေါ် သက်ရောက်လာသကဲ့သို့ တရုတ်နိုင်ငံ၏ ကုန်သွယ်မှုနှင့် နည်းပညာတိုးတက်မှုကိုပါ အတားအဆီးများဖြစ်လာသည်။ ထိုအခြေအနေများသည် အမေရိကန်ကြီးစိုးသည့် ကမ္ဘာလုံးဆိုင်ရာစနစ်အား စွန့်လွှတ်ရေးနှင့်အတူ ဒေါ်လာငွေကြေးနေရာတွင် အခြားသောငွေကြေးသစ်တစ်မျိုးကို အစားထိုးရန် တရုတ်နိုင်ငံကို တိုက်တွန်းသကဲ့သို့ဖြစ်သွားခဲ့သည်။

(၅)

ဘရစ်အုပ်စု တစ်နိုင်ငံချင်းစီတွင် ဒေါ်လာမှဖယ်ခွာရန် အကြောင်းအမျိုးမျိုး၊ အားထုတ်မှုအမျိုးမျိုးရှိသကဲ့သို့ ခက်ခဲမှုများလည်းရှိနေသည်။ ဥပမာ ဘရာဇီးလ်နိုင်ငံသည် ပို့ကုန်ငွေကြေးရှင်းလင်းရာတွင် ၉၀ ရာခိုင်နှုန်းနီးပါးကို အမေရိကန်ဒေါ်လာကို အသုံးပြုနေရသဖြင့် ဘရာဇီး၏ အမေရိကန်ဒေါ်လာအသုံးပြုမှုအပေါ် မှီခိုမှုကြီးမားသည်ကို ရှင်းရှင်းလင်းလင်းမြင်နေရသည်။ အမေရိကန်နိုင်ငံကမူ ဘရာဇီးလ်ပို့ကုန်စုစုပေါင်း၏ ၁၇ ရာခိုင်နှုန်းနှင့်သာ ပတ်သက်မှုရှိသည်။ 

ထိုကွာဟချက်ကြောင့် ဘရာဇီးလ်နိုင်ငံသည် ဘရစ်အုပ်စု၏ ငွေကြေးသစ်ထူထောင်မှုကိုစိတ်ဝင်စားမှုပြင်းထန်နေခြင်းဖြစ်သည်။ 

  အိန္ဒိယအစိုးရသည်လည်း ဒေါ်လာသုံးစွဲမှုကို လျှော့ချနိုင်ရန် ရုရှားနှင့် တရုတ်တို့၏ လုပ်ဆောင်မှုများကို စောင့်ကြည့်လေ့လာနေသည်။ အမေရိကန်၏ ရုရှားနှင့်အီရန်အပေါ် ရေနံကုန်သွယ်ရေးပိတ်ဆို့ မှုကဲ့သို့သော ငွေကြေးမတည်ငြိမ်စေမှုများ၊ ပထဝီနိုင်ငံရေးအပြောင်းအလဲများ၊ တရုတ်နိုင်ငံ၏ ယွမ်ငွေကို နိုင်ငံတကာကုန်သွယ်မှုတွင်အသုံးပြုနိုင်ရေး အားထုတ်မှုများသည် အိန္ဒိယနိုင်ငံကို ပြည်တွင်းငွေကြေးရူပီးကို ပိုမိုကျယ်ပြန့်စွာအသုံးပြုစေရန် စေ့ဆော်နေသကဲ့သို့ဖြစ်လာသည်။  ထို့ကြောင့် အိန္ဒိယသည်လည်း ဒေါ်လာအသုံးပြုမှုကိုဖြတ်တောက်ရန် ဆက်တိုက်ကြိုးပမ်းခဲ့သည်။ ဗြိတိန်၊ ဂျာမနီ၊ ရုရှားနှင့် အာရပ်စော်ဘွားများ ပြည်ထောင်စု အပါအဝင် နိုင်ငံပေါင်း ၁၈ နိုင်ငံတို့သည် အိန္ဒိယရူပီးငွေဖြင့် ကုန်သွယ်မှုပြုရန် သဘောတူလက်ခံနေပြီဟု သိရသည်။ သို့သော် အိန္ဒိယနိုင်ငံသည် သွင်းကုန် ငါးရာခိုင်နှုန်းမျှသာ အမေရိကန်မှတင်သွင်းသော်လည်း ၎င်း၏သွင်းကုန် ၈၆ ရာခိုင်နှုန်းအတွက် ငွေပေးချေရာ အမေရိကန်ဒေါ်လာကို အသုံးပြုနေ၏။ ပို့ကုန်၏ ၁၅ ရာခိုင်နှုန်းမျှသာ အမေရိကန်နိုင်ငံသို့ တင်ပို့သော်လည်း ပို့ကုန် ၈၆ ရာခိုင်နှုန်းကို အမေရိကန်ဒေါ်လာဖြင့် အသုံးပြုနေရဆဲဖြစ်သည်။ 

