ရာသီဥတုပြောင်းလဲမှုကြောင့် စပိန်၊ပေါ်တူဂီ၊ မော်ရိုကို၊ အယ်လ်ဂျီးရီးယားတို့တွင် စံချိန်တင် အပူလှိုင်းကျဟုWWA ထုတ်ပြန်

ရာသီဥတုပြောင်းလဲမှုကြောင့် စပိန်၊ပေါ်တူဂီ၊ မော်ရိုကို၊ အယ်လ်ဂျီးရီးယားတို့တွင် စံချိန်တင် အပူလှိုင်းကျဟုWWA ထုတ်ပြန်
ဧပြီ ၂၇ ရက်က စပိန်နိုင်ငံ ကော်ဒိုဘာတွင် အပူလှိုင်းကျစဉ် အမျိုးသမီးတစ်ဦ်း ရေပန်းမှ ရေကို သောက်နေပုံအားတွေ့ရစဉ် (Photo – AFP)
ဧပြီ ၂၇ ရက်က စပိန်နိုင်ငံ ကော်ဒိုဘာတွင် အပူလှိုင်းကျစဉ် အမျိုးသမီးတစ်ဦ်း ရေပန်းမှ ရေကို သောက်နေပုံအားတွေ့ရစဉ် (Photo – AFP)
Published 6 May 2023
Ref: AFP 

လွန်ခဲ့သော သီတင်းပတ်က အိုင်ဘီးရီးယန်းကျွန်းဆွယ်နှင့် အာဖရိကမြောက်ပိုင်းဒေသများတွင် ဖြစ်ပေါ်ခဲေ့သာ ပြင်းထန်ပူပြင်းမှုသည် ရာသီပြောင်းလဲဆိုမှုသည့်ကိစ္စ မပါဘဲ ဖြစ်လာနိုင်စရာမရှိဟု မေလ ၅ ရက်တွင် နိုင်ငံတကာသိပ္ပံဆိုင်ရာလေ့လာချက်တစ်ခုက ဖော်ပြထားသည်။

ထူးထူးခြားခြား အချိန်စော၍ဖြစ်ပေါ်သော အပူလှိုင်းက ဒေသအပူချိန်ကို သာမန်ထက် ၂၀ ဒီဂရီအထိ ပိုမို ပူပြင်းစေပြီး ဧပြီလ အပူဆုံးစံချိန်များကို ခြောက်ဒီဂရီအသာဖြင့် ချိုးလိုက်သည်ဟု ပြင်းထန် မိုးလေဝသဖြစ်စဉ်များနှင့် ရာသီဥတုပြောင်းလဲမှုတို့၏ ဆက်စပ်မှုကို လေ့လာနေသော သိပ္ပံပညာရှင်များ ပါဝင်သည့် ကမ္ဘာ့မိုးလေဝသတွက်ချက်မှုအဖွဲ့ (World Weather Attribution – WWA) က ထုတ်ပြန်သည်။

အာဖရိကမြောက်ပိုင်းမှ ပူနွေး၊ ခြောက်သွေ့သော လေစိုင်ထုသည် လွန်ခဲ့သော သီတင်းပတ်တွင် အိုင်ဘီးရီးယန်းကျွန်းဆွယ်ကို အချိန်စော၍ ရောက်လာရာ ဧပြီလအတွက် အပူချိန်များကို စံချိန်တင် မြင့်တက်စေခဲ့သည်ဟု ဆိုသည်။ ထို့ကြောင့် စပိန်တောင်ပိုင်းတွင် အပူချိန်သည် ၃၈ ဒသမ ၈ ဒီဂရီဆဲလ်စီယက် (၁၀၁ ဒသမ ၈ ဒီဂရီဖာရင်ဟိုက်) နှင့် ပေါ်တူဂီအလယ်ပိုင်းတွင် ၃၆ ဒသမ ၉ ဒီဂရီဆဲလ်စီယက်အထိ ရောက်ရှိစေခဲ့သည်။

ယင်းသို့သော အပူချိန်များသည် ဇူလိုင်လတွင်သာ ဖြစ်ပေါ်တတ်သည်။

မော်ရိုကိုနိုင်ငံတွင် ဒေသအချို့၌ ၄၁ ဒီဂရီဆဲလ်စီယက်အထက်ကိုကျော်လွန်ကာ ဒေသတွင်း စံချိန်များကို ချိုးခဲ့ပြီး အယ်လ်ဂျီးရီးယားတွင် အပူချိန်သည် ၄၀ ဒီဂရီဆဲလ်စီယက်ကို ကျော်လွန်ခဲ့သည်။

