အရေးပေါ်အခြေအနေ ကြေညာထားသည့်အချိန်တွင် ပြည်တွင်းပြည်ပမှ အကြမ်းဖက်ဝါဒီများက နိုင်ငံအလုံးစုံပျက်သုဉ်းစေရန် နည်းလမ်းပေါင်းစုံဖြင့် အစွမ်းကုန်အားထုတ်ဖျက်ဆီးနေကြကြောင်း နစကဥက္ကဋ္ဌ ပြောကြား

အရေးပေါ်အခြေအနေ ကြေညာထားသည့်အချိန်တွင် ပြည်တွင်းပြည်ပမှ အကြမ်းဖက်ဝါဒီများက နိုင်ငံအလုံးစုံပျက်သုဉ်းစေရန် နည်းလမ်းပေါင်းစုံဖြင့် အစွမ်းကုန်အားထုတ်ဖျက်ဆီးနေကြကြောင်း နစကဥက္ကဋ္ဌ ပြောကြား
Published 21 March 2023

အရေးပေါ်အခြေအနေ ကြေညာထားသည့်အချိန်တွင် ပြည်တွင်းပြည်ပမှ အကြမ်းဖက်ဝါဒီများက နိုင်ငံအလုံးစုံပျက်သုဉ်းစေရန် နည်းလမ်းပေါင်းစုံဖြင့် အစွမ်းကုန်အား ထုတ်ဖျက်ဆီးနေကြကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားသည်။

မတ် ၁၉ ရက်တွင် ကျရောက်သည့် (၄၉)နှစ်မြောက် မွန်ပြည်နယ်နေ့အခမ်းအနားသို့ ပေးပို့သည့်သဝဏ်လွှာတွင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ထိုသို့ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က လက်ရှိအခြေအနေတွင် မွန်ပြည်နယ်၏ ဒေသတချို့အပါအဝင် ဆူပူအကြမ်းဖက်မှုများ၊ တရားဥပဒေကို ဖောက်ဖျက်ကျူးလွန်မှုများ၊ နိုင်ငံတော်ကို အဖျက်အမှောင့် ပြုလုပ်နေကြခြင်းများကြောင့် ပြည်နယ်၏ သမိုင်းအစဉ်အလာကောင်းများကို မှေးမှိန်စေပြီး နိုင်ငံအတွက် အလွန်အန္တရာယ်ကြီးမားလှသဖြင့် နိုင်ငံတော်ပြိုကွဲအောင်၊ ဒေသအေးချမ်း တည်ငြိမ်ဖွံ့ဖြိုးရေးကို ပျက်စီးအောင်လုပ် ဆောင်နေကြသူများကို သတိထားဆောင်ရွက်သွားရန်နှင့် ၀ိုင်းဝန်းထိန်းသိမ်းကာကွယ်စောင့်ရှောက်သွားကြရန် အထူးပင်လိုအပ်မည်ဖြစ်ကြောင်း ပြောကြားသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် နိုင်ငံတော်တည်ငြိမ်အေးချမ်းပြီး အဘက်ဘက်မှ ဖွံ့ဖြိုးတိုးတက်စေရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိသော်လည်း မိမိတို့နိုင်ငံ၏ ကောင်းရာကောင်းကျိုးနှင့် ဖွံ့ဖြိုးတိုးတက်မှုကို မလိုလားသော ပြည်ပနိုင်ငံများနှင့် နိုင်ငံတကာအဖွဲ့အစည်းများ၊ ပြည်ပသြဇာခံပြည်ပြေးအဖွဲ့များနှင့် နိုင်ငံနှင့် ပြည်သူလူထုကို သစ္စာဖောက်ဖျက်နေသော အဖွဲ့အစည်းများ၊ နိုင်ငံအကျိုးကို ပစ်ပယ်ပြီး မိမိအာဏာရရှိရေးနှင့် ကိုယ်ကျိုးအတ္တကိုသာ ရှေ့တန်းတင်၍ အလုံးစုံပျက်စီးရေးကို ပြုလုပ်နေကြသူများကြောင့် နိုင်ငံတော်တည် ငြိမ်အေးချမ်းမှုများ ယိုယွင်းလျက်ရှိသည်ကို အားလုံးအသိပင်ဖြစ်ကြောင်း၊ ထိုကဲ့သို့ မိမိတို့နိုင်ငံကို ဒုက္ခရောက်စေမည့်လုပ်ရပ်များကို ၀ိုင်းဝန်းကာကွယ် ထိန်းသိမ်းစောင့်ရှောက်ရမည်မှာ မိမိတို့နိုင်ငံသား၊ တိုင်းရင်းသား ပြည်သူအားလုံး၏ တာဝန်ပင်ဖြစ်ကြောင်း ၎င်းက ပြောကြားသည်။

