ပအိုဝ်း​ဒေသတည်ငြိမ်​အေးချမ်း​ရေးအား ထိခိုက်​စေသည့် KNPP၊ KNDF အဖွဲ့များကို လိုအပ်သည့်အ​ရေးယူ​ဆောင်ရွက်မှုများ ဆက်လက်ဆောင်ရွက်မည်ဟု နစက ​ပြော​ရေး​ဆိုခွင့်ရှိသူပြောကြား

ပအိုဝ်း​ဒေသတည်ငြိမ်​အေးချမ်း​ရေးအား ထိခိုက်​စေသည့် KNPP၊ KNDF အဖွဲ့များကို လိုအပ်သည့်အ​ရေးယူ​ဆောင်ရွက်မှုများ ဆက်လက်ဆောင်ရွက်မည်ဟု နစက ​ပြော​ရေး​ဆိုခွင့်ရှိသူပြောကြား
Published 14 March 2023

ရှမ်းပြည်နယ် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတည်ငြိမ်အေးချမ်းရေးအား ထိခိုက်စေသည့် KNPP၊ KNDF အဖွဲ့များကို လုံခြုံရေးအရ လိုအပ်သည့်အရေးယူဆောင်ရွက်မှုများ ပြင်းပြင်းထန်ထန်ဆက်လက် ဆောင်ရွက်မည်ဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်ဇော်မင်းထွန်းကပြောကြားသည်။

ပင်လောင်းမြို့နယ်၊ နမ့်နိမ့်ရွာ ဘုန်းကြီးကျောင်းတွင် သံဃာသုံးပါးနှင့် ပြည်သူများအား တပ်မတော်က ကယား PDF ဟု စွပ်စွဲပြီး အစုလိုက်၊ အပြုံလိုက်ပစ်ခတ်သတ်ဖြတ်ခဲ့ကြောင်း မီဒီယာများတွင် ဖော်ပြမှုနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ရေးအဖွဲ့၏ Viber Group တွင် မီဒီယာအချို့၏ မေးမြန်းမှုအပေါ် ပြန်လည်ဖြေကြားရာတွင် ဗိုလ်ချုပ်ဇော်မင်းထွန်းက အထက်ပါအတိုင်းထည့်သွင်းပြောကြားခြင်းဖြစ်သည်။

“ကျွန်တော်ပြောချင်တာကတော့ ပအိုဝ်းဒေသသည် အစဉ်အဆက်ငြိမ်းချမ်းလာတဲ့ ဒေသဖြစ်တဲ့အတွက် တောင်ပိုင်းမှာ ရှိတဲ့ KNPP၊ KNDF အဖွဲ့တွေအနေနဲ့ ပအိုဝ်းဒေသရဲ့တည်ငြိမ်အေးချမ်းရေးကို ဖျက်စီးဖို့၊ ပြီးရင် အစိုးရနဲ့တပ်မတော်၊ ပြီးရင် ဒေသခံပအိုဝ်းပြည်သူလူထုအကြားမှာ ထင်ယောင်ထင်မှားဖြစ်စေဖို့အတွက် ဒီသတင်း​​တွေကို ထုတ်လွှင့်နေခြင်းဖြစ်တယ်။ ပြစ်မှုကျူးလွန်ခဲ့သူဟာ စစ်ရာဇဝတ်မှု ကျူးလွန်ခဲ့သူ​​တွေဟာ ဒီလူတွေပဲဖြစ်တယ်လို့ပြောချင်ပါတယ်။ ကျွန်တော်တို့ တပ်မတော်အနေနဲ့ကတော့ ပအိုဝ်းဒေသတည်ငြိမ်အေးချမ်းရေးနဲ့ ပအိုဝ်းပြည်သူလူထုရဲ့အသက်အိုးအိမ်စည်းစိမ်ကို ထိခိုက်စေခဲ့တဲ့ KNPP၊ KNDF အဖွဲ့တွေကို ထပ်မံပြီးတော့ လုံခြုံရေးအရလိုအပ်တဲ့ အရေးယူ​​ဆောင်ရွက်မှုတွေကို ပြင်းပြင်းထန်ထန် ဆက်လက်ဆောင်ရွက်သွားမယ်လို့ပဲ ပြောချင်ပါတယ်” ဟု ဗိုလ်ချုပ်​​​ဇော်မင်းထွန်းက ပြောကြားသည်။