စံချိန်တင် အပူချိန်များကို စတင်မှတ်တမ်းတင်သည့် ၁၉၆၁ ခုနှစ် နောက်ပိုင်း စပိန်နိုင်ငံသည် ယခုနှစ်တွင် အခြောက်သွေ့ဆုံးနှင့်အပူပြင်းဆုံး ဧပြီကို မှတ်တမ်းတင်ထားသည်။

“လူသားကြောင့်ဖြစ်ရတဲ့ ရာသီဥတုပြောင်းလဲမှုဟာ စပိန်၊ ပေါ်တူဂီ၊ မော်ရိုကို၊ အယ်လ်ဂျီးရီးယားတို့မှာ စံချိန်ချိုးတဲ့အပူလှိုင်းကို အနည်းဆုံးအဆ ၁၀၀ လောက် ဖြစ်နိုင်ခြေရှိစေပါတယ်။ ရာသီဥတုပြောင်းလဲမှုမရှိဘဲ ဒီအပူချိန်ဟာ ဖြစ်လာနိုင်စရာမရှိသလောက်ပါပဲ”ဟု WWA ကဖော်ပြထားသည်။

“ဒါဟာ အပူချိန်တွေကို ရာသီဥတု ပြောင်းလဲမှုမရှိဘဲ သူတို့ ရှိရမယ့်အပူချိန်တွေထက် ၃ ဒသမ ၃ ဒီဂရီဆဲလ်စီယက်အထိ မြင့်တက်စေပါတယ်”ဟု ဆက်လက်ဖော်ပြထားပြီး ယင်းသည် ရှားပါးဖြစ်ရပ်ဟုဆိုသည်။

“တစ်ကမ္ဘာလုံးပူနွေးမှု ဆက်လက်ဖြစ်ပေါ်နေတာကြောင့် နောင်မှာ ကျွန်တော်တို့ဟာ ပိုမိုပြင်းထန်တဲ့ အပူလှိုင်းတွေကို မကြာမကြာ ပိုမိုတွေကြရပါလိမ့်မယ်”ဟု အစီရင်ခံစာထုတ်ပြန်သည့် တော်ဝင်နယ်သာလန်မိုးလေဝသသိပ္ပံက သုတေသီ စကုဖီးလစ်က ပြောကြားသည်။

ယင်းသို့ ပုံမှန်မဟုတ်သော အပူချိန်မြင့်တက်မှုများသည် အဆိုပါဒေသများ၌ သမိုင်းကြောင်းအခြေခံ နှစ်ပေါင်းများစွာ မိုးခေါင်မှု ဖြစ်ပွားအပြီး ဖြစ်လာခြင်းဖြစ်ရာ ရေရှားပါးမှု မြင့်တက်ခြင်းကြောင့် ခြိမ်းခြောက်ခံနေရ သော စိုက်ပျိုးရေးလုပ်ငန်းကို ပူပြင်းမှု၏သက်ရောက်မှုများ ပိုမိုဆိုးရွားစေသည်ဟု ဖော်ပြထားသည်။

ဥရောပ၏ ဟင်းသီးဟင်းရွက်ဥယျာဉ်ဟု ထင်ရှားသော စပိန်တွင် စိုက်ပျိုးမြေ ၆၀ ရာခိုင်နှုန်းသည် မိုးရေမရခြင်းကြောင့် လောလောဆယ်တွင် စိုက်ပျိုး၍မရ ဖြစ်နေသည်ဟု အဓိကလယ်သမားများသမဂ္ဂ COAG က သတိပေးထားသည်။

သိုလှောင်ပမာဏ တစ်ဝက်ရှိသော ရေလှောင်ကန်များနှင့်အတူ ဥရောပသမဂ္ဂ(အီးယူ)၏ စိုက်ပျိုးရေး အကျပ်အတည်း သီးသန့်ရန်ပုံငွေကို အသုံးပြုခြင်းဖြင့် အကူအညီပေးရန် စပိန်က အီးယူကို မေတ္တာရပ်ခံထားသည်။

စပိန်ဒေသများသည် နှစ်တစ်ထောင်အတွင်းတွင် အခြောက်သွေ့ဆုံးဒေသများ ဖြစ်လာမည်ဟု ကျွမ်းကျင်သူများက ပြောကြားသည်။ မိုးခေါင်နေခြင်းကြောင့် လယ်သမားအချို့သည် ယခုနှစ်တွင် သီးနှံမစိုက်ဟုဆိုသည်။

Most Read

Most Recent