ရန်ကုန်တိုင်းဝန်ကြီးချုပ်ဟောင်း ဦးဖြိုးမင်းသိန်းနှင့်ပတ်သက်၍ မေးမြန်းရာတွင် လူနာမည်တပ်မေးခြင်းအားဖြေကြားရန် ဆန္ဒမရှိသော်လည်း ပါတီ၌လက်ခံရန် လူပုဂ္ဂိုလ်၏ နောက်ကြောင်းနှင့် ရပ်တည်ချက်တို့အား လေ့လာသည်ဟု ဦးကိုကိုကြီး ဖြေကြား

ရန်ကုန်တိုင်းဝန်ကြီးချုပ်ဟောင်း ဦးဖြိုးမင်းသိန်းနှင့်ပတ်သက်၍ မေးမြန်းရာတွင် လူနာမည်တပ်မေးခြင်းအားဖြေကြားရန် ဆန္ဒမရှိသော်လည်း ပါတီ၌လက်ခံရန် လူပုဂ္ဂိုလ်၏ နောက်ကြောင်းနှင့် ရပ်တည်ချက်တို့အား လေ့လာသည်ဟု ဦးကိုကိုကြီး ဖြေကြား
Published 28 February 2023

ရန်ကုန်တိုင်းဝန်ကြီးချုပ်ဟောင်း ဦးဖြိုးမင်းသိန်းနှင့်ပတ်သက်၍ ၎င်းအနေဖြင့် ပြည်သူ့ပါတီသို့ ဝင်ရောက်မည်ဆိုပါက လက်ခံရန်ရှိ မရှိ မေးမြန်းခဲ့ရာတွင် လူနာမည်တပ်မေးခြင်းအား ဖြေကြားရန် ဆန္ဒမရှိသော်လည်း ပါတီ၌ လက်ခံရန် လူပုဂ္ဂိုလ်၏ နောက်ကြောင်းနှင့် ရပ်တည်ချက်အစရှိသည်တို့အား လေ့လာကြောင်း ပြည်သူ့ပါတီ (PP) ဥက္ကဋ္ဌ ဦးကိုကိုကြီးက ပြောကြားသည်။

ဖေဖော်ဝါရီ ၂၈ ရက်က ကျင်းပသည့် ပြည်သူ့ပါတီ (PP) ၏ ဒုတိယအကြိမ် ဗဟိုကော်မတီ အစည်းအဝေးအပြီး သတင်းစာရှင်းလင်းပွဲတွင် “NUDP နဲ့ ပြည်သူ့ပါတီတို့ ပူးပေါင်းဆောင်ရွက်မှုပြုကြတယ်။ ဥပမာအားဖြင့် ဦးဖြိုးမင်းသိန်းဆိုရင် ပါတီကြီးတစ်ခုမှာ ထိပ်ပိုင်းရာထူးနဲ့ တာဝန်ထမ်းဆောင်ခဲ့တယ်။ သူကိုယ်တိုင်လည်း ပါတီတစ်ခု တည်ထောင်ခဲ့ဖူးပါတယ်။ အဲဒီလိုပုဂ္ဂိုလ်မျိုး ပြည်သူ့ပါတီကို ဝင်လာမယ်ဆို လက်ခံဖို့ရှိ မရှိ သိချင်ပါတယ်” ဟု မေးမြန်းရာတွင် ဦးကိုကိုကြီးက ထိုသို့ထည့်သွင်းဖြေကြားခဲ့ခြင်းဖြစ်သည်။

“လူနာမည်နဲ့ တပ်မေးတာမျိုးကိုတော့ ကျွန်တော် By Name နဲ့ ကျွန်တော်ဖြေကြားချင်တဲ့ ဆန္ဒမရှိပါဘူး။ သို့သော် ကျွန်တော်တို့က ပါတီတစ်ခု ပူးပေါင်းပြီး လက်ခံပြီဆိုကတည်းက သူ့ရဲ့နောက်ကြောင်း သူ့ရဲ့ရပ်တည်ချက် အစရှိတာတွေကိုပါ ကျွန်တော်တို့ လေ့လာပါတယ်။ နောက်တစ်ခုက ကျွန်တော်တို့ တစ်ယောက်တည်း ဆုံးဖြတ်တာ မဟုတ်ပါဘူး။ ကျွန်တော်တို့ လက်ရှိရှိနေတဲ့ ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင်များ ကြားထဲမှာပါ ပြောရရင် တစ်ယောက်အကြောင်း သိချင်ရင် သူ့နဲ့မသိရင် အခြားလူနဲ့ သိတယ် ကျွန်တော်တို့ ဒီလိုမျိုးသူ့ရဲ့ ဖြတ်သန်းမှု သူ့ရဲ့ သမိုင်းကြောင်းဆိုတာတွေကအစ လေ့လာပါတယ်” ဟု ဦးကိုကိုကြီးက ပြောကြားသည်။

