“နေ” ၏ အမှတ်သင်္ကေတ “ဒေါင်း” နှင့် “လ” ၏ အမှတ်သင်္ကေတ “ယုန်”

“နေ” ၏ အမှတ်သင်္ကေတ “ဒေါင်း” နှင့် “လ” ၏ အမှတ်သင်္ကေတ “ယုန်”
Published 12 February 2023
ပါမောက္ခ ဒေါက်တာသောင်းဌေး (စာရင်းအင်းပညာ)

တိုင်းပြည်နိုင်ငံများအနေဖြင့် ၎င်းတို့ကိုယ်စားပြု နိုင်ငံတော်အလံများတွင် အသုံးပြုလျက်ရှိကြသည့် အမှတ်အသား၊ အမှတ်သင်္ကေတများကို လေ့လာခြင်းအားဖြင့် အဆိုပါ တိုင်းပြည်နိုင်ငံတွင် နေထိုင်လျက်ရှိကြသည့် နိုင်ငံသားများ၏ တွေးခေါ်မြော်မြင်မှု၊ သဘောတရားများကို စဉ်းစားဆင်ခြင်နိုင်မှု၊ ရိုးရာယဉ်ကျေးမှု ဓလေ့ထုံးတမ်း အစဉ်အလာများကို လေးစားလိုက် နာတန်ဖိုးထားရှိမှု၊ ဇာတိပုည ဂုဏ်မာနထားရှိမှု၊ နောက်ခံသမိုင်းကြောင်း အခြေအနေ၊ ထိုးထွင်းသိမြင်နိုင်သည့် အတတ်ပညာ၊ နည်းပညာ၊ အသိပညာ၊ ဉာဏ်ပညာ အဆင့်အတန်းကို ခန့်မှန်းနိုင်ပါ သည်။

ဤတွင် တိုင်းပြည်နိုင်ငံများက အသုံးပြုလျက်ရှိကြသည့် အမှတ်အသား၊ အမှတ်သင်္ကေတ၊ အမှတ်တံဆိပ်များ၏ အခြေခံအရင်းအမြစ်များကို လေ့လာဆန်းစစ်ရန် လိုအပ်ပါသည်။ အထူးသဖြင့် တိုင်းပြည်နိုင်ငံများက အသုံးပြုခဲ့ကြသည့်၊ အသုံးပြုလျက်ရှိကြသည့် တိုင်းပြည် နိုင်ငံကိုယ်စားပြု အလံတော်များ အပေါ်တွင် ရိုက်နှိပ်ထားရှိသည့် အမှတ်အသား၊ အမှတ်သင်္ကေတများကို စာရေးသူအနေဖြင့် လေ့လာရာတွင် တွေ့ရှိသိမြင်ရသည်မှာ အချို့သည် စကြဝဠာကြီးအတွင်း တည်ရှိနေကြသည့် နေ၊ လ၊ ကြယ်များ (အရပ်အခေါ် “ကြည်များ”) နှင့် တိုင်းပြည်နိုင်ငံများတွင် နေထိုင်လျက်ရှိကြသည့် ပြည်သူပြည်သားများက တန်ဖိုးထားရှိကြသည့် အသုံးအဆောင်ပစ္စည်းများ၊ သားရဲတိရ စ္ဆာန်များ၊ သားရဲမဟုတ်သည့် အခြားသောတိရစ္ဆာန်များ၊ ငှက်များနှင့် အဆောက်အအုံ/အဆောက်အအုံ စသည်တို့ကို အသုံးပြုလေ့ရှိကြပါသည်။

ယခုဆောင်းပါးသည် မြန်မာနိုင်ငံတွင်သော်လည်းကောင်း၊ အခြားသော တိုင်းပြည်နိုင်ငံများတွင် သော်လည်းကောင်း  အသုံးပြုလျက်ရှိကြသည့် အလံတော်များအကြောင်းကို လေ့လာတင်ပြမည့် ဆောင်းပါးမဟုတ်ဘဲ ခေါင်းစဉ်တွင်ဖော်ပြထားရှိသည့်အတိုင်း ရှေးမြန်မာတို့ အလေးအနက်ထားရှိ အသုံးပြုခဲ့ကြသည့် အမှတ်အသား၊ အမှတ်သင်္ကေတများ ဖြစ်ကြသည့် “နေ”၏ အမှတ်သင်္ကေတ “ဒေါင်း”နှင့် “လ” ၏ အမှတ်သင်္ကေတ “ယုန်”တို့ အသုံးပြုခဲ့ကြခြင်းများကို သတိပြုနိုင်စေရန်ဖြစ်ပါသည်။ အဆင်ပြေသင့်လျော်သည့်အချိန်တွင် မြန်မာနိုင်ငံကိုယ်စားပြု အသုံးပြုခဲ့ကြသည့် အလံတော်များအကြောင်းကို သီးခြားဆောင်းပါးတစ်ပုဒ်ဖြင့် လေ့လာတင်ပြပါမည်။

