အမေရိကန်နှင့် တောင်ကိုရီးယားတို့က အကြီးစားစစ်ရေးလေ့ကျင့်မှုများကို စတင်နေစဉ် မြောက်ကိုရီးယားက ခရုစ်ဒုံးကျည်နှစ်စင်း စမ်းသပ်ပစ်လွှတ်

အမေရိကန်နှင့် တောင်ကိုရီးယားတို့က အကြီးစားစစ်ရေးလေ့ကျင့်မှုများကို စတင်နေစဉ် မြောက်ကိုရီးယားက ခရုစ်ဒုံးကျည်နှစ်စင်း စမ်းသပ်ပစ်လွှတ်
ဂျောင်ပိုပင်လယ်အော်တွင် မြောက်ကိုရီးယားက ရေအောက်မှမဟာဗျူဟာမြောက် ခရုစ်ဒုံးကျည်စမ်းသပ်မှု လုပ်ဆောင်ခဲ့ပုံကို မတ်လ ၁၃ ရက်တွင်  နိုင်ငံပိုင်မီဒီယာက ထုတ်ပြန်ခဲ့သည့် ဓာတ်ပုံတွင်တွေ့ရစဉ် Photo: AFP
ဂျောင်ပိုပင်လယ်အော်တွင် မြောက်ကိုရီးယားက ရေအောက်မှမဟာဗျူဟာမြောက် ခရုစ်ဒုံးကျည်စမ်းသပ်မှု လုပ်ဆောင်ခဲ့ပုံကို မတ်လ ၁၃ ရက်တွင်  နိုင်ငံပိုင်မီဒီယာက ထုတ်ပြန်ခဲ့သည့် ဓာတ်ပုံတွင်တွေ့ရစဉ် Photo: AFP
Published 13 March 2023
  Ref: AFP

အမေရိကန် ပြည်ထောင်စုနှင့် တောင်ကိုရီးယားတို့က ငါးနှစ်အတွင်း ၎င်းတို့၏ အကြီးမားဆုံး စစ်ရေးလေ့ကျင့်မှုများကို စတင်ခဲ့စဉ် ရေငုပ်သင်္ဘောဆီမှ မဟာဗျူဟာမြောက် ခရုစ်ဒုံးကျည်နှစ်စင်းကို စမ်းသပ်ပစ်လွှတ်ခဲ့ကြောင်း မြောက်ကိုရီးယားက မတ်လ ၁၃ ရက်တွင် ပြောကြားခဲ့သည်။

နျူကလီးယားလက်နက် ပိုင်ဆိုင်သည့်မြောက်ကိုရီးယားက ယင်းစမ်းသပ်မှုသည် မိမိတို့၏ နျူကလီးယားစစ်ပွဲ အဟန့်အတားအစီအမံများကို နေရာအသီးသီးမှ စိစစ်အကဲဖြတ်ခြင်းဖြစ်ကြောင်း ပြောကြားခဲ့ပြီး Freedom Shield ဟုအမည်ရသော အမေရိကန်နှင့်တောင်ကိုရီးယားတို့၏ ပူးတွဲစစ်ရေးလေ့ကျင့်မှုများကို ပြင်းထန်စွာ ဝေဖန်ခဲ့သည်။

မြောက်ကိုရီးယား၏ ခြိမ်းခြောက်မှုများ ကြီးထွားလာမှုကို တန်ပြန်ရန်ကြိုးပမ်းသည့် အနေဖြင့်မဟာမိတ် နှစ်နိုင်ငံဖြစ်သည့် အမေရိကန်နှင့် တောင်ကိုရီးယားတို့သည် မတ်လ ၁၃ ရက်မှစတင်ကာ အဆိုပါ ပူးတွဲစစ်ရေးလေ့ကျင့်မှုများကို ၁၀ ရက်ကြာ ပြုလုပ်သွားမည် ဖြစ်သည်။

