ထိုင်းရွေးကောက်ပွဲအကြို လူထုစစ်တမ်းများတွင် အတိုက်အခံများက ဦးဆောင်နေပြီး ဝန်ကြီးချုပ်ဖြစ်လာရန် Move Forward ပါတီခေါင်းဆောင်ပီတ ရေပန်းအစားဆုံးဖြစ်နေ

ထိုင်းရွေးကောက်ပွဲအကြို လူထုစစ်တမ်းများတွင် အတိုက်အခံများက ဦးဆောင်နေပြီး ဝန်ကြီးချုပ်ဖြစ်လာရန် Move Forward ပါတီခေါင်းဆောင်ပီတ ရေပန်းအစားဆုံးဖြစ်နေ
ဧပြီ ၂၂ ရက်က မြို့တော်ဘန်ကောက်၌ ပြုလုပ်ခဲ့သည့် မဲဆွယ်ပွဲတစ်ခုတွင် Move Forward ပါတီခေါင်းဆောင်၊ ဝန်ကြီးချုပ်လောင်း ပီတလိုင်ဂျာရွန်ရတ်ကို တွေ့ရစဉ် (Photo – AFP)
ဧပြီ ၂၂ ရက်က မြို့တော်ဘန်ကောက်၌ ပြုလုပ်ခဲ့သည့် မဲဆွယ်ပွဲတစ်ခုတွင် Move Forward ပါတီခေါင်းဆောင်၊ ဝန်ကြီးချုပ်လောင်း ပီတလိုင်ဂျာရွန်ရတ်ကို တွေ့ရစဉ် (Photo – AFP)
Published 6 May 2023
Ref: Reuters

ထိုင်းနိုင်ငံကို ကိုးနှစ်ကြာအုပ်ချုပ်ခဲ့သည့် စစ်တပ်ကျောထောက်နောက်ခံပြု အစိုးရ၏ အဆုံးသတ်ကို မြင်တွေ့ရဖွယ်ရှိသည့် အထွေထွေရွေးကောက်ပွဲမတိုင်မီ ရက်ပိုင်းအလို မေလ ၅ ရက်က ထုတ်ပြန်ခဲ့သည့် သဘောထားစစ်တမ်း အသစ်တစ်ရပ်တွင် နောက်ထပ် အတိုက်အခံခေါင်းဆောင်တစ်ဦးဖြစ်သည့် ပီတလိုင်ဂျာရွန်ရတ်သည် နောက်တက်မည့် ဝန်ကြီးချုပ်ဖြစ်လာရန် ရေပန်းအစားဆုံးအဖြစ် ထွက်ပေါ်လာခဲ့သည်။

Move Forward ပါတီ၏ သြဇာကြီးသော ခေါင်းဆောင်ဖြစ်သည့် အသက် ၄၂နှစ်အရွယ် ပီတသည် ထိုင်းနိုင်ငံ၏ အထင်ကရ အတိုက်အခံပါတီဖြစ်သည့် ဖြူထိုင်းပါတီမှ ပါအယ်ထုံထန် ရှင်နာဝပ်ကို ကျော်တက်သွားခဲ့ပြီး ထောက်ခံမှု ၂၉ ဒသမ ၃၇ ရာခိုင်နှုန်းရရှိခဲ့ကာ ပါအယ်ထုံထန်မှာမူ ၂၇ ဒသမ ၅၅ ရာခိုင်နှုန်း ရရှိခဲ့ကြောင်း Nation Media က နိုင်ငံတစ်ဝန်း ကောက်ယူခဲ့သည့် သဘောထားစစ်တမ်း ရလဒ်များအရ သိရသည်။