သာမန်အားဖြင့် တိုင်းပြည် နိုင်ငံကိုယ်စားပြု အလံတော်များအပေါ်တွင် အမှတ်အသား၊ အမှတ်သင်္ကေတအား တစ်ခုတည်း၊ သီးသန့်၊ ထီးတည်း ဖော်ပြမည်ဆိုပါလျှင် “နေ” ကို တိုက်ရိုက် အသုံးပြုဖော်ပြခြင်း ဖြင့်သော်လည်းကောင်း၊ “နေ” ၏ အမှတ်သင်္ကေတကို ကိုယ်စားပြုသည့် အမှတ်အသားတစ်ခုခုနှင့် သော်လည်းကောင်း အသုံးပြုဖော်ပြလေ့ရှိကြပါသည်။ အမှတ်အသား အမှတ်သင်္ကေတတစ်ခုထက်မက ဖော်ပြရမည်ဆိုပါလျှင် “ကြယ်များ” ကို အသုံးပြုဖော်ပြလေ့ရှိကြပါသည်။

ထူးခြားသည့် အခြေအနေ တစ်ရပ်မှာ အချို့သော ဘာသာရေး အဖွဲ့အစည်းများအနေနှင့် “လ”ကို တိုက်ရိုက်သော်လည်းကောင်း၊ “လ” ၏ အမှတ်သင်္ကေတကို ကိုယ်စားပြုသည့် “ယုန်”နှင့်သော်လည်းကောင်း အသုံးပြုလေ့ရှိကြသည်ကို လေ့လာတွေ့ရှိရသော်လည်း တိုင်းပြည်နိုင်ငံကိုယ်စားပြုအနေနှင့် “လ” ၏ အမှတ်သင်္ကေတအား ဦးစားပေး အသုံးပြုလေ့မရှိကြသည်ကို လေ့လာတွေ့ရှိရပါသည်။

ဥပမာအားဖြင့် ဂျပန်နိုင်ငံ၏အလံသည် “နေ” ကို တိုက်ရိုက် အသုံးပြုဖော်ပြသည့် တိုင်းပြည်နိုင်ငံအဖြစ်သော်လည်းကောင်း၊ အမေရိကန်ပြည်ထောင်စု၏ အလံတွင် ပြည်နယ်များကိုယ်စားပြု “ကြယ်များ” ကို အသုံးပြုဖော်ပြထားခြင်းကိုသော်လည်းကောင်း လေ့လာတွေ့ရှိရပါသည်။ လွန်စွာထူးခြားသည့် အခြေအနေတစ်ရပ်မှာ အချို့သော ကွန်မြူနစ်နိုင်ငံများ၏ အလံများ၊ အာဏာရှင်နိုင်ငံများ၏ အလံများ၊ တင်းကျပ်သည့် ဗဟိုဦးစီးနိုင်ငံရေးစနစ်ကို ကျင့်သုံးအကောင်အထည်ဖော်လျက်ရှိသော တိုင်းပြည်နိုင်ငံများ၏အလံများတွင်မူ “ကြယ်” တစ်လုံးတည်းဖြင့်သော်လည်းကောင်း၊ “ကြယ်” တစ်လုံးကို ထူးခြားကြီးမားစွာ ပါဝင်စေပြီး ကျန် အရန်ကြယ်များ သို့မဟုတ် အမှတ်တံဆိပ်များဖြင့်သော်လည်းကောင်း အသုံးပြုဖော်ပြရန် ကြိုးပမ်းအား ထုတ်လေ့ရှိသည့် အခြေအနေများကိုလည်း လေ့လာတွေ့မြင်နိုင်ပါသည်။