၎င်းစစ်ရေးလေ့ကျင့်မှု မတိုင်မီကလည်း အမေရိကန်နှင့် တောင်ကိုရီးယားတို့သည် နျူကလီးယားဗုံး သယ်ဆောင်နိုင်သည့် အမေရိကန်၏ B-52 အကြီးစားဗုံးကြဲလေယာဉ် ပါဝင်သည့် လေကြောင်းစစ်ရေးလေ့ကျင့်မှုများကို ပြီးခဲ့သည့်သီတင်းပတ်ထဲတွင် ပြုလုပ်ခဲ့သည်။

“မဟာဗျူဟာမြောက် ခရုစ်ဒုံးကျည်နှစ်စင်းဟာ အရှေ့ပင်လယ်ထဲက သတ်မှတ်ထားတဲ့ ပစ်မှတ်ကို တိတိကျကျထိမှန်ခဲ့တယ်” ဟု မြောက်ကိုရီးယားနိုင်ငံပိုင် သတင်းဌာနဖြစ်သည့် KCNA က ဖော်ပြခဲ့သည်။

ကုလသမဂ္ဂက လက်ရှိချမှတ်ထားသော ဒဏ်ခတ်အရေးယူမှုများတွင် ခရုစ်ဒုံးကျည်စမ်းသပ်ခြင်းကို တားမြစ်ထားခြင်းမရှိသော်လည်း နျူကလီးယားလက်နက်နှင့် ဆက်စပ်သည့် စမ်းသပ်မှုများကို ပိတ်ပင်ထားသည်။

လတ်တလော ဒုံးကျည်စမ်းသပ်မှုသည် မြောက်ကိုရီးယားကို ပစ်မှတ်ထားသည့် စစ်ရေးလေ့ကျင့်မှုများကို ပေါ်ပေါ်ထင်ထင်လုပ်ဆောင်လာသည့် အမေရိကန်နှင့် တောင်ကိုရီးယားတို့ကို ရည်ရွယ်ကြောင်းလည်း KCNA က ဖော်ပြခဲ့သည်။

မတ်လ ၁၂ ရက် နံနက်ပိုင်းက မြောက်ကိုရီးယား ရေငုပ်သင်္ဘောတစ်စင်းမှ အမျိုးအမည်မသိ ဒုံးကျည်တစ်စင်းထက်မနည်း ပစ်လွှတ်ခဲ့ခြင်းကို ထောက်လှမ်းတွေ့ရှိခဲ့သည်ဟု တောင်ကိုရီးယား စစ်တပ်ကလည်း ပြောကြားခဲ့သည်။

မြောက်ကိုရီးယား နိုင်ငံပိုင်မီဒီယာက ထုတ်လွှင့်ခဲ့သည့် ဗီဒီယိုနှင့်ဓာတ်ပုံများတွင်လည်း 8.24 Yongung ဟူသော ရေငုပ်သင်္ဘောတစ်စင်းနှင့် ရေပြင်ဆီမှ ဝေဟင်ဆီသို့ ဒုံးကျည်တစ်စင်းပျံတက်သွားပုံတို့ကို ပြသ ထားသည်။

အကဲခတ်များကမူ မြောက်ကိုရီးယား၏ ရေငုပ်သင်္ဘောအစီအစဉ် မည်မျှအဆင့်မြင့်လာသည် ဆိုသည့်အပေါ် ကြီးကြီးမားမားသံ သယဝင်နေဆဲဖြစ်သည်ဟု ဆိုသည်။

အမေရိကန်နှင့် တောင်ကိုရီးယားတို့၏ Freedom Shield ပူးတွဲစစ်ရေးလေ့ကျင့်မှုသည် ပူးပေါင်းစစ်ဆင်ရေး စီမံချက်အပေါ် အခြေခံသည့် ကာကွယ်ရေးဆိုင်ရာ လေ့ကျင့်မှုဖြစ်ကြောင်း တောင်ကိုရီးယားစစ်တပ်က အခိုင်အမာပြောဆိုထားသည်။ မြောက်ကိုရီးယားကမူ ယင်းစစ်ရေးလေ့ကျင့်မှုများသည် ကျူးကျော်တိုက်ခိုက်ရန် ကြိုတင်လေ့ကျင့်မှု ဖြစ်သည်ဟု ရှုမြင်ထားသည်။        

Most Read

Most Recent