(၆)

တစ်ကမ္ဘာလုံးကိုင်ထားသည့် နိုင်ငံခြားအရန်ငွေ ၆၀ ရာခိုင်နှုန်းဝန်းကျင်သည် အမေရိကန်ဒေါ်လာငွေဖြစ်၍ နိုင်ငံတကာကုန်သွယ်မှုတွင်လည်း အသုံးများနေဆဲ။  ဆိုရလျှင် ကမ္ဘာ့စီးပွားရေးတွင် အမေရိကန်ဒေါ်လာ ရပ်တည်နိုင်စွမ်းသည် အခြေအနေကောင်းနေဆဲဖြစ်သည်။ ထို့ပြင် အမေရိကန်ဗဟိုဘဏ်က ငွေတိုက် စာချုပ် များ အလွန်မင်းရောင်းချထားခြင်းဖြင့် အမေရိကန်သည် ကုန်သွယ်မှုလိုငွေပြမှု ပမာဏကြီးမားကို ဆက်လက်ထိန်းထားလျက်ရှိသည်။ ဤသို့အခြေအနေများကြားတွင် ဘရစ်အုပ်စုနိုင်ငံများ အမေရိကန်ဒေါ်လာမှ ဖယ်ခွာရန် လွယ်ကူနိုင်မည်လော။  

  ကမ္ဘာလုံးဆိုင်ရာ ဘဏ္ဍာရေးပတ်ဝန်းကျင်တွင် ဒေါ်လာ၏လွှမ်းမိုးနိုင်မှုသည် မဝေးလှသည့် အနာဂတ်တွင်လည်း ဆက်လက်၍ ကြံ့ကြံ့ခံနေနိုင်သေးသည်ဟု သုတေသီအချို့က မှတ်ချက်ပြုသည်။ ဘရစ်အုပ်စုနိုင်ငံများ၏ ငွေကြေးသစ်ဖန်တီးနိုင်ရေး အားထုတ်မှုသည် မှတ်သားဖွယ်ကောင်း၏။ လက်ခံနိုင်ဖွယ်ရှိ၏။ သို့သော် စီးပွားရေးရလဒ်များ၊ အတိုင်းအတာများဖြင့် တန်ဆာဆင်ထားရုံမျှသာရှိသေး၏။ လက်တွေ့ပြင်ဆင်မှု ထိထိရောက်ရောက် မစတင်နိုင်သေး။    

(၇) 

    ဘရစ်အုပ်စုနိုင်ငံများ၏ ငွေကြေးသစ်ဖန်တီးနိုင်ရေး မဟာဗျူဟာ မည်ရွေ့မည်မျှ အောင်မြင်မည်ကို  မပြောနိုင်သေးပေ။ ဒီဒေါ်လာလိုက်ဇေးရှင်းဖြစ်စဉ် မြန်ခြင်း၊ နှေးခြင်းသည်လည်း ဘရစ်အုပ်စုနိုင်ငံများ ဖန်တီးမည့်ငွေကြေးသစ်၏ ဒေါ်လာကို ကမ္ဘာ့ငွေကြေးစနစ်ထဲမှ ဖယ်ထုတ်နိုင်မည့် စွမ်းရည်ပေါ်တွင် များစွာ မူတည်နေပေသည်။   

 

https://www.eurasiareview.com