တိုင်းပြည် နိုင်ငံတစ်နိုင်ငံက အသုံးပြုလျက်ရှိသည့် တိုင်းပြည် နိုင်ငံကိုယ်စားပြုအလံတော်အပေါ်တွင် ရိုက်နှိပ်ထားရှိသည့် အမှတ်အသား၊ အမှတ်သင်္ကေတတစ်မျိုးတည်းကို နှစ်ပေါင်းများစွာ ကာလကြာရှည် အသုံးပြုနိုင်ခြင်းသည် ဖော်ပြပါတိုင်းပြည်နိုင်ငံ၏ အင်အားကြီးမား တောင့်တင်းခိုင်မာမှု၊ ချမ်းသာကြွယ်ဝမှု၊ တည်ငြိမ်မှု၊ ငြိမ်းချမ်းမှု၊ အေးချမ်းသာယာမှု အခြေအနေများနှင့် တိုက်ရိုက်သော်လည်းကောင်း၊ သွယ်ဝိုက်၍သော်လည်းကောင်း ဆက်စပ်ပတ်သက်လျက်ရှိနေပါသည်။

ဥပမာအနေဖြင့် မြန်မာနိုင်ငံအား ကိုလိုနီကျွန်ပြုအုပ်ချုပ်ခဲ့ကြသည့် ဗြိတိသျှအင်္ဂလိပ်တို့၏ အလံတော်တွင် အသုံးပြုထားရှိသည့် အမှတ်အသား၊ အမှတ်သင်္ကေတတို့ကို နှစ်ကာလအချိန်အားဖြင့် မည်မျှကြာမြင့်စွာ အသုံးပြုခဲ့သည့်/ အသုံးပြုလျက်ရှိသည့်အခြေအနေနှင့် ဂျပန်တို့၏အလံတော်တွင် အသုံးပြုထားရှိသည့် အမှတ်အသား၊ အမှတ်သင်္ကေတတို့အား နှစ်ကာလအချိန်အားဖြင့် မည်မျှကြာမြင့်စွာ အသုံးပြုခဲ့သည့်/အသုံးပြုလျက်ရှိသည့်အခြေအနေများကို စာဖတ်သူများအနေဖြင့် လေ့လာနိုင်ပါသည်။

တိုင်းပြည်နိုင်ငံများတွင် ကိုယ်စားအသုံးပြုရသည့် အလံတော်များနှင့်ပတ်သက်ပြီး အဓိပ္ပာယ်အမျိုးမျိုး ဖွင့်ဆိုထားရှိခြင်းများအနက် အမှတ်အသား အမှတ်သင်္ကေတကို အသုံးပြုကြရာတွင် ဖြစ်သင့်ဖြစ် ထိုက်သည့် သဘောတရားတစ်ရပ် အနေဖြင့် သတ်မှတ်ချက်ထားရှိသည်ကို လေ့လာတွေ့ရှိရသည်မှာ “အဓိပ္ပာယ်ရှိသော၊ အဓိပ္ပာယ် ပြည့်ဝသော အမှတ်သညာဖြင့် သရုပ်ဖော်မှုကို အသုံးပြုရမည်” (Use Meaningful Symbolism) ဆိုသည့် အချက် ဖြစ်ပါသည်။

တိုင်းပြည်နိုင်ငံကိုယ်စားပြု အလံတော်အပေါ်တွင် ရိုက်နှိပ်ထားရှိသည့် အမှတ်အသား၊ အမှတ်သင်္ကေတအမျိုးမျိုးတို့အား မကြာခဏ ပြောင်းလဲပြီး အသုံးပြုနေခြင်း၏ အဓိပ္ပာယ်သည် ယေဘုယျအားဖြင့် မတည်မငြိမ်ဖြစ်နေခြင်း၊ ပရမ်းပတာဖြစ်နေခြင်း၊ ကမောက်ကမ ဖြစ်နေခြင်း၊ ဗရုတ်ဗရက်ဖြစ်နေ ခြင်း၊ ဗရုတ်သုတ်ခဖြစ်နေခြင်း၊ ဝရုန်းသုန်းကားဖြစ်နေခြင်းစသည်တို့ သဘောတရားများအဖြစ် အသွင်ဆောင်လျက်ရှိနေပါသည်။

