ငြိမ်းချမ်းရေးခရီးစဉ်ဟု အမွှမ်းတင်ထားသည့် တရုတ်သမ္မတရှီကျင်းပင်၏ ရုရှားသို့ နိုင်ငံတော်အဆင့်ခရီးစဉ် စတင်

ငြိမ်းချမ်းရေးခရီးစဉ်ဟု အမွှမ်းတင်ထားသည့် တရုတ်သမ္မတရှီကျင်းပင်၏ ရုရှားသို့ နိုင်ငံတော်အဆင့်ခရီးစဉ် စတင်
၂၀၁၉ ခုနှစ် ဇွန်လ ၇ ရက်က ရုရှားနိုင်ငံ စိန့်ပီတာစဘတ်မြို့၌ ပြုလုပ်သည့် အပြည်ပြည်ဆိုင်ရာ စီးပွားရေးဖိုရမ်တွင် တရုတ်သမ္မတရှီကျင်းပင်(ဝဲ)နှင့် ရုရှားသမ္မတ ဗလာဒီမာပူတင်(ယာ)တို့ တွေ့ဆုံစဉ်  Photo: AFP
၂၀၁၉ ခုနှစ် ဇွန်လ ၇ ရက်က ရုရှားနိုင်ငံ စိန့်ပီတာစဘတ်မြို့၌ ပြုလုပ်သည့် အပြည်ပြည်ဆိုင်ရာ စီးပွားရေးဖိုရမ်တွင် တရုတ်သမ္မတရှီကျင်းပင်(ဝဲ)နှင့် ရုရှားသမ္မတ ဗလာဒီမာပူတင်(ယာ)တို့ တွေ့ဆုံစဉ် Photo: AFP
Published 20 March 2023
Ref: AFP

တရုတ်အနေဖြင့် ယူကရိန်းစစ်ပွဲတွင် စေ့စပ်ညှိနှိုင်းပေးသည့် အခန်းကဏ္ဍမှပါဝင်ရန် ကြိုးပမ်းနေစဉ် ငြိမ်းချမ်းရေးခရီးစဉ်ဟု တရုတ်က အမွှမ်းတင်ထားသော သမ္မတ ရှီကျင်းပင်၏ ရုရှားခရီးစဉ်ကို မတ်လ ၂၀ ရက်တွင် စတင်ခဲ့သည်။

သုံးရက်ကြာ သွားရောက်မည့် သမ္မတရှီ၏ နိုင်ငံတော်အဆင့်ခရီးစဉ်သည် တရုတ်၏ အဓိကမဟာမိတ်ဖြစ်သည့် ရုရှားသို့ လေးနှစ်နီးပါးအတွင်း ပထမဆုံးအကြိမ် သွားရောက်ခြင်းဖြစ်သည်။ ၎င်းခရီးစဉ်သည် နှစ်နိုင်ငံဆက်ဆံရေးကို ကဏ္ဍသစ်တစ်ရပ် ဖွင့်လှစ်မှုဖြစ်ကြောင်း ရုရှားနိုင်ငံကလည်း ပြောကြားထားသည်။

ရုရှားက အိမ်နီးချင်း ယူကရိန်းကို စစ်ပွဲဆင်နွှဲခဲ့သည်မှာ တစ်နှစ်ကျော် ကြာမြင့်လာသကဲ့သို့ ၎င်းအနေဖြင့် နိုင်ငံတကာမျက်နှာစာတွင် အထီးကျန်ဖြစ်လာချိန်တွင် သမ္မတရှီ၏ခရီးစဉ် ပေါ်ပေါက်လာခြင်းဖြစ်သည်။

သမ္မတရှီကျင်းပင်အနေဖြင့်ရုရှားနှင့် ယူကရိန်းအကြား ငြိမ်းချမ်းရေးဆွေးနွေးမှုများ ဖြစ်ပေါ်လာအောင် တွန်းအားပေးဖွယ်ရှိသည့် အခြေအနေတို့ကြောင့် ၎င်းခရီးစဉ်ကို အနောက်နိုင်ငံများက အနီးကပ်စောင့်ကြည့် လျက်ရှိသည်။