ထို့ပြင် ပြည်သူ့ပါတီ (PP) နှင့် အမျိုးသားညီညွတ်သောဒီမိုကရက်တစ်ပါတီ (NUDP) ပူးပေါင်းမှုနှင့်ပတ်သက်၍ ဦးကိုကိုကြီးက “ဆရာဦးစိန်ဝင်းနဲ့ ပေါင်းတယ်ဆိုတာကလည်း သူ့ရဲ့လွှတ်တော်တွင်း ဆောင်ရွက်ချက်တွေ မြေပြင်ဆောင်ရွက်ချက်တွေကအစ ကျွန်တော်တို့ လေ့လာသိရှိပြီးတော့မှ ကျွန်တော်တို့ပေါင်းတာပါ။ ဒီအတိုင်း အလွယ်တကူ ပေါင်းချင်တယ်ဆိုတာနဲ့ ကျွန်တော်တို့ လက်ခံလိုက်တာမျိုး မဟုတ်ဘူးဆိုတာကိုတော့ ဒါလေးကျွန်တော်ပြန်လည်ဖြေကြားပါရစေ” ဟု ပြောကြားသည်။          

ရန်ကုန်တိုင်းဝန်ကြီးချုပ်ဟောင်း ဦးဖြိုးမင်းသိန်းသည် ၁၉၈၈ ခုနှစ်တွင် လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ တည်ထောင်ရာ၌ ပါဝင်ကူညီခဲ့ပြီး ၂၀၁၀ ပြည့်နှစ်တွင် ပြည်သူ့ဒီမိုကရေစီပါတီကို စတင်တည်ထောင်ခဲ့သည်။ ထို့နောက် ၂၀၁၀ ပြည့်နှစ် ဧပြီလတွင် ပြည်ထောင်စုဒီမိုကရေစီမဟာမိတ်နှင့် ပူးပေါင်းပြီး ပြည်ထောင်စုဒီမိုကရေစီပါတီအဖြစ် တည်ထောင်ခဲ့ကာ ဥက္ကဋ္ဌတာဝန်ကို ယူခဲ့သည်။ ၂၀၁၀ ပြည့်နှစ် သြဂုတ်လတွင် ဦးဖြိုးမင်းသိန်းသည် ယင်းပါတီမှ နုတ်ထွက်ခဲ့ပြီးနောက် ၂၀၁၂ ခုနှစ်ကြား ဖြတ်ရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ (NLD) ပါတီသို့ ဝင်ရောက်၍ လှည်းကူးမြို့နယ် မဲဆန္ဒနယ်တွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင်၍ အနိုင်ရခဲ့သည်။

ဦးဖြိုးမင်းသိန်းသည် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဟောင်း ဒေါ်အောင်ဆန်းစုကြည်ကို တရားစွဲဆိုထားသည့် ဒေါ်ခင်ကြည်ဖောင်ဒေးရှင်း မြေနေရာနှင့် ပတ်သက်ပြီး တရားလိုပြသက်သေအဖြစ်လည်းကောင်း၊ ဒေါ်အောင်ဆန်းစုကြည်ထံ ရွှေချောင်းများပေးရသည်ဆိုသည့် အမှုတွင်မူ တရားလိုပြသက်သေအဖြစ် ဇနီးဖြစ်သူနှင့်အတူ ထွက်ဆိုထားသူဖြစ်ပြီး ၎င်းနှင့်ပတ်သက်၍ ကျန်ရှိနေသော အမှုများကို မသိရသေးဘဲ ဦးဖြိုးမင်းသိန်းအပေါ် အရေးယူထားမှု အခြေအနေနှင့်ပတ်သက်၍ နေပြည်တော်တွင် ပြုလုပ်ခဲ့သည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ သတင်းစာရှင်းလင်းပွဲတွင်မူ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ဥပဒေအထက်တွင် မည်သူမျှ မရှိကြောင်း၊ ဥပဒေအတိုင်းဖြစ်စေရမည်ဖြစ်ကြောင်း ပြောကြားထားသည်။

လက်ရှိတွင် ရန်ကုန်တိုင်းဝန်ကြီးချုပ်ဟောင်း ဦးဖြိုးမင်းသိန်းကို ၂၀၂၀ ရွေးကောက်ပွဲတွင် ရွေးကောက်ပွဲကော်မရှင်အား မလျော်သြဇာလွှမ်းမိုးခြင်းဆိုင်ရာ ရာဇသတ်ကြီးပုဒ်မ ၁၃၀-က ဖြင့် ဒဂုံမြို့နယ် တရားရုံးက ဖေဖော်ဝါရီ ၁၇ ရက်တွင် အမိန့်ချမှတ်ထားသည့်အပေါ် ဝေဖန်မှုများ ထွက်ပေါ်လျက်ရှိသည်။ ထို့ပြင် ၎င်းအနေဖြင့် ဖမ်းဆီးခံရခြင်းမှ ပြန်လည်လွတ်မြောက်လာပြီး ပါတီနိုင်ငံရေး လုပ်ဆောင်မည်ဟု သတင်းများထွက်ပေါ်နေသော်လည်း သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။    

Most Read

Most Recent