အထက်ပါကဲ့သို့ တိုင်းပြည် နိုင်ငံကိုယ်စားပြု အလံတော်အပေါ်တွင် ရိုက်နှိပ်ထားရှိသည့် အမှတ်အသား၊ အမှတ်သင်္ကေတအမျိုးမျိုးတို့အား မကြာခဏ အကြိမ်ကြိမ် ပြောင်းလဲပြီး အသုံးပြုနေသည့်အတွက် နေ့စဉ်နေ့တိုင်း နိုင်ငံတော်အလံကို အလေးပြုကြရသည့် တိုင်းပြည်နိုင်ငံတော်တွင် နေထိုင်လျက်ရှိကြသော ပြည်သူပြည်သား နိုင်ငံသားအားလုံးတို့၏ စိတ်အစဉ်တွင် ထာဝရ ဦးထိပ်ပန်ဆင် အလေး ပြုရမည့် နိုင်ငံတော်အလံနှင့်အမှတ်သင်္ကေတ၊ ထာဝရလေးစားတန်ဖိုးထားရှိရမည့် နိုင်ငံတော်အလံနှင့် အမှတ်သင်္ကေတ၊ ထာဝရတည်မြဲနေမည့် နိုင်ငံတော်အလံနှင့် အမှတ်သင်္ကေတ၊ ထာဝရ သစ္စာရှိရမည့် နိုင်ငံတော်အလံနှင့် အမှတ်သင်္ကေတဆိုသည့် မှတ်ယူချက်များမှာ ပျက်သုဉ်းပျောက်ကွယ်သွားစေမည်ဖြစ်ပါသည်။ အကျိုးဆက်အဖြစ် တိုင်းပြည်နိုင်ငံတော်အပေါ်တွင် အစဉ်အမြဲ ထာဝရအမှန်တကယ် သစ္စာရှိရမည်ဆိုသည့် စိတ်ဓာတ်များ ပျက်စီးဆုံးရှုံးသွားစေမည် ဖြစ်ပါသည်။

စာရေးသူ ယခုဆောင်းပါးကို ရေးသားတင်ပြရသည့် အကြောင်းရင်းမှာ လွတ်လပ်ရေးရရှိပြီးနောက်ပိုင်း မြန်မာနိုင်ငံအနေဖြင့် တိုင်းပြည်ကို တည်ဆောက်ခြင်း၊ နိုင်ငံတော်ကို တည်ဆောက်ခြင်း စသည့် လုပ်ငန်းရပ်များကို တည်ငြိမ်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ကြစေရေးအလို့ငှာ မြန်မာနိုင်ငံကိုယ်စားပြု အလံတော်အပေါ်တွင် ရိုက်နှိပ်ထားရှိသည့် အမှတ်အသား၊ အမှတ်သင်္ကေတအမျိုးမျိုးတို့ကို မကြာခဏပြောင်းလဲပြီး အသုံးပြုနေခြင်းသည် မြန်မာနိုင်ငံတွင် နိုင်ငံရေးစနစ် တည်ငြိမ်မှုမရှိသည်ကို ရည်ညွှန်းဖော်ပြလျက်ရှိပြီး မြန်မာနိုင်ငံ၏ ဂုဏ်သိက္ခာ ထိခိုက်လျက်ရှိသည်ကို ထင်ဟပ်ပေါ်လွင်လျက် ရှိနေခြင်းအား နိုင်ငံတော်၏ အချုပ်အခြာအာဏာကို ရယူထားကြသူများအပါအဝင် နိုင်ငံသားအားလုံးတို့က  သိမြင်နားလည်သဘောပေါက်စေပြီး နောင်အနာဂတ်အတွက် ပြင်ဆင်ဆောင်ရွက်နိုင်ကြစေရန် ရည်ရွယ်ပါသည်။

ပထမဦးစွာ မြန်မာနိုင်ငံ၏ နိုင်ငံရေးစနစ်အမျိုးမျိုး ပြောင်းလဲစေခဲ့ခြင်းများကို ကုန်းဘောင်မင်းများလက်ထက်မှ စတင်ကာ လေ့လာ ဆန်းစစ်ပါမည်။

အဓိကအားဖြင့် မြန်မာနိုင်ငံကို ကိုယ်စားပြုအသုံးပြုခဲ့ကြသည့် အလံတော်များအပေါ်တွင် ရိုက်နှိပ်ထားရှိသည့် အမှတ်အသား၊ အမှတ်သင်္ကေတများအပေါ်တွင် အခြေခံကာ မြန်မာနိုင်ငံ၏ နိုင်ငံရေးစနစ်များကို လေ့လာဆန်းစစ်ပါမည်။ (Reference - 1).

