၀ါရှင်တန်ကြေညာချက် (သို့မဟုတ်) ကင်ဂျုံအွန်ကို ပြတ်ပြတ်သားသား သတိပေးမှု

၀ါရှင်တန်ကြေညာချက် (သို့မဟုတ်) ကင်ဂျုံအွန်ကို ပြတ်ပြတ်သားသား သတိပေးမှု
Photo - AFP
Photo - AFP
Published 1 May 2023
TRANSLATED- ဖြိုးဟိန်းကျော်

မြောက်ကိုရီးယားအနေဖြင့် အမေရိကန်ပြည်ထောင်စု သို့မဟုတ် ၎င်း၏မဟာမိတ် တောင်ကိုရီးယားကို နျူကလီးယားလက်နက် အသုံးပြုမည်ဆိုလျှင် ကင်ဂျုံအွန်အစိုးရ၏ ဇာတ်သိမ်းခန်း ဖြစ်လာလိမ့်မည်ဟု အမေရိ ကန်နှင့် တောင်ကိုရီးယားတို့က ပြီးခဲ့သည့် သီတင်းပတ်တွင် သတိပေးခဲ့သည်။

တောင်ကိုရီးယားသမ္မတ ယွန်းဆော့ယို အမေရိကန်သို့ ခြောက်ရက်ကြာ နိုင်ငံတော်အဆင့် ခရီးစဉ်အဖြစ် ရောက်ရှိနေစဉ် ယင်းသို့ပြတ်ပြတ်သားသား သတိပေးချက် ထွက်ပေါ်လာခြင်းဖြစ်သည်။ ထိုခရီးစဉ်အတွင်း အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်နှင့် တောင်ကိုရီးယားသမ္မတို့သည် နျူကလီးယားလက်နက် ပိုင်ဆိုင်သော မြောက်ကိုရီးယား၏ခြိမ်းခြောက်မှု မြင့်တက်လာခြင်းနှင့် ရင်ဆိုင်နေရသည့် တောင်ကိုရီးယားအပေါ် အမေရိကန်က လုံခြုံရေးအရ အကာအကွယ်ပေးမှုကို တိုးမြှင့်ရန် ဆွေးနွေးခဲ့ကြသည်။

သို့ရာတွင် မြောက်ကိုရီးယားအပေါ် ပြတ်ပြတ်သားသား သတိပေးခဲ့သည့် ယင်းကြေညာချက်သည် မည်မျှသက်ရောက်မှု ရှိနိုင်ပါသနည်း။

 

၀ါရှင်တန်ကြေညာချက်ဆိုသည်မှာ

၀ါရှင်တန်ကြေညာချက်ဆိုသည်မှာ တောင်ကိုရီးယားအပေါ် အမေရိကန်ကနျူက လီးယားလက်နက် အင်အားဖြင့် အကာအကွယ်ပေးမှုကို တိုးမြှင့်ခြင်းပင်ဖြစ်သည်။

ယင်းကြေညာချက်တွင် ၁၉၈၀ ပြည့်လွန်နှစ်များနောက်ပိုင်း မြင်တွေ့ရခြင်း မရှိတော့သည့် အခြင်းအရာဖြစ်သော တောင်ကိုရီးယား၌ အမေရိကန်၏ နျူကလီးယားစွမ်းအင်သုံး ရေငုပ်သင်္ဘောတစ်စင်း ပုံမှန်ဖြန့်ကြက်ထားခြင်းနှင့် မြောက်ကိုရီးယားက တိုက်ခိုက်မှုပြုလုပ်လာခဲ့သော် သတင်းအချက်အလက် မျှဝေ မှုများတိုးမြှင့်ရေးကဲ့သို့သော အခြားအစီအမံများလည်း ပါဝင်သည်။

သို့ရာတွင် တောင်ကိုရီးယား၌ အမေရိကန်၏ နျူကလီးယားလက်နက်များ ဖြန့်ကြက်မည့် အစီအစဉ် မပါဝင်သကဲ့သို့ အကဲခတ်အချို့ကလည်း ယင်းကြေညာချက်၏ လက်တွေ့သက်ရောက်မှုအပေါ် သံသယရှိနေသည်။

“ထိရောက်မှုအကွာအဝေး ကီလိုမီတာ ၇,၄၀၀ ကျော်ရှိပြီး ရေငုပ်သင်္ဘောကနေ ပစ်လွှတ်တဲ့ ပဲ့ထိန်းဒုံးကျည် တပ်ဆင်ထားတဲ့ မဟာဗျူဟာမြောက် နျူကလီးယားစွမ်းအင်သုံး ရေငုပ်သင်္ဘောကို မြောက်ကိုရိးယားအနေနဲ့ စိုးရိမ်ပါ့မလားဆိုတာက မေးခွန်းထုတ်ချင်စရာပါပဲ”ဟု Sejong Institute ၏ မြောက်ကိုရီးယား အရေး လေ့လာမှုစင်တာမှ ချောင်ဆုန်းချန်က AFP သတင်းဌာနသို့ ပြောကြားခဲ့သည်။