နိုင်ငံတော်တည်ငြိမ်အေးချမ်းမှု၊ လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးသည် နိုင်ငံဖွံ့ဖြိုးတိုးတက်မှုတွင် အရေးပါသည့်အလျောက် လက်နက်ကိုင်ပဋိပက္ခချုပ်ငြိမ်းရေးကို ကြိုးပမ်းဆောင်ရွက်ခြင်းဖြင့် မိမိတို့၏ လိုလားချက်နှင့်အညီ ဦးတည်ချက်ထား၍ ဖော်ဆောင်နေသည့် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသော ပြည်ထောင်စုကြီးဖြစ်ပေါ်လာစေရေးအတွက် တိုင်းရင်းသားပြည်သူအားလုံးက နိုင်ငံတော်နှင့်အတူ လက်တွဲဖော်ဆောင်ကြရန် တိုက်တွန်းအပ်ကြောင်း ၎င်းက ဆိုသည်။

ယခုအခါ မိမိတို့နိုင်ငံသည် အရေးပေါ်အခြေအနေကို ကြေညာထားသည့် ကာလတစ်ရပ်ကို ဖြတ်သန်းနေရဆဲဖြစ်ပြီး ပြည်တွင်းပြည်ပမှ အကြမ်းဖက်ဝါဒီများက နိုင်ငံကိုအလုံးစုံပျက်သုဉ်းစေရေးအတွက် နည်းလမ်းပေါင်းစုံဖြင့် ဥပဒေမဲ့၊ ကျင့်ဝတ်သိက္ခာမဲ့၊ စည်းမဲ့ကမ်းမဲ့ဖြင့် အစွမ်းကုန်အားထုတ် ဖျက်ဆီးနေကြဆဲဖြစ်ကြောင်း၊ ဆူပူအကြမ်းဖက်၊ မီးရှို့၊ လူသတ်၊ ဖောက်ခွဲဖျက်ဆီး၊ လုယက်ဓားပြတိုက် စသည့်လုပ်ရပ်များကို လက်မရွံ့ကျူးလွန်နေကြသည့်နည်းတူ လူမှုရေး၊ ပညာရေး၊ ကျန်းမာရေး၊ ယဉ်ကျေးမှု၊ ဘာသာရေးစသည့် ဘက်ပေါင်းစုံတို့တွင်လည်း အတွေးမှား၊ အမြင်မှားများ ဖြစ်ပေါ်လာအောင်၊ အတွေးအခေါ်များ အဆိပ်သင့်လာအောင် မီဒီယာနည်းလမ်းများကို အသုံးပြုဆောင်ရွက်လျက်ရှိရာ ရုပ်ပိုင်းဆိုင်ရာအရ အကြမ်းဖက်မှုများသာမက စိတ်ပိုင်းဆိုင်ရာအရ အကြမ်းဖက်မှုများကိုပါ သတိပြုရှောင်ရှားကြရန် လိုအပ်မည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

တော်လှန်ရေးဟူ၍အမည်တပ်ကာ မိမိတို့အား ထောက်ခံသူများနှင့် မသိနားမလည်သူများ၏ ဘဝများကို ရင်းနှီးစတေး၍ အာဏာကိုအချောင်ရယူရန် ကြိုးပမ်းအမြတ်ထုတ်နေကြသူများ၊ ခေါင်းစဉ်အမျိုးမျိုးတပ်၍ လိမ်လည်လှည့်ဖြားကာ ကိုယ်ကျိုးရှာသူများကိုလည်း ၀ိုင်းဝန်းဖော်ထုတ်နိုင်ရေး ဆောင်ရွွက်ကြရန် ၎င်းက ပြောကြားခဲ့သည်။

Most Read

Most Recent