ထို့ကြောင့် နိုင်ငံရေးစနစ်များကို ကာလအပိုင်းအခြားအလိုက် လေ့လာရာတွင် ကုန်းဘောင်မင်းများလက်ထက်တွင် နှစ်ပေါင်း တစ်ရာကျော် အုပ်ချုပ်ခဲ့ကြသည့် နိုင်ငံရေးစနစ်ကာလ၊ ဗြိတိသျှ အင်္ဂလိပ်တို့ နှစ်ပေါင်းတစ်ရာကျော် အုပ်ချုပ်ခဲ့ကြသည့် နိုင်ငံရေးစနစ်ကာလ၊ ဂျပန်တို့ သုံးနှစ်ခန့် အုပ်ချုပ်ခဲ့ကြသည့် နိုင်ငံရေးစနစ်ကာလ၊ ဗြိတိသျှ အင်္ဂလိပ်တို့ ပြန်လည် ဝင်ရောက်လာခဲ့ပြီး သုံးနှစ်ခန့် အုပ်ချုပ်ခဲ့ကြသည့် နိုင်ငံရေးစနစ်ကာလ၊ လွတ်လပ်ရေးရရှိပြီးနောက်ပိုင်း ပါလီမန်ဒီမိုကရေစီနှင့် တော်လှန် ရေးကောင်စီ စစ်အုပ်ချုပ်ရေး အုပ်ချုပ်ခဲ့ကြသည့် နိုင်ငံရေးစနစ်ကာလ၊ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ် ပါတီ တစ်ပါတီ အာဏာရှင် စစ်အုပ်ချုပ်ရေး အုပ်ချုပ်ခဲ့ကြသည့် နိုင်ငံရေးစနစ်ကာလနှင့် စစ်အုပ်ချုပ်ရေးသက်သက်ဖြင့် အုပ်ချုပ်ခဲ့ကြသည့် နိုင်ငံရေးစနစ်ကာလ၊ စစ်မှန်၍ စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီစနစ်နှင့် ယနေ့အချိန် အာဏာသုံးရပ်ကို တစ်ပြိုင်နက်တည်း ဆုပ်ကိုင်ကျင့်သုံးသည့် စစ်အုပ်ချုပ်ရေးအုပ်ချုပ်ခဲ့ကြသည့် နိုင်ငံရေး စနစ်ကာလ စသည်ဖြင့် နိုင်ငံရေး စနစ်များကို ခွဲခြားလေ့လာနိုင်ပါသည်။

ဒုတိယအနေဖြင့် အလံတော်များတွင် မြန်မာနိုင်ငံတော်ကိုယ်စားပြု အသုံးပြုခဲ့ကြသည့် အမှတ်အသား၊ အမှတ်သင်္ကေတများကို လေ့လာဆန်းစစ် တင်ပြပါမည်။ ကုန်းဘောင်မင်းများလက်ထက် နှစ်ပေါင်းတစ်ရာကျော် အုပ်ချုပ်ခဲ့ကြသည့် နိုင်ငံရေးစနစ်ကာလတွင် တိုင်းပြည်နိုင်ငံတော်ကိုယ်စားပြု အလံတော်များ၌ အသုံးပြုခဲ့ကြသည့် အမှတ်အသား၊ အမှတ်သင်္ကေတမှာ “နေ”၏ အမှတ်သင်္ကေတ ဖြစ်သည့် “ဒေါင်း” ဖြစ်ပါသည်။ ထိုခေတ်အချိန်အခါက မြန်မာတို့သည် “နေ” ၏ အမှတ်သင်္ကေတ “ဒေါင်း” နှင့် “လ” ၏ အမှတ်သင်္ကေတ “ယုန်” တို့ကို အသိအမှတ်ပြုခဲ့ကြသည်ဟု လေ့လာမှတ်သားခဲ့ရပါသည်။ စာဖတ်သူများ သတိပြုနိင်စေရန် ပုံတွင် ဖော်ပြထားပါသည်။

ဗြိတိသျှအင်္ဂလိပ်တို့ နှစ်ပေါင်း တစ်ရာကျော် အုပ်ချုပ်ခဲ့ကြသည့် နိုင်ငံရေးစနစ်ကာလများတွင်မူ ဗြိတိသျှအင်္ဂလိပ်တို့သည် အချို့သော အချိန်ကာလများ၌ မြန်မာနိုင်ငံကိုယ်စားပြု အမှတ်အသား၊ အမှတ်သင်္ကေတအားဖြင့် အလံတော်တွင် မြန်မာနိုင်ငံကိုယ်စားပြုမှုအနေဖြင့် မြန်မာတို့၏ အလေးအနက်ထား တန်ဖိုးထားရှိခဲ့သည့် “နေ” ၏ အမှတ်သင်္ကေတ “ဒေါင်း”ကို ထည့်သွင်း အသုံးပြုခဲ့ကြသည်ကို လေ့လာတွေ့ရှိခဲ့ရပါသည်။