ရေငုပ်သင်္ဘောသည် တောင်ကိုရီးယား ရေပိုင်နက်ထဲတွင် ရှိနေလျှင် ၎င်းရေငုပ် သင်္ဘော၏ တာဝေးပစ်ဒုံးကျည်သည် မြောက်ကိုရီးယားကို ထိမှန်နိုင်ဖွယ်မရှိကြောင်း ၎င်းက ဆိုသည်။

 

၀ါရှင်တန်ကြေညာချက်က သက်ရောက်မှုရှိနိုင်သလား

သမ္မတယွန်း၏ နိုင်ငံတော်အဆင့်ခရီးစဉ်သည် အမေရိကန်-တောင်ကိုရီးယား ဆက်ဆံရေး အဆင့်သစ်တစ်ခုအထိ တိုးတက်လာခြင်းကို မုချကိုယ်စားပြုနေပြီး လုံခြုံရေး၊ စီးပွားရေးနှင့် ယဉ်ကျေးမှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများ၏ ကျယ်ပြန့်နက်နဲမှုကို ထင်ထင်ရှားရှား ပြသခြင်းဖြစ်သည်ဟု ဆိုးလ်မြို့ရှိ အဲဟွာ တက္ကသိုလ်မှ ပါမောက္ခတစ်ဦးဖြစ်သူ အဲရစ်အီစလေက ဆိုသည်။

အမေရိကန်အစိုးရ တာဝန်ရှိသူများက ယင်းအစီအမံအသစ်သည် အမေရိကန်က ဥရောပကို ဆိုဗီယက်ယူနီယံ၏ အန္တရာယ်မှကာကွယ်ရန် လုပ်ဆောင်ခဲ့စဉ်က မြင်တွေ့ခဲ့ရသည့် လုပ်ဆောင်ချက်များနှင့် အလားသဏ္ဌာန်တူသည်ဟု ဆိုသည်။

သမ္မတယွန်းအနေဖြင့် မဟာမိတ်များ အပေါ်တိုက်ခိုက်မှုများကို နျူကလီးယားလက်နက် အပါအဝင် စစ်အင်အားဖြင့် တိုးမြှင့်ဟန့်တား ကာကွယ်ပေးမည်ဟူသော အမေရိကန်၏ ကတိကဝတ်အပေါ် စိုးရိမ်မှုမြင့်တက်လာသည့် တောင်ကိုရီးယားပြည်သူများ စိတ်ချလက်ချရှိစေရန် ကြိုးပမ်းလျက်ရှိသည်။

တောင်ကိုရီးယားအနေဖြင့် ကိုယ်ပိုင်နျူကလီးယား လက်နက်များတီထွင်သင့်သည်ဟု ပြည်သူအများစုက ယူဆနေပြီဖြစ်ကြောင်း လူထုသဘောထား စစ်တမ်းများက ထင်ဟပ်ဖော်ပြနေသည်။ သမ္မတယွန်း ကိုယ်တိုင်ကလည်း ယင်းနည်းလမ်းအတိုင်း လုပ်ဆောင်ဖွယ်ရှိကြောင်း အရိပ်အမြွက် ပြောဆိုခဲ့ဖူးသည်။

 

တောင်ကိုရီးယား နျူကလီးယားလက်နက် ပိုင်ဆိုင်လာနိုင်သလား

ယင်းသို့လုံးဝ ဖြစ်လာနိုင်မည်မဟုတ်ပေ။ ထို့ပြင် ယင်းသည် ပြဿနာများကို ဖြစ်စေနိုင်သည်ဟု ကျွမ်းကျင်သူများက ဆိုသည်။

“ထင်သာမြင်သာရှိတာ တစ်ခုကတော့ တောင်ကိုရီးယားအနေနဲ့ နျူကလီးယား လက်နက်ပိုင်ဆိုင်တဲ့နိုင်ငံ မဖြစ်ရေးကို သွယ်ဝိုက်တဲ့နည်းနဲ့ သဘောတူညီမှု ရယူခဲ့တာပဲဖြစ်တယ်” ဟု Policy Practice Area Lead at LMI Consulting မှ စီအိုင်အေ လေ့လာဆန်းစစ်သူဟောင်း ဆူကင်က ပြောကြားသည်။ တောင်ကိုရီးယား၏ နျူကလီးယားဆိုင်ရာ ရည်မှန်းချက်များ ကန့်သတ်ခံလိုက်ရခြင်းဖြစ်သည် ဟုလည်း ၎င်းက ဆိုသည်။