National Institute of Development Administration က နိုင်ငံတစ်ဝန်းရှိ ပြည်သူ ၂,၅၀၀ ကို သဘောထားစစ်တမ်းကောက်ယူခဲ့သည့် ရလဒ်များကို မေ ၃ ရက်က ထုတ်ပြန်ခဲ့ရာတွင် Move Forward ပါတီ၏ သြဇာကြီးမားသော ခေါင်းဆောင်ဖြစ်သည့် အသက် ၄၂ နှစ်အရွယ် ပီတလိုင်ဂျာရွန်ရတ်က ပထမဆုံးအကြိမ်အဖြစ် ဖြူထိုင်းပါတီမှ ပါအယ်ထုံထန်ထက် ရှေ့ရောက်နေခဲ့ပြီး ထောက်ခံမှုရာခိုင်နှုန်း ၃၅ ဒသမ ၄ ရာခိုင်နှုန်းရရှိခဲ့ကာ ပါအယ်ထုံထန်က ၂၉ ဒသမ ၂ ရာခိုင်နှုန်း ရရှိခဲ့သည်။

ထိုင်းလူငယ်များအကြား လူကြိုက်များ နေသည့် Move Forward ပါတီသည် လတ်တလော ကောက်ယူခဲ့သည့် လူထုသဘောထား စစ်တမ်းများတွင် ရေပန်းစားမှု သိသိသာသာ မြင့်တက်လာသည့် လက္ခဏာလည်း ဖြစ်သည်။

လူ ၂,၅၀၀ နှင့် ၁၁၄,၀၀၀ တို့ကို အသီးသီး ကောက်ယူခဲ့သည့် NIDA နှင့် Nation Media Group တို့၏ သဘောထားစစ်တမ်း နှစ်ရပ်စလုံးတွင်၂၀၀၁ ခုနှစ်နောက်ပိုင်း ကျင်းပခဲ့သည့် ရွေးကောက်ပွဲတိုင်းတွင် အနိုင်ရခဲ့သည့် အများကြိုက်ဝါဒီ အင်အားကြီး ဖြူထိုင်းပါတီနှင့် Move Forward ပါတီတို့သည် မေ ၁၄ ရက် ရွေးကောက်ပွဲမတိုင်မီ ရေပန်းအစားဆုံးအဖြစ် ပြတ်ပြတ်သားသား ဦးဆောင်နေကာ ရှေ့ဆင့်နောက်ဆင့် ရပ်တည်လျက်ရှိသည်။ ၎င်းပါတီနှစ်ခုလုံးသည် လက်ရှိ ဝန်ကြီးချုပ် ပရာယွတ် ချန်အိုချာ ဦးဆောင်သည့် ညီညွတ်သောထိုင်းနိုင်ငံပါတီထက် ထောက်ခံမှု သုံးဆခန့်ပိုမိုရရှိထားသည်။

ယင်းသဘောထားစစ်တမ်းများ၏ တိကျမှန်ကန်မှုကို ရိုက်တာသတင်းဌာနက သီးခြားအတည်ပြုနိုင်ခြင်း မရှိသော်လည်း ယင်းသည် ထိုင်းနိုင်ငံ၏ တိုးတက်ပြောင်းလဲရေး လိုလားသော အတိုက်အခံများအတွက် အားတက်စရာ အခြေအနေတစ်ခု ဖြစ်လာနိုင်ပြီး ထိုင်းစစ်တပ်နှင့် ဘုရင်စနစ်ထောက်ခံသော သြဇာကြီး ရှေးရိုးစွဲဝါဒီ အသိုင်းအဝိုင်းတို့နှင့်ဆက်နွှယ်နေသည့် အာဏာရ ညွန့်ပေါင်းအစိုးရ၏ ပါတီများအနေဖြင့် လာမည့်ရွေးကောက်ပွဲတွင် လွှတ်တော်ကိုထိန်းချုပ်နိုင်ရန် ခက်ခဲနိုင်ဖွယ်ရှိသည်။ ဖြူထိုင်းပါတီဦးဆောင်သော အစိုးရကို ဖြုတ်ချခဲ့သည့် ၂၀၁၄ ခုနှစ် စစ်တပ်အာဏာသိမ်းမှုအပြီးတွင် အာဏာရလာခဲ့သည့် ပရာယွတ်သည် NIDA ၏စစ်တမ်းတွင် ဝန်ကြီးချုပ်အဖြစ် ရေပန်းအစားဆုံးစာရင်း၌ တတိယနေရာ၌သာရှိသည်။

Most Read

Most Recent