ဂျပန်တို့ သုံးနှစ်ခန့် အုပ်ချုပ်ခဲ့ကြသည့် နိုင်ငံရေးစနစ်ကာလ၊ ဗြိတိသျှအင်္ဂလိပ်တို့ ပြန်လည်ဝင်ရောက်လာခဲ့ပြီး သုံးနှစ်ခန့် အုပ်ချုပ်ခဲ့ကြသည့် နိုင်ငံရေးစနစ်ကာလများတွင်လည်း မြန်မာနိုင်ငံကိုယ်စားပြု အမှတ်အသား၊ အမှတ်သင်္ကေတအားဖြင့် အလံတော်တွင် မြန်မာနိုင်ငံကိုယ်စားပြုမှုအနေဖြင့် မြန်မာတို့၏ အလေးအနက်ထား တန်ဖိုးထားရှိခဲ့သည့် “နေ”၏ အမှတ်သင်္ကေတ “ဒေါင်း” ကို ထည့်သွင်း အသုံးပြုခဲ့ကြသည်ကိုလည်း လေ့လာတွေ့ရှိခဲ့ရပါသည်။

လွတ်လပ်ရေး ရရှိပြီးနောက်ပိုင်း ပါလီမန်ဒီမိုကရေစီနှင့် တော်လှန်ရေးကောင်စီ စစ်အုပ်ချုပ်ရေး အုပ်ချုပ်ခဲ့ကြသည့် နိုင်ငံရေးစနစ်ကာလများတွင်မူ မြန်မာနိုင်ငံ ကိုယ်စားပြု အမှတ်အသား၊ အမှတ်သင်္ကေတအားဖြင့် အလံတော်တွင် မြန်မာနိုင်ငံ ကိုယ်စားပြုမှုအနေဖြင့် ယခင်အချိန်ကာလများက အသုံးပြု ခဲ့ကြသည့် မြန်မာတို့၏ အလေးအနက်ထား တန်ဖိုးထားရှိခဲ့သည့်

“နေ”၏ အမှတ်သင်္ကေတ “ဒေါင်း” ကို ထည့်သွင်း အသုံးပြုခြင်း မရှိတော့ဘဲ “ကြယ်များ” အား ပြောင်းလဲ အသုံးပြုလာခဲ့သည်ကို လေ့လာ တွေ့ရှိခဲ့ရပါသည်။

မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ တစ်ပါတီအာဏာရှင်စစ်အုပ်ချုပ်ရေး အုပ်ချုပ်ခဲ့ကြသည့် နိုင်ငံရေးစနစ်ကာလနှင့် စစ်အုပ်ချုပ်ရေး သက်သက်ဖြင့် အုပ်ချုပ်ခဲ့ကြသည့် နိုင်ငံရေးစနစ် ကာလများတွင်မူ “ကြယ်များ” ကို အသုံးပြုခဲ့ကြခြင်းကို လေ့လာတွေ့ရှိရပါသည်။ စစ်မှန်၍ စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီစနစ်နှင့် ယနေ့အချိန် အာဏာသုံးရပ်ကို ဆုပ်ကိုင်ကျင့်သုံးသည့် စစ်အုပ်ချုပ်ရေးဖြင့် အုပ်ချုပ်ခဲ့ကြသည့် နိုင်ငံရေးစနစ်ကာလများတွင်မူ “ကြယ်” တစ်လုံးတည်းကိုသာ အသုံးပြုထားရှိသည်ကို လေ့လာတွေ့ရှိရပါသည်။

တတိယအနေဖြင့် လွတ်လပ်ရေးရရှိပြီးချိန်နောက်ပိုင်း မြန်မာနိုင်ငံကိုယ်စားပြု အလံတော်များတွင် အသုံးပြုခဲ့ကြသည့်၊ အသုံးပြုလျက်ရှိသည့် အမှတ်အသား အမှတ်သင်္ကေတများနှင့် ပတ်သက်ပြီး လေ့လာတွေ့ရှိချက်များကို စာရေးသူ၏ အမြင်သက်သက်ဖြင့် ရှင်းလင်းတင်ပြပါမည်။ စာဖတ်သူတို့ တွေ့မြင်ကြရသည့်အတိုင်း လွတ်လပ်ရေးရရှိပြီးချိန် တိုင်းပြည် နိုင်ငံကိုယ်စားပြု အလံတော်များတွင် “ကြယ်များ”ကို အသုံးပြုခဲ့ကြသည်မှာ ယနေ့ထက်တိုင်ဖြစ်ပါသည်။