စတန်းဖို့ဒ်တက္ကသိုလ်မှ လူမှုဗေဒဆိုင်ရာ ပါမောက္ခနှင့် ကိုရီးယားအရေးကျွမ်းကျင်သူ ဂျီဝူရှင်းက ၀ါရှင်တန် ကြေညာချက်သည် ခြေတစ်လှမ်းရှေ့တိုးလိုက်ခြင်းဖြစ်သည်ဟု သုံးသပ်ခဲ့သည်။

“ပြည်တွင်းမှာ ကိုယ်ပိုင်နျူကလီးယား လက်နက်တီထွင်ဖို့ ပြင်းပြင်းပြပြ တောင်းဆိုလာကြတဲ့ တောင်ကိုရီးယားပြည်သူတွေကို လုံလောက်တဲ့ နှစ်သိမ့်မှုဖြစ်စေမယ်လို့တော့ မထင်ပါဘူး”ဟုလည်း ၎င်းက ပြောကြားခဲ့သည်။

 

မြောက်ကိုရီးယားက မည်သို့ လုပ်ဆောင်လာနိုင်သနည်း

အဓိက ရန်သူတော်များဖြစ်သည့် အမေရိကန်နှင့် တောင်ကိုရီးယားတို့ ပိုမိုနီးကပ်စွာ ပူးပေါင်းဆောင်ရွက်လာခြင်းသည် ကင်ဂျုံအွန်၏အစိုးရအဖို့ မဖြစ်မနေ စိုးရိမ်စရာ ဖြစ်လာမည်ဖြစ်ကာ လက်တုံ့ပြန်သည့်အနေဖြင့် နောက်ထပ်ဒုံးလက်နက် စမ်းသပ်မှုများကိုလည်း လုပ်ဆောင်လာဖွယ်ရှိသည်ဟု ကျွမ်းကျင်သူများက ဆိုသည်။

မြောက်ကိုရီးယားက အမေရိကန်၏ နျူကလီးယား အဟန့်အတား အာမခံချက်များကို အများအမြင်တွင် အလေးမထားဟန် ပြသလိမ့်မည်ဖြစ်ကြောင်း တောင်ကိုရီးယား အငြိမ်းစားစစ်ဗိုလ်ချုပ်ကြီး ချွန်းအင်ဘန်းက AFP သို့ ပြောကြားခဲ့သည်။

သို့သော် စင်စစ်အားဖြင့် ၎င်းတို့ နျူကလီးယားလက်နက် အသုံးပြုလျှင် ၎င်းတို့အစိုးရ၏ အဆုံးသတ်ဖြစ်သွားမည့် သတင်းစကားကိုလည်း နားလည်သိရှိလိမ့်မည်ဖြစ်သည်။

တိုင်းပြည်စီးပွားရေး ချွတ်ခြုံကျနေသော်လည်း ဂျီဒီပီပမာဏ အများအပြားကို တားမြစ်ခံ နျူကလီးယားလက်နက် အစီအစဉ်အတွက် ဆယ်စုနှစ်များနှင့်ချီ အသုံးပြုခဲ့သည့် မြောက်ကိုရီးယားအနေဖြင့် ၎င်းတို့၏လမ်းစဉ်ကို ပြောင်းလဲလိမ့်မည်မဟုတ်ဟု ကျွမ်းကျင်သူများက သုံးသပ်သည်။

“မြောက်ကိုရီးယားအနေနဲ့ ခြိမ်းခြောက်မှုတွေကြောင့် အလျှော့ပေးပြီး သူတို့ရဲ့ နျူကလီးယား လက်နက်တွေကို စွန့်လွှတ်ဖို့ကတော့ ဖြစ်နိုင်ခြေမရှိပါဘူး”ဟု ဆိုးလ်မြို့ရှိ မြောက်ကိုရီးယားအရေး လေ့လာမှုဆိုင်ရာ တက္ကသိုလ်၏ ဥက္ကဋ္ဌဖြစ်သူ ယန်မူဂျင်းက ဆိုသည်။

 

ထရန့်အာဏာပြန်ရလာခဲ့သော် ...

