မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ အကောင်အထည်ဖော်ဆောင်ရွက်နေမှုနှင့်ပတ်သက်၍ NSPNC ဥက္ကဋ္ဌနှင့် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန အာရှရေးရာအထူးကိုယ်စားလှယ်တို့ တွေ့ဆုံဆွေးနွေး

မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ အကောင်အထည်ဖော်ဆောင်ရွက်နေမှုနှင့်ပတ်သက်၍ NSPNC ဥက္ကဋ္ဌနှင့် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန အာရှရေးရာအထူးကိုယ်စားလှယ်တို့ တွေ့ဆုံဆွေးနွေး
Published 7 March 2023

မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ အကောင်အထည်ဖော်ဆောင်ရွက်နေမှုနှင့်ပတ်သက်၍ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) ဥက္ကဋ္ဌ ဒုတိယ ဗိုလ်ချုပ်ကြီးရာပြည့်နှင့် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန အာရှရေးရာအထူးကိုယ်စားလှယ် Mr.Deng Xijun တို့ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။

နေပြည်တော်ရှိ ရုံးအမှတ် ၄၁ ပြည်ထောင်စုအစိုးရအဖွဲ့ရုံး ဝန်ကြီးဌာနတွင် မတ် ၆ ရက်က နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်အနေဖြင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနမှ အာရှရေးရာအထူးကိုယ်စားလှယ် Mr.Deng Xijun ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ကို လက်ခံတွေ့ဆုံခဲ့ပြီး ထိုသို့ဆွေးနွေးခဲ့ခြင်းဖြစ်သည်။

ထိုသို့တွေ့ဆုံရာတွင် မြန်မာ-တရုတ်နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးစွာ ပူးပေါင်းဆောင်ရွက်ရေး၊ နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေးနှင့် မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ အကောင်အထည်ဖော် ဆောင်ရွက်နေမှုများအပေါ် ဆွေးနွေးခဲ့ကြောင်း သတင်းရရှိသည်။

ယင်းနေ့၌ပင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန အာရှရေးရာအထူးကိုယ်စားလှယ် Mr.Deng Xijun တို့‌ နေပြည်တော်တွင် တွေ့ဆုံခဲ့ကြောင်း သိရသည်။

ထိုသို့တွေ့ဆုံရာတွင် နယ်စပ်ဒေသနှင့် ပြည်တွင်းတည်ငြိမ်အေးချမ်းရေးအတွက်  တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် ငြိမ်း ချမ်းရေးတွေ့ဆုံဆွေးနွေးမှုများကို‌ ဆောင် ရွက်လျက်ရှိသကဲ့သို့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံအနေဖြင့် ကူညီဆောင်ရွက်ပေးနေမှု၊ မူးယစ်ဆေးဝါးတားဆီးကာကွယ်ရေးအတွက် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ရန်လိုအပ်မှု၊ နှစ်နိုင်ငံကုန်သွယ်မှုနှင့်ကုန်စည်စီးဆင်းမှုများ ပြန်လည်ကောင်းမွန်လာမှုနှင့် နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေးဆောင်ရွက်လျက်ရှိမှု၊ နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများ တိုးတက်ကောင်းမွန်လာမှု၊ နှစ်နိုင်ငံစီးပွားရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများနှင့် ကဏ္ဍပေါင်းစုံပူးပေါင်းဆောင်ရွက်မှု၊ ယခုထက်ပိုမိုတိုးတက်မြှင့်တင်နိုင်အောင်‌ ဆောင်ရွက်ရန်လိုအပ်မှု၊မြန်မာနိုင်ငံ၏ နိုင်ငံရေးဖြစ်ပေါ်ပြောင်းလဲမှုအခြေအနေများ ၊ နိုင်ငံတကာရေးရာကိစ္စရပ်များနှင့် ဒေသတွင်းတည်ငြိမ်အေးချမ်းမှုဖော်ဆောင် ရေးများနှင့်ပတ်သက်၍ ဆွေးနွေးခဲ့ကြောင်း  သိရသည်။

အဆိုပါတွေ့ဆုံဆွေးနွေးပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီတွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချူပ်ကြီးရဲဝင်းဦး၊ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပြီး အာရှရေးရာအထူးကိုယ်စားလှယ်နှင့်အတူ မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံးမှ တာဝန်ရှိသူများ တက်ရောက်ခဲ့သည်။

Most Read

Most Recent