အထက်တွင်ဖော်ပြခဲ့သည့် အကြောင်းအရာသတင်းအချက်အလက်များအရ ကြယ်အကြီးတစ်လုံးနှင့် အခြားသောကြယ်ကလေးများ သို့မဟုတ် ကြယ်တစ်လုံးတည်း သက်သက်ကို အသုံးပြုကြသည့် နိုင်ငံများမှာ ကွန်မြူနစ်နိုင်ငံများ၊ အာဏာရှင်နိုင်ငံများ၊ တင်းကျပ်သည့် ဗဟိုဦးစီးနိုင်ငံရေး စနစ်ကို ကျင့်သုံး အကောင်အထည်ဖော်လျက်ရှိသည့် တိုင်းပြည်နိုင်ငံများ ဖြစ်ကြသည်ကို ရှင်းလင်းတင်ပြခဲ့ပြီး ဖြစ်ပါသည်။ ယနေ့အချိန် မြန်မာနိုင်ငံကိုယ်စားပြုနိုင်ငံတော်အလံတွင် တွေ့မြင်နေရလျက်ရှိသည့် တစ်လုံးတည်းသော ကြယ်ကြီး၏ အဓိပ္ပာယ်မှာ မြန်မာနိုင်ငံတွင် အာဏာရှင်စစ်အုပ်ချုပ်ရေးကို ဆက်လက်ကျင့်သုံးအကောင်အထည် ဖော်ဆောင်ရွက်မည်ဆိုသည့် အမှတ်သင်္ကေတဖြစ်ကြောင်း ညွှန်ပြနေသကဲ့သို့ ရှိနေပါသည်။

နောက်ဆုံး စာရေးသူအနေဖြင့်အဆိုပြုတင်ပြလိုသည်မှာ မြန်မာနိုင်ငံတွင် တိုင်းပြည်နိုင်ငံတော်ကိုယ်စားပြု နိုင်ငံတော်အလံများအပေါ်တွင် အသုံးပြုခဲ့ကြသည့် အမှတ်အသား အမှတ်သင်္ကေတများသည် မြန်မာနိုင်ငံတွင် အတည်ပြုပြဋ္ဌာန်းခဲ့ကြသည့် ဖွဲ့စည်းပုံအခြေခံ ဥပဒေများအပေါ်တွင် မူတည်ပြီး ပြောင်းလဲခဲ့ကြသဖြင့် အမျိုးမျိုး မကြာခဏ ပြောင်းလဲစေခဲ့ကြရပြီး တိုင်းပြည်နိုင်ငံသည် မတည်မငြိမ် ဖြစ်နေခြင်း၊ ပရမ်းပတာ ဖြစ်နေခြင်း၊ ကမောက်ကမဖြစ်နေခြင်း၊ ဗရုတ်ဗရက် ဖြစ်နေခြင်း၊ ဗရုတ်သုတ်ခ ဖြစ်နေခြင်း၊ ဝရုန်းသုန်းကားဖြစ်နေခြင်း စသည်တို့ အခြေအနေများ တည်ရှိဖြစ်ပေါ်လျက်ရှိသည့် အသွင်ကို ဆောင်လျက်ရှိနေပါသည်။

ထို့ကြောင့် မြန်မာနိုင်ငံတွင် မပြောင်းမလဲ အစဉ်အမြဲ ထာဝရ တည်ရှိနေသည့် လွတ်လပ်ရေးကြေညာစာတမ်းကဲ့သို့ပင် နိုင်ငံတော်သီချင်း၊ နိုင်ငံတော်အလံနှင့် နိုင်ငံတော်အမှတ်တံဆိပ်တို့ကို ကမ္ဘာပေါ်တွင် မြန်မာနိုင်ငံတည်ရှိနေသရွေ့ ကာလပတ်လုံး မပြောင်းလဲဘဲ ထာဝရတည်ရှိနေစေရေးအတွက် နိုင်ငံတော်သီချင်းမှာ မပြောင်းမလဲတည်ရှိပြီး ဖြစ်သော်လည်း နိုင်ငံတော်အလံနှင့် နိုင်ငံတော်အမှတ်တံဆိပ်တို့အား နိုင်ငံသားအားလုံးတို့၏ ဆန္ဒသဘောထားများအရ ကိုက်ညီစေမည့် “အဓိပ္ပာယ်ရှိသော၊ အဓိပ္ပာယ်ပြည့်ဝသော အမှတ်သညာဖြင့် သရုပ်ဖော်မှုကို” အခြေခံကာ အတည်ပြု ပြဋ္ဌာန်းရန် အဆိုပြုတင်ပြပါသည်။