၀ါရှင်တန်ကြေညာချက်ဟုဆိုသော သဘောတူညီချက်၏ အဓိကပြဿနာမှာ ယင်းသဘောတူညီချက်တွင် ပြဿနာတစ်စုံတစ်ရာ ရှိနေခြင်းကြောင့် မဟုတ်ဘဲ လာမည့်အမေရိကန်သမ္မတရွေးကောက်ပွဲရလဒ် အပေါ် တည်မှီနေခြင်းကြောင့်ပင် ဖြစ်သည်ဟု Chicago Council on Global Affairs မှ ကျွမ်းကျင်သူ ကားလ်ဖရိုင်းဟော့ဖ်က ပြောကြားခဲ့သည်။

လာမည့်ရွေးကောက်ပွဲတွင် သမ္မတဟောင်း ဒေါ်နယ်ထရန့် အာဏာပြန်ရလာမည် ဆိုလျှင် တောင်ကိုရီးယားအဖို့ အပူတပြင်းဆွေးနွေးစရာ ဖြစ်လာလိမ့်မည်ဟုလည်း ၎င်းကဆိုသည်။

အမေရိကန်-တောင်ကိုရီးယား ဆက်ဆံရေးအတွက် အကြီးမားဆုံးစိန်ခေါ်မှုမှာ နှစ်နိုင်ငံမဟာမိတ် ဆက်ဆံရေးသည် အမေရိကန်၏ နိုင်ငံရေးအပေါ် အမှန်တကယ် လွှမ်းမိုးသက်ရောက်နိုင်စွမ်း မရှိခြင်းပင်ဖြစ်သည်ဟုလည်း ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။

“အိမ်ဖြူတော်ကို ရီပက်ဘလီကင်တွေ ပြန်ရောက်လာမှာကို၊ အထူးသဖြင့် ထရန့်ပြန် ရောက်လာမှာကို တောင်ကိုရီးယား ပြည်တွင်း မှာ အလေးအနက် စိုးရိမ်မှုတွေရှိနေပါတယ်။ ၂၀၂၄ သမ္မတရွေးကောက်ပွဲမှာ ထရန့် အနိုင်ရသွားမယ်ဆိုရင် အမေရိကန်-တောင်ကိုရီးယား ဆက်ဆံရေးဟာ မခန့်မှန်းနိုင်လောက်တဲ့ အလှည့်အပြောင်းတွေ ဖြစ်သွားနိုင်တယ်” ဟုလည်း ၎င်းက ဆိုသည်။

ယင်းသဘောတူညီချက်သစ်သည် တောင်ကိုရီးယား၏ လုံခြုံရေးအတွက် အာမခံသည့် ပထမဆုံးနှင့် အထင်ကရအဖြစ်ဆုံး သဘောတူညီချက်ဖြစ်ကာ အမေရိကန်၏ နျူကလီးယားလက်နက် အင်အားဖြင့် အကာ အကွယ်ပေးမှုသည် ယုံကြည်အားကိုးထိုက်ကြောင်း သက်သေပြမှုလည်းဖြစ်သည်ဟု မဟာဗျူဟာနှင့် နိုင်ငံတကာလေ့လာရေးစင်တာမှ နျူကလီးယား ကိစ္စရပ်များဆိုင်ရာ ပရောဂျက်၏ ဒါရိုက်တာဖြစ်သူ ကယ်ဆေး ဟာတီဂန်က ပြောကြားခဲ့သည်။

အမေရိကန် ပြည်ထောင်စုက အစဉ်တစိုက် ဆုပ်ကိုင်ထားခဲ့သည့် ရည်မှန်းချက်မှာ ကိုရိးယားကျွန်းဆွယ်တွင် အလုံးစုံ နျူကလီးယားကင်းစင်ရေးပင်ဖြစ်ပြီး ထိုရည်မှန်းချက်ကို ပြောင်းလဲဖွယ်မရှိပေ။

Northeastမှ အကြီးတန်း ကျွမ်းကျင်သူတစ်ဦး ဖြစ်သည့် ဖရန့်ခ်အွန်းကမူ မြောက်ကိုရီးယားက အမေရိကန်နှင့် တောင်ကိုရီးယားတို့၏ သဘောတူညီချက်သစ်အပေါ် လက်တုံ့ပြန်မှုလုပ်ဆောင်လာဖွယ်ရှိသည်ဟု သတိပေးခဲ့ သည်။

“အခုအချိန်မှာ မိမိတို့ဘက်က အင်အားပြတဲ့လုပ်ရပ်မျိုး လုပ်ဆောင်မယ်ဆိုရင် မြောက်ကိုရီးယားကလည်း တန်ပြန်အင်အားပြတဲ့ လုပ်ရပ်တွေ လုပ်လာနိုင်ပါတယ်။ ဂြိုဟ်တုလွှတ်တင်တာ ဒါမှမဟုတ် ခုနစ်ကြိမ်မြောက် နျူကလီးယားစမ်းသပ်တာတွေ ဖြစ်နိုင်တယ်” ဟုလည်း ၎င်းက ဆိုသည်။             

Ref: AFP