ယူကရိန်းစစ်ပွဲ စတင်ဖြစ်ပွားပြီးနောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် သမ္မတရှီသည် ယူကရိန်းသမ္မတ ဗိုလိုဒီမာဇယ်လန်စကီးနှင့် ဆွေးနွေးရန် ပြင်ဆင်နေဖွယ်ရှိကြောင်း ဝေါလ်စထရိဂျာနယ်က ဖော်ပြခဲ့သည်။

တရုတ်နှင့် ရုရှားခေါင်းဆောင်တို့သည် မတ်လ ၂၀ ရက်တွင် သီးသန့်အလွတ်သဘော တွေ့ဆုံမှုပြုလုပ်ကာ ညစာအတူတကွ သုံးဆောင်မည်ဖြစ်ပြီး မတ်လ ၂၁ ရက်တွင် ဆွေးနွေးညှိနှိုင်းများ ဆက်လက်ပြုလုပ်သွားမည်ဟု သမ္မတပူတင်၏ နိုင်ငံခြားမူဝါဒရေးရာ ထိပ်တန်းအကြံပေး ယူရီ အူရှာကော့ဗ်က ပြည်တွင်း သတင်းဌာနများကို ပြောကြားခဲ့သည်။

 ခေါင်းဆောင်နှစ်ဦးသည် ခေတ်သစ်ကာလသို့ ရောက်ရှိလာသည့် နှစ်နိုင်ငံအကြား ဘက်ပေါင်းစုံ ပူးပေါင်းဆောင်ရွက်ရေးနှင့် မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေးကို အခိုင်အမာဖော်ဆောင်မည့် သဘောတူညီချက်တစ်ရပ်တွင် လက်မှတ်ရေးထိုးသွားမည်ဖြစ်ကာ ၂၀၃၀ ခုနှစ်အထိ ရုရှား-တရုတ် စီး ပွားရေး ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ပူးတွဲကြေညာချက်ကို ထုတ်ပြန်သွားမည်ဟု ရုရှားအစိုးရက ပြောဆိုထားသည်။

အရှေ့အလယ်ပိုင်း၏ ရန်ဘက်နိုင်ငံများဖြစ်သည့် ဆော်ဒီနှင့် အီရန်တို့အကြား အံ့အားသင့်ဖွယ် သံတမန်ဆက်ဆံရေး ပြေလည်လာစေရန် ကြားဝင်စေ့စပ်ပေးနိုင်ခဲ့ပြီး ကမ္ဘာ့အင်အားကြီး နိုင်ငံတစ်ခုအဖြစ် ၎င်း၏သြဇာကို ပြသခဲ့သည့် တရုတ်သည် နိုင်ငံတကာမျက်နှာစာတွင် ငြိမ်းချမ်းရေး သံတမန်အဖြစ် နေရာယူရန် စိတ်အားထက်သန်လျက်ရှိသည်။

သမ္မတရှီနှင့် သမ္မတပူတင်တို့သည် ၎င်းတို့၏ မဟာမိတ်ဆက်ဆံရေး တည်တံ့ခိုင်မာမှုအတွက် မတ်လ ၂၀ ရက်တွင် ချီးကျူးပြောဆိုခဲ့သည်။ မိမိ၏ ရုရှားခရီးစဉ်သည် ချစ်ကြည်ရင်းနှီးမှု၊ ပူးပေါင်းဆောင်ရွက်မှုနှင့် ငြိမ်းချမ်းမှုကို ကိုယ်စားပြုသည့် ခရီးစဉ်ဖြစ်ကြောင်း ရှီက ပြောကြားခဲ့သည်။

တရုတ်အနေဖြင့် ယူကရိန်းစစ်ပွဲတွင် ကြားနေနိုင်ငံအဖြစ် ရပ်တည်ရန် ကြိုးပမ်းနေပြီး ယူကရိန်းနှင့် ရုရှားတို့အကြား ငြိမ်းချမ်းရေးဆွေးနွေးမှုများ ဖြစ်ထွန်းလာအောင် အပြုသဘောဆောင်သည့် အခန်းကဏ္ဍမှ ပါဝင်သွားမည်ဟု ပြောဆိုထားသည်။