ထိုင်းနိုင်ငံ၏ ခရီးသွားအထင်ကရနေရာဖြစ်သည့် ချင်းမိုင်မြို့တွင် မတ် ၉ ရက်က လေထုညစ်ညမ်းမှုဖြစ်ပွားပြီး ၎င်း၏လေထု အရည်အသွေးသည် ကမ္ဘာပေါ်တွင်အဆိုးရွားဆုံးအဆင့်သို့ ရောက်ရှိခဲ့သည်။
မတ် ၉ ရက် ဒေသစံတော်ချိန် နေ့လယ် ၂ နာရီတွင် Chang Phueak ဒေသ၌ ချင်းမိုင်၏ လေထုအရည်အသွေးညွှန်းကိန်းသည် ကျန်းမာရေးထိခိုက်စေသောအဆင့် ဖြစ်သည့် ၁၈၇ အထိ ရောက်ရှိနေသည်ဟု ထိုင်းလေထုညစ်ညမ်းမှုထိန်းချုပ်ရေးဌာန၏ လေထုအရည်အသွေးနှင့် ဆူညံသံစီမံခန့်ခွဲရေးဗျူရိုက ထုတ်ပြန်ထားသည်။
အများပြည်သူများအနေဖြင့် အသက်ရှူ ခက်ခဲခြင်း၊ မျက်စိယားယံခြင်း သို့မဟုတ် ချောင်းဆိုးခြင်းများ ခံစားလာရလျှင် ၎င်းတို့၏ ကျန်းမာရေးအခြေအနေကို စောင့်ကြည့်ရန်နှင့် ပြင်ပလှုပ်ရှားမှုများကို လျှော့ချရန်အကြံ ပြုထားသည်။
“လူအများအနေဖြင့် အားသွန်ခွန်စိုက် လုပ်ရတဲ့ ကိုယ်ကာယလှုပ်ရှားမှုတွေကို ရှောင်ရှားသင့်ကြောင်း အထူးသဖြင့် ပြင်ပလှုပ်ရှားမှုတွေ ဖြစ်ပြီး ရောဂါလက္ခဏာတွေ ပိုဆိုးလာရင် ဆရာဝန်တွေနဲ့ တိုင်ပင်သင့်ပါတယ်”ဟု လေထုအရည်အသွေးနှင့် ဆူညံသံစီမံခန့်ခွဲရေးဗျူရိုက ပြောကြားခဲ့သည်။
ကုလသမဂ္ဂသဘာဝပတ်ဝန်းကျင်ဆိုင်ရာအစီအစဉ်၏ နည်းပညာမိတ်ဖက်ဖြစ်သော IQAir ၏အဆိုအရ ချင်းမိုင်၏လေထုညစ်ညမ်းမှုသည် ကမ္ဘာပေါ်တွင်အဆိုးဆုံးဖြစ်သည်ဟုဆိုသည်။
IQAir ၏ ချင်းမိုင်လေထုညစ်ညမ်းမှုအဆင့်သတ်မှတ်ချက်သည် ကမ္ဘာတစ်ဝန်းရှိမြို့ပေါင်း ၉၅ မြို့အား တိုင်းတာထားသော PM2.5 အချက်အလက်နှင့် နှိုင်းယှဉ်ထားခြင်း ဖြစ်သည်။
“ချင်းမိုင်မှာ PM2.5 ဒြပ်ပါဝင်မှုဟာ လက်ရှိမှာတော့ WHO ရဲ့နှစ်စဉ်လေထုအရည်အသွေးညွှန်းကိန်းတန်ဖိုး ၂၂ ဒသမ ၈ဆ ဖြစ်နေပါတယ်” ဟု IQAir က ၎င်း၏ဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသည်။
PM2.5 သည် လေထုညစ်ညမ်းမှု၏ သေဆုံးစေနိုင်သည့်ပုံစံများမှ ပုံစံတစ်မျိုးဖြစ်ပြီး ယင်းသည်အချင်း ၂၅ မိုက်ခရိုမီတာ အောက်လျော့နည်းသော သို့မဟုတ် လူ့ဆံပင်မွှေးတစ်မွှေး၏ အချင်းသုံးရာခိုင်နှုန်းခန့်ရှိသော အလွန်သေးငယ်သည့် အမှုန်အမွှားများဖြစ်သည်။
ထို့ကြောင့် ၎င်းတို့သည် အဆုတ်အတွင်းပိုင်းအထိ ထိုးဖောက်ဝင်ရောက်နိုင်ပြီး ၎င်းတို့သည် ကာလကြာရှည် တည်ရှိနေနိုင်ပြီး သို့မဟုတ် စစ်မထုတ်ဘဲ သွေးကြောအတွင်းသို့ ဖြတ်သန်းရောက်ရှိနိုင်သည်။
ယင်းအမှုန်အမွှားများနှင့် ကာလကြာရှည်ထိတွေ့မိပါက နှလုံးသွေးကြောနှင့်အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများနှင့် ကင်ဆာရောဂါများဖြစ်နိုင်သည်။
ချင်းမိုင်ဒေသခံများနှင့် အခြား မြောက်ပိုင်းထိုင်းပြည်နယ်များတွင် သီတင်းတစ်ပတ်ကျော်ကြာ ဆိုးရွားသော လေထုအရည်အသွေးပျံ့နှံ့နေသည်။
ချင်းမိုင်အုပ်ချုပ်ရေးမှူး နီရတ်ဖွန်ဆစ်သာဗွန်က PM2.5 ကိုစစ်ထုတ်နိုင်သည့် နှာခေါင်းစည်းများ ဖြန့်ဝေခြင်းအပါအဝင် ပြည်သူ့ကျန်းမာရေးအတွက် လေထုညစ်ညမ်းမှု အကျိုးသက်ရောက်မှုများကို လျှော့ချနိုင်ရန် အမျိုးမျိုးသော ပြည်နယ်ဆိုင်ရာလုပ်ငန်းစဉ် များကို ဆောင်ရွက်ကြရန် အမိန့်ထုတ်ပြန်ထားသည်။
လေထုညစ်ညမ်းမှုကြောင့် ၂၀၂၃ ခုနှစ် နှစ်စပိုင်းမှစ၍ ထိုင်းနိုင်ငံတွင် လူ ၁ ဒသမ ၃ သန်းကျော်သည် နာမကျန်းဖြစ်ခဲ့ပြီး ယခု သီတင်းတစ်ပတ်အတွင်းမှာပင် လူ ၂၀၀,၀၀၀ နီးပါးသည် ဆေးရုံတက်ခဲ့ရသည်ဟု ကျန်းမာရေးဝန်ကြီးဌာန၏ထုတ်ပြန်ချက်အရ သိရသည်။ ကလေးများနှင့် ကိုယ်ဝန်ဆောင်အမျိုးသမီးများ အိမ်ထဲတွင်နေကြရန် ကျန်းမာရေးဝန်ကြီးဌာနရှိ ဆရာဝန် ခရန်ခရိုင်နမ်ထိုင်ဆောင်က မတ်လ ၈ ရက်တွင် တိုက်တွန်းခဲ့သည်။