ဤတွင် နိုင်ငံသားအားလုံးတို့ ထံမှ ဆန္ဒသဘောထားများကို တောင်းခံရာတွင် “အမှိုက်ထည့်လျှင် အမှိုက်ထွက်မည်” ဆိုသော သဘောတရားကို လက်ကိုင်ပြုကာ နိုင်ငံသားအားလုံးတို့အား လိုအပ် မည့် သတင်းအချက်အလက်အားလုံးကို သဘောပေါက်နားလည်နိုင်စေရန် ကြိုးပမ်းအားထုတ်ရမည်ဖြစ်ပြီး တာဝန်ရှိသူများ သို့မဟုတ် နိုင်ငံသားများကို ကိုယ်စားပြုသူများက အဆိုပြုတင်ပြလာသည့် နိုင်ငံသားများအား အမှတ်အသား အမှတ်သင်္ကေတအတွက် ထိုက်တန်သည့် ငွေကြေး သို့မဟုတ် ငွေကြေးနှင့် အသိအမှတ်ပြုမှု သို့မဟုတ် အခြားသော အကျိုးဖြစ်ထွန်းစေခြင်းများကို မပျက်မကွက်ပေးအပ် ချီးမြှင့်ရမည် ဖြစ်ပါသည်။

ရွေးချယ်ခြင်းခံရသည့် အမှတ်အသား အမှတ်သင်္ကေတဖြစ်ပါမူ နိုင်ငံသားတို့ မျှော်လင့်ထားခြင်း မရှိသည့် များပြားသော ငွေကြေးပမာဏအား ပေးအပ်ချီးမြှင့်ရမည် ဖြစ်ပါသည်။

နိဂုံးချုပ်အနေဖြင့် တင်ပြလိုသည်မှာ လွတ်လပ်ရေးရရှိပြီး နောက်ပိုင်း မြန်မာနိုင်ငံအနေဖြင့် တိုင်းပြည်ကို တည်ဆောက်ခြင်း၊ နိုင်ငံတော်ကို တည်ဆောက်ခြင်း စသည့်လုပ်ငန်းရပ်များကို တည်ငြိမ်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ကြစေရေး အလို့ငှာ မြန်မာနိုင်ငံကိုယ်စားပြု အလံတော်အပေါ်တွင် ရိုက်နှိပ်ထားရှိသည့် အမှတ်အသား၊ အမှတ်သင်္ကေတအမျိုးမျိုးတို့ကို မကြာခဏပြောင်းလဲပြီး အသုံးပြုနေခြင်းသည် မြန်မာနိုင်ငံတွင် နိုင်ငံရေးစနစ် တည်ငြိမ်မှု မရှိသည်ကို ရည်ညွှန်းဖော်ပြလျက်ရှိပြီး မြန်မာနိုင်ငံ၏ ဂုဏ်သိက္ခာ ထိခိုက်လျက်ရှိသည်ကို ထင်ဟပ် ပေါ်လွင်လျက်ရှိနေခြင်းအား နိုင်ငံတော်၏ အချုပ်အခြာအာဏာကို ရယူထားကြသူများ အပါအဝင် နိုင်ငံသားအားလုံးတို့က သိမြင်နားလည် သဘောပေါက်စေပြီး နောင်အနာဂတ်အတွက် ပြင်ဆင်ဆောင်ရွက်နိုင်ကြစေရေးကို ယခုအချိန်ကာလမှ စတင်ကာ အစွမ်းကုန် ကြိုးစား အကောင်အထည်ဖော်ဆောင်ရွက်နိုင်ကြပါစေကြောင်း ရေးသားတင်ပြအပ်ပါသည်။  

Reference:

1. https://flagmakers.co.uk/buy-flags/burma/

Most Read

Most Recent