၂၀၂၃ ခုနှစ် မတ် ၁၁ ရက်တွင် KNDF နှင့် KNPP အဖွဲ့များသည် ပင်လောင်းမြို့နယ်၊ နမ့်နိမ့်ရွာသို့ဝင်ရောက်၍ ခြိမ်းခြောက်မှုများ ပြုလုပ်ခဲ့ကြောင်း၊ ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ တပ်မ​​တော်အနေဖြင့် ​​ဒေသခံပြည်သူ့စစ်များနှင့် ပူးပေါင်းပြီး နယ်မြေလုံခြုံရေးဆောင်ရွက်ခဲ့ကြောင်း ဗိုလ်ချုပ်​​ဇော်မင်းထွန်းက ပြောကြားသည်။

ဗိုလ်ချုပ်ဇော်မင်းထွန်းက “မတ်လ ၁၁ ရက်နေ့ ၉ နာရီမှာ အဲ့ရွာနားရောက်တဲ့အခါမှာ KNDF၊ PDF၊ KNPP အဖွဲ့တွေက တပ်မတော်စစ်ကြောင်းတွေ၊ ​​ဒေသခံပြည်သူ့စစ်တွေကို စတင်တိုက်ခိုက်ခဲ့တာရှိတယ်။ ချောင်းမြောင်း ပစ်ခတ်ခဲ့တာရှိတယ်။ ဒါနဲ့ပတ်သက်ပြီး ကျွန်တော်တို့တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။ ပြီးရင် ဒီအဖွဲ့တွေအ​​နေနဲ့ တည်ငြိမ်အေးချမ်းနေတဲ့ ပအိုဝ်းရွာတစ်ရွာဖြစ်တဲ့ နမ့်နိမ့်ကျေးရွာ၊ အဲကျေးရွာထဲကိုဝင်တယ်။ ဝင်ပြီးတော့ ပစ်ခတ်ခဲ့တာမျိုးတွေရှိတယ်။ ကျွန်တော်တို့ အနေနဲ့ ဒီအဖွဲ့တွေကို တိုက်ခိုက်ခဲ့ရတာမျိုးတွေရှိတယ်။ အဲဒီမှာ ကျွန်တော်တို့နောက်ပိုင်းမှာ အလောင်းလက်နက်တချို့ရရှိခဲ့တာရှိတယ်” ဟု ပြောကြားသည်။

မတ် ၁၁ ရက် ညနေပိုင်းတွင်လည်း KNDF၊ KNPP အဖွဲ့များနှင့် တိုက်ပွဲများ ထပ်မံဖြစ်ပွားခဲ့ပြီး အဆိုပါဖြစ်စဉ်သည် ပအိုဝ်းဒေသ၏ ငြိမ်းချမ်းနေမှု၊ ပအိုဝ်းဒေသ၏ ဖွံ့ဖြိုးတိုးတက်နေမှုကို ဖျက်စီးရန်အတွက် ယင်းအဖွဲ့များက လာ​​ရောက်ဆောင်ရွက်ခြင်းဖြစ်ကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။

“ရည်ရွယ်ချက်နဲ့ဆောင်ရွက်တာဖြစ်တယ်။ ပြီးရင်လည်း တည်ငြိမ်အေးချမ်းနေတဲ့ ပအိုဝ်းဒေသခံတွေ၊ ပအိုဝ်းပြည်သူ့စစ်တွေ၊ ဒေသခံလုံခြုံရေးအဖွဲ့တွေနဲ့ တပ်မတော်ကြားထဲကို ထင်ယောင်ထင်မှားဖြစ်စေဖို့ လုပ်ဆောင်တာမျိုးဖြစ်တယ်။ ကျွန်တော်တို့အနေန့်က KNDF၊ PDF၊ KNPP အဖွဲ့တွေကိုပဲ တိုက်ခိုက်ခဲ့တာဖြစ်တယ်” ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။

KNPP၊ KNDF အဖွဲ့များက ပင်လောင်းမြို့နယ်၊ နမ့်နိမ့်ရွာအတွင်း ဝင်​​ရောက်ပစ်ခတ်ခဲ့ခြင်းကြောင့် ရွာသူရွာသားအချို့ သေဆုံးခြင်း၊ ထိခိုက်ဒဏ်ရာရရှိခဲ့ခြင်းများကို တွေ့ရသလို ထွက်​​ပြေးတိမ်းရှောင်နေသူများလည်းရှိကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။

Most